SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါရိုက်ခတ်မှုနှင့် ပုဂံဒေသရှိ ယွန်းထည်ဈေးကွက်အလားအလာ

Monday, 25 May 2020 08:11 Written by  font size decrease font size decrease font size increase font size increase font size

COVID-19 ရောဂါရိုက်ခတ်မှုနှင့် ပုဂံဒေသရှိ ယွန်းထည်ဈေးကွက်အလားအလာ 

မြန်မာဟုဆိုလျှင် နိုင်ငံခြားခရီးသွား ဧည့်သည်များ အမှတ်တရရှိသည်မှာ မြန်မာ့အမွေအနှစ်များ စုစည်းရာ မြန်မာတို့၏အသည်းနှလုံး ရှေးဟောင်းမြို့တော် ပုဂံဒေသဖြစ်ပြီး     ပုဂံနှင့်ခွဲခြား၍မရသည်က ယွန်းထည်ပစ္စည်းများဖြစ်သည်။ ပုဂံဒေသသည် ပြည်တွင်းပြည်ပခရီး သွားဧည့်သည်များဖြင့်  အမြဲစည်ကားနေ ပြီး ယွန်းထည်လက်မှုပစ္စည်းဈေးကွက်တွင် လည်း ပြည်တွင်းပြည်ပခရီးသွားဧည့်သည် များကို အဓိကအားထားနေရသည်။ လက်ရှိတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က  ကမ္ဘာ့ကပ်ရောဂါ အဖြစ် သတ်မှတ်ထားသည့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ ဖြစ်သောကြောင့် ကမ္ဘာ့နိုင်ငံအသီးသီး၌ အခက်အခဲ များဖြင့် တွေ့ကြုံနေရသည်။ COVID-19 ရောဂါ ကာကွယ်ထိန်း ချူပ်ရန်  မြန်မာနိုင်ငံ၌လည်း တချိူ့နေရာ များတွင် တစ်နေရာမှတစ်နေရာ သွားလာခွင့်ပိတ်ထားသဖြင့် ပုဂံဒေသသည်လည်ယခင်နှစ်များနှင့်မတူ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် တစ်ဦး တစ်ယောက်မျှမရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။ ထို့အတူ ခရီးသွားကဏ္ဍကို အဓိကအားထား နေရသည့် ယွန်းထည်လုပ်ငန်းများမှာလည်း ပြည်တွင်းပြည်ပခရီးသွားဧည့်သည် လာရောက်မှု မရှိသည့်အပြင် အလုပ်ရုံများပိတ်ထားရသဖြင့် ယွန်းထည်ပစ္စည်းများ  ရောင်းအားကျဆင်းလျက်ရှိသည်။

''ဈေးကွက်က လုံးဝကျဆင်းသွားပြီ။ နောက်ထပ် ကုန်ပစ္စည်းထုတ်ဖို့တောင် အခက်အခဲရှိတယ်။ ရှိတဲ့ ပစ္စည်းတွေကိုပဲ ထိန်းထိန်းသိမ်းသိမ်းပြုလုပ်ရမယ့် အနေအထားဖြစ်နေတယ်'' ဟု ရွှေလိပ်မင်း   မြန်မာ့ ရိုးရာယွန်းထည်လုပ်ငန်းမှ လုပ်ငန်းဦးဆောင်သူ ဦးတင်ဇော်ခိုင်က ပြောသည်။ ယွန်းထည်ကို နိုင်ငံခြား ခရီးသွားဧည့်သည်များ အဝယ်များသကဲ့သို့ ပြည်တွင်း ခရီးသွားများလည်း ဝယ်ယူကြောင်း၊ နိုင်ငံခြား ခရီးသွား ဧည့်သည်များသည် တစ်ပိုင်တစ်နိုင်သယ်ယူနိုင်သည့် ယွန်းထည်ပစ္စည်းများကို လက်ဆောင် အဖြစ် ဝယ်ယူကြောင်း သိရသည်။ ''ဈေးကွက်မျှော်လင့်ချက်က မရှိသလောက်ဖြစ်နေတယ်။ ယွန်းထည် လုပ်ငန်းက ခရီးသွားလုပ်ငန်းကို တည်မှီနေတော့ ခရီးသွားဧည့်သည်မရှိရင် ဒီလုပ်ငန်းတွေ ရပ်တည်ဖို့  ခက်ခဲနိုင်တယ်''ဟု ဦးတင် ဇော်ခိုင်ကပြောသည်။

လက်ရှိတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချူပ်ရေးကာလ ဖြစ်သောကြောင့် နိုင်ငံခြားခရီးသွား ဧည့်သည်များ၏ ဝယ်ယူမှုမရှိ၍ ပြည်တွင်း၌ အသုံးပြုမည့် သူများအတွက် ယွန်းထည်ပစ္စည်း ထုတ်လုပ်ရောင်းချနိုင်လျှင် မြန်မာ့ယွန်း ထည်ဈေးကွက် ဆက်လက်ရပ်တည်နိုင် မည်ဖြစ်သည်။ ''ယွန်းထည်အလုပ်ရုံတွေ အားလုံးပိတ် ထားရတယ်။ မြင်းကပါမှာ ၈၅ ရာခိုင်နှုန်း လောက် ယွန်းထည် လုပ်ငန်းလုပ်ကြတယ်။ အခု အလုပ်ရုံတွေအားလုံးပိတ်ထားတော့ အလုပ်သမားတွေအနေနဲ့ စားဝတ် နေရေး အခက်အခဲကြောင့် ရတဲ့အလုပ်ကိုဝင်လုပ်နေရတယ်'' ဟု မြင်းကပါမှ မိရိုးဖလာယွန်းထည် လုပ်ငန်းလုပ်ကိုင်သူ ဦးဇော်ဇော်ထွန်း ကပြောသည်။

ပုဂံဒေသ၌နေထိုင်သူ ၇၀ ရာခိုင်နှုန်းခန့် သည် ယွန်းထည်လုပ်ငန်းလုပ်ကိုင်သူများ ဖြစ်ကာ ကျန်  ၃၀  ရာခိုင်နှုန်းခန့်သည် တခြားနေရာများ၌ အလုပ်လုပ်သူများနှင့် တောင်ယာလုပ်ငန်း  လုပ်ကိုင်သူများဖြစ် ကြောင်း သိရသည်။''နိုင်ငံခြားခရီးသွားဧည့်သည်ဝင်ရောက်မှ ပုဂံဒေသက လုပ်ငန်းလည်ပတ်ဖို့ ပိုပြီး အဆင်ပြေမယ်။ ပုံမှန်ဆိုရင် ဆောင်းရာသီမှာ နိုင်ငံခြားခရီးသွားဧည့်သည်လာရောက်မှုများတယ်။ နွေရာသီမှာ ပြည်တွင်းခရီးသွားတွေများတယ်။ အခု ပြည်တွင်းခရီးသွားလည်းမလာဘူး၊ နိုင်ငံခြား ခရီးသွား ဧည့်သည်လည်း မလာဘူးဆိုတော့ လုပ်ငန်းရပ်ထားရသလိုဖြစ်နေတယ်။ ကျွန်တော်တို့က ယွန်းထည်အမျိူးအစား ၂၀ ကျော်လောက်လုပ်တယ်။ ပြည်ပနဲ့တော့ အဆက်အသွယ်မရှိဘူး။ နေပြည်တော်၊ ရန်ကုန်နဲ့ ပြင်ဦးလွင်က ယွန်းထည်ပစ္စည်းအရောင်းဆိုင်တွေကို ပို့တယ်'' ဟု ဦးဇော်ဇော်ထွန်းက ပြောသည်။ မိသားစုမိရိုးဖလာ လုပ်ကိုင်သည့် ယွန်းထည်လုပ်ငန်းတွင် အလုပ်သမား ရှစ်ဦးခန့်သာရှိကာ ပြည်ပနိုင်ငံများနှင့်ချိတ်ဆက်ပြီး ပြည်တွင်းပြည်ပသို့ ထုတ်လုပ်ရောင်းချနေသည့် ယွန်းထည်လုပ်ငန်းကြီးများတွင် ယွန်းပညာရှင် ၅၀ ခန့်ရှိသည်။ လက်ရှိတွင်   ယွန်းထည်လုပ်ငန်း အများစု ပိတ်ထားသော်လည်း ပုံမှန်အတိုင်း အနည်းငယ်ပြုလုပ်ထားပြီး ခရီးသွားဧည့်သည် ဝင်ရောက် သည့်အချိန်တွင်  ရောင်းချရန်စီစဉ်ထားကြောင်း သိရသည်။

ယွန်းထည်ပစ္စည်းတစ်ခုသည် အနည်းဆုံး ငွေကျပ် ၂၅၀၀ မှ အများဆုံး ငွေကျပ်တစ်သိန်းကျော် အထိရှိပြီး  ပစ္စည်းအမျိူးအစားများအနေဖြင့် ဆွမ်းအုပ်၊ ပန်းကန်လုံးအရွယ်အစားအမျိူးမျိူး၊ ရေနွေးကရား၊ ဗန်းအမျိူးမျိူး၊ ယွန်းသေတ္တာ၊ ယွန်းဘူးအမျိူးမျိူး၊ ယွန်းလက်ကောက်၊ ယွန်းဆွဲကြိုး စသည်ဖြင့် ပစ္စည်းအမျိူးမျိူးထုတ်လုပ်ကြောင်း သိရသည်။ ယွန်းထည်ပစ္စည်းတစ်ခုရရန် လက်မှု ပညာရှင်ပေါင်းများစွာက လပေါင်းများစွာကြိုးစားအားထုတ်ရသည်။ ယွန်းထည် ပစ္စည်းတစ်ခုကို စတင်ပြုလုပ်မည် ဆိုပါက ဦးစွာ ဝါးကို နှီးသပ်ပြီးခွေရသည်။ နှီးအပြင် သစ်သား၊ မြင်းမြီးတို့ကိုလည်း အောက်ခံအဖြစ်သုံးနိုင်သည်။ သစ်စေးကို ယွန်းထည်တွင် အထပ်ထပ်သုတ်လိမ်းပေးရပြီး သစ်စေး သုတ်ထားသည့် ယွန်းထည်များကို မြေအောက်ခန်းထဲ၌ တစ်ပတ်ကြာ အခြောက်ခံရသည်။ မျက်နှာပြင် တစ်ဖက်ကို တစ်ကြိမ် သုတ်လိမ်းပြီး တစ်ပတ်ခန့်ထားရသည်။ မျက်နှာပြင် နှစ်ဖက်စလုံးကို   တစ်ကြိမ်စီသုတ်လိုက်၊ အခြောက်ခံလိုက်ဖြင့် ၁၂ ထပ်တိတိပြုလုပ်ရပြီး တစ်ကြိမ်အခြောက်ခံပြီးတိုင်း မျက်နှာပြင်ချောအောင် ကော်ဖတ်စားပေးရကြောင်း သိရသည်။ 

ယင်းအဆင့်များ ပြုလုပ်ရသည်က ခြောက်လမှ  ရှစ်လအထိ  ကြာနိုင်သည်။ နောက်ဆုံး သစ်စေး သုတ်ရာတွင် အမှုန်အမွှားများမပါအောင် လေလုံခန်းထဲ၌ သုတ်လိမ်းရပြီး အရည်အသွေးကောင်း၊ မကောင်း သေချာစစ်ဆေးရမည်ဖြစ်ကာ အဆင့်ဆင့် သစ်စေးသုတ်လိုက်၊ အခြောက်ခံလိုက်၊ ကော်ဖတ်စားလိုက် လုပ်ထားသည့် ယွန်းထည်များကို နောက်ဆုံးအနေဖြင့် မီးသွေး၊ အင်ကြင်းကျောက် စသည်တို့ ပါသည့် သဘာဝဆေးရည်များဖြင့်  ပွတ်တိုက်ပေးရပြီး  မျက်နှာပြင်အပြောင်ဖြစ် အောင် အမျိူးမျိူးပြုပြင်နိုင်သည်။

ယွန်းထည်ပေါ်တွင် အလှဆင်ရန် ကညစ်ဖြင့်ရေးခြစ်ရသည်။ အဓိကပုံကို ရေးခြစ်ပြီးပါက ပုံဘေးတွင်ရှိသည့် ကွက်လပ်များ၌  အဖြည့်ခံပုံ  ကနုတ်လေးများကို ဆွဲရသည်။ ကညစ်ခြစ်ရာအမြှောင်း များကြားတွင် ဆေးရောင်ထည့်ရသည်။ ပထမဆုံးဆေးအနီရောင်ထည့်ပြီး အပေါ်မှ ဆေးအလွှာ တစ်ထပ်အုပ်ကာ  အဝါရောင် အတွက် လိုင်းလေးများရေးခြစ်ရသည်။ ပြီးမှ ဆေးအဝါထည့်ပြီး အပေါ်မှ ယွန်းဆေးတစ်ထပ် ထပ်မံအုပ်ရသည်။ နောက်ဆုံး အရောင်အနေဖြင့် အစိမ်းရောင်အတွက် ဆေးထည့် ခြင်းတို့ကိုပြုလုပ်ပြီးပါက အပြီး သတ်ယွန်းထည်ကိုရရှိမည်ဖြစ်သည်။

မြင်းကပါအရပ်တွင် အိမ်ခြေ ၂၈၀၀ ခန့် ရှိပြီး တစ်ရွာလုံးနီးပါး ယွန်းထည်လုပ်ငန်းဖြင့် အသက်မွေး ကြခြင်းဖြစ်ရာ ယခုကဲ့သို့ COVID-19 ရောဂါကာကွယ်ထိန်းခုျပ်ရေးကာလတွင်  ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်ဝင်ရောက်မှုမရှိသောကြောင့် ရောင်းအားကျဆင်းကာ အခက်ကြုံလျက် ရှိသည်။ မြန်မာနိုင်ငံ၌ ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းကြောင့်  ခရီးသွားကဏ္ဍကျဆင်းခဲ့ သော်လည်း ပုဂံဒေသသို့နိုင်ငံခြားခရီးသွားဧည့်သည်များ လာရောက် လည်ပတ်သည့်အတွက် ယွန်းထည် အရောင်းအဝယ်မှာ ယခုကဲ့သို့ လုံးဝကျဆင်းသွားခြင်းမရှိသည့်အပြင် ပြည်ပနှင့်ချိတ်ဆက်၍   တင်ပို့ ရောင်းချနေသည့် ယွန်းထည်လုပ်ငန်းကြီးတချိူ့မှာလည်း ပြည်ပဝယ်လက်များ၏  မှာယူမှုများ ရှိနေသည့်အတွက် ယခုကဲ့သို့ အခက်အခဲမရှိခဲ့ပေ။ယခုအခါ  ခရီးသွားများဖြင့် အမြဲစည် ကားခဲ့သည့်   ပုဂံဒေသ မြင်းကပါနယ် တစ်ကြောရှိ ယွန်းထည်လက်မှုပညာရှင် များသည် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ဖြစ်သည့် ယွန်းထည်လက်မှုပညာများ ဆက်လက်တည်တံ့စေရန်နှင့် ယွန်းထည် ပစ္စည်းများရောင်းချနိုင်ရန် ခရီးသွားလုပ်ငန်းများ ပြန်လည်ကောင်းမွန်လာမည့် အချိန်ကို စောင့်ဆိုင်း နေရကြောင်း ရေးသားတင်ပြလိုက်ရပါသည်။          

ဆုလာဘ်

Read 28 times
Rate this item
(0 votes)