SJ WorldNews - шаблон joomla Авто

ကိုယ်စိတ်နှစ်ပါးသန်မာဖို့ လေ့ကျင့်စွမ်းအားမြှင့်ကြစို့

Monday, 25 May 2020 08:26 Written by  font size decrease font size decrease font size increase font size increase font size

ကိုယ်စိတ်နှစ်ပါးသန်မာဖို့ လေ့ကျင့်စွမ်းအားမြှင့်ကြစို့

ပညာသင်ကြားခြင်း၊ အားကစားပြုလုပ်ခြင်းနှင့် နိုင်ငံ့အကျိူးပြုဆောင်ရွက်ရသည့် လုပ်ငန်းနယ်ပယ် အသီးသီးတွင် လေ့ကျင့်ခြင်းသည် အကိုျးမဲ့မှုကိုမဖြစ်စေဘဲအကျိူးဖြစ်ထွန်းမှုကိုသာဖြစ်စေသည်။ ရည်ရွယ်ချက်နှင့်ရပ်တည်ချက်ကို တစိုက်မတ်မတ်သွားရန် သာလိုသည်။ အပြောသန်သောလူ အလုပ်ကို ဖြစ်ဖြစ်မြောက်မြောက် မလုပ်ဘဲအပြောသက်သက် အလုပ်လုပ်ကြသည်ကို တွေ့ရသည်။ သူတစ်ပါးကို ဝေဖန်သည်။ နှိုက်နှိုက်ချွတ်ချွတ် အပြစ်တင်သည်။ ဝေဖန်ပိုင်းခြားခြင်းမရှိ၊ စွပ်စွဲရုံသက်သက် အပြစ်တင် ပြောဆိုမှုမျိူးသည် ရေရှည်တွင်မိမိအကျိူးကို များစွာထိခိုက်နိုင်သည်။ ရလဒ်အဖြေထွက်အောင် လေ့ကျင့်သော အလုပ်ကို ချီးကျုးဂုဏ်ပြုရမည်သာဖြစ်ပါသည်။ သူတစ်ပါး၏ အောင်မြင်မှုကို မျှဝေခံယူနိုင်သည့် စိတ်ဓာတ်ကိုပိုင်ဆိုင်ပြီး ကိုယ်တိုင်ကြိုးစားနိုင်သူလည်းဖြစ်ရပါမည်။ အမြင်မှား၊ အမှားမြင်ခြင်းသည် မိမိ၊ သူတစ်ပါး နှစ်ဦးသားလုံးကို အကျိူးမဲ့ ဖြစ်စေသည်။ မိမိအလုပ်ကို ဂုဏ်ရှိရှိ လုပ်ဆောင်နိုင်ရန်လိုအပ်သည်။ မိမိလုပ်ဆောင်မှုသည် မိမိသမိုင်းဖြစ်သည်။ အနှစ်မဲ့သည့် အလုပ်များကို လုပ်ဆောင်ခြင်း၊ ပြောဆိုခြင်းသည်ကိုယ်စိတ်နှစ်ပါး အေးချမ်းခြင်းထက်ပူလောင်မှုကိုသာဖြစ်စေသည်။ အလုပ်ကြိုးစားသူ၊ ဝါသနာပါသောအလုပ်ကို တစိုက်မတ်မတ် လေ့ကျင့်ဆောင်ရွက်သူအတွက် နေရာတစ်နေရာရှိနိုင်သည်။ မိမိ၏ ဦးနှောက်အရင်းအနှီးသည် ရေရှည်အကျိူးပြုမည့် အတွေးအမြင်များ ဖြစ်သင့်သည်။ အပြုသဘော ဆောင်သောအမြင်၊ အတွေးဖြင့် မတူကွဲပြားမှုများအကြား ရန်မီးပွား အပြုအမူများ ရှောင်ကြဉ်ရန်လိုအပ်သည်။ မိမိကိုယ်ကို ဆန်းစစ်ကြည့်လျှင်သိနိုင်ပြီး ဦးနှောက်ဖြင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပြုပြင်ယူရလေ့ရှိသည်။ ရုပ်ကိုလည်းပြင်၊ စိတ်လည်းပြင်ဆို စကားရှိပါသည်။ လူတိုင်းဘက်စုံပြည့်စုံသည်ဟု  မဆိုသာနိုင်ပေ။

လိုအပ်ချက်၊ ချိူ့ယွင်းချက်များ အနည်းနှင့်အများဆိုသလိုရှိနိုင်သည်။ ဘဝအတွက် ရေရှည်တည်တံ့မည့် အလေ့အကျင့် ကောင်းများ မွေးမြူရန်လိုသည်။ ကိုယ်ကျန်းမာရေး အလေ့အကျင့်ကောင်း၊ စိတ်ကျန်းမာရေး အလေ့အကျင့် ကောင်းများသည် သေသည့်တိုင်လက်တွဲခေါ်ငင် သွားရမည့်အရာများ ဖြစ်သည်။ မျှတသည့်အတွေးအမြင်ဖြင့် ကိုယ်စိတ်နှစ်ပါးညီညွတ်မျှတစေရန် အကောင်းမြင်စိတ်လည်း မွေးမြူကြရသည်။ ဘဝသည် အနေတော်မှ နေပျော်သည်ကိုတွေ့ရသည်။ အကျိူးမဲ့ လုပ်ရပ်များကို ရှောင်ကြဉ်ပြီး အများအကျိူးလိုလားစိတ်ဖြင့် ပြုမူဆောင်ရွက်ရမည်။ မင်္ဂလာရှိသောအလုပ်သည် နေ့၊ ည၊ ရက်စွဲမရွေး ထာဝစဉ်တင့်တယ်နေလေ့ရှိသည်။ အသက်ကြီးရင့်သူများ၊ ကိုယ်ခံအားနည်းသူများ ကျန်းမာရေး လိုက်စားခြင်းသည် မှန်ကန်သောအလုပ်ဖြစ်သည်။ စိတ်တို၊ ဒေါသကြီးသူများ စိတ်ရှုပ်ထွေးနေတတ်သူများ စိတ်အလုပ် သမထဘာဝနာ အားထုတ်ခြင်းသည် သင့်လျော်သော အလုပ်ဖြစ်သည်။ လူ့သဘောသဘာဝအရအမှားမကင်း၊ အမှန်အမှား အမြဲတစေထိပ်တိုက်ရင်ဆိုင်ကြ ရသည်။ မှားသူနှင့်အပြိုင်ဒေါသမပြိုင်ရန်လိုသည်။ မိမိလိုအပ်သဖြင့် ဆောင်ရွက်သော အလုပ်၊ သူတစ်ပါးနှင့်အများပြည်သူကို အနှောင့်အယှက်မပေးသော အလုပ်ဖြစ်ပါက ရဲရဲဝံ့ဝံ့လုပ်ဆောင်ရန် လိုပေသည်။ အရှက်အကြောက်သည်ထားသင့်သည့်နေရာထားရှိရပြီး မလိုအပ်သည့်နေရာ  ပေါ့ပေါ့ပါးပါး သတိရှိရှိ ဆောင်ရွက်သွားရန်ဖြစ်သည်။ ရှက်သင့်သည်ကိုမရှက်၊ မရှက်သင့်သည်ကို ရှက်ကြောက် ခြင်းသည် လမ်းလွဲနေသောအခြေအနေ တစ်ရပ်သာဖြစ်သည်။  မိမိကိုယ်ကို ပထမဆုံးငြိမ်းချမ်းအောင် တည်ဆောက်ရသည်။ မိမိအခြေအနေ ပြန်မြင်နေရသူသည် ငြိမ်းချမ်းသော စိတ်ကိုပိုင်ဆိုင်ရရှိသူ ဖြစ်သည်။ သတိသည်နေရာတိုင်းတွင် လိုအပ်နေသည်။ သတိသည် အလေ့အကျင့်ကောင်းများကို အမြဲနှိုးဆော်နေလေ့ရှိသည်။ မည်သည့်နယ်ပယ်မဆို အလေ့အကျင့်ကောင်းလို အပ်စမြဲဖြစ်သည်။ အလေ့အကျင့်များများ ပြုလုပ်ခြင်းဖြင့်သာ မျှော်မှန်းသည့်ပညာ၊ အရည်အသွေးများပိုင်ဆိုင်ရရှိနိုင် ပေသည်။ လေ့ကျင့်မှု၏သရုပ်မှန်ကို နားလည်ရန်လိုအပ်သည်။ ကိုယ်ကာယအလှလေ့ကျင့်သူများသည် လှပသည့်ကိုယ်ခန္ဓာအခိုျးအစားရရှိရေး အပိုင်းလိုက်၊ ဆရာ၏ သင်ကြားပြသပုံအတိုင်း  ဇွဲနပဲကြီးစွာ ဖြင့်လေ့ကျင့်ကြရသည်။ တကယ်လုပ်ပါက အဟုတ်ဖြစ်လေ့ရှိသည်။  ခိုင်မာသောယုံကြည်ချက်ရှိ ရန်လည်း လိုအပ်သည်။ မိမိ၏ဦးတည်ချက်မပြောင်းလဲခြင်း၊ စိတ်ဆောင် အကောင်အထည် ဖော်ဆောင် ရွက်ခြင်းကြောင့် ပြုလုပ်သောအလုပ်များ အောင်မြင်နိုင်ပေသည်။ လုပ်ငန်းရည်ရွယ်ချက်ပြီးမြောက်ရေး အားထုတ်မှုတိုင်းတွင်အကျိူး သက်ရောက်မှု တစ်စုံတစ်ရာဖြစ်ထွန်းသည်ကို တွေ့ရသည်။ ကားမောင်း တတ်လိုသူသည်ကားမောင်းလေ့ကျင့်ရသည်။ ရေကူးကျွမ်းကျင်လိုသူသည် ရေနှင့်ထိတွေ့ကူးခပ်ရသည်။ လေ့ကျင့်ခန်းဟူသမျှရည်ရွယ်ချက်၊ အားထုတ်မှုအသီးသီးရှိပေသည်။

ပစ်မှတ်မလွဲသေနတ်ပစ် ကျွမ်းကျင်လိုသူတိုင်း သေနတ်ပစ်လေ့ကျင့်ကြရသည်။ ပစ်မှတ်မလွဲသည့် လက်ဖြောင့် သမားတစ်ယောက်ဖြစ်လာရေး ကိုယ်ဟန်အနေအထား၊ စိတ်တည်ငြိမ်မှု၊ လေ့ကျင့်ပါးဝ နေသည့် ကျွမ်းကျင်မှုအရည်အချင်းများဖြင့်လည်း ပြည့်စုံကြရသည်။ စွမ်းရည်တစ်ရပ်သည်လွယ်လင့် တကူ မရရှိနိုင်ပေ။ ချွေး၊ သွေးပေးဆပ်တည်ဆောက်ရလေ့ရှိသည်။ စိတ်အင်အားနှင့် အလေ့အကျင့်မှ ရရှိသည့်ရလဒ်မှာ လွန်စွာဆန်းကြယ်လှသည်။ မဖြစ်သေးသည့်အရာ၊ အခြေအနေများ အောင်မြင်မှု ရရှိလာသည်ကိုတွေ့ရသည်။ သန်မာကြံ့ခိုင်သည့် မြန်မာ့လက်ဝှေ့သမားများသည် ခိုင်မာသောသက်လုံ အတွက်အပြေးလေ့ကျင့်ပြီး လက်ဝှေ့ထိုးသတ်နည်းများ ပူးတွဲလေ့ကျင့်ရပေသည်။ ခြေ၊ လက်၊ ဒူး၊ တံတောင်ကိုအမာဆုံးဖြစ်အောင်လေ့ကျင့်သည်။ ပွဲမဝင်ခင်အပြင်က ကြိုတင်လေ့ကျင့်မှုဖြင့် အလံချိူးအောင်လံလွှင့်နိုင်ရန် ကြိုးစားခြင်းသာဖြစ်သည်။ လက်ဝှေ့ကျော်တစ်ယောက်၏ လက်သီး ထိုးချက်များသည်သာမန်လူထက်ပြင်းထန်သည်။ ထို့အတူခြေကန်ချက်၊ ခေါင်းတိုက်ချက်များမှာလည်း အားမာန်ပါပြင်းထန်လွန်းသဖြင့် လေ့ကျင့်မှုသည်နယ်ပယ်စုံ၊ ကဏ္ဍစုံအတွက် အကျိူးပြုသော သက်လုံကောင်းတစ်ခုဖြစ်သည်။ ဦးနှောက်အသုံးချသည့် လုပ်ငန်းများပင် အလေ့အကျင့်ကောင်းကို ထူထောင်ရသည်။ စာရေးသည့်အလုပ်ပင်လျှင်ကြိမ်ဖန်များစွာ ရေးကျင့်ပြုလုပ်ခဲ့ရသည်။ အကြိမ်ကြိမ် လေ့ကျင့်ထားသော အတွေးအခေါ်များမှ ရေးသားလိုသည့်အကြောင်းအရာကိုဆွဲထုတ်ခြင်း၊ လောကကို အကျိူးပြုမည့် စာလွှာရေးသားခြင်းများ ပြုလုပ်ကြရသည်။ စာတစ်ပုဒ်ချောလာသည်အထိ စိတ်ကြိုက် ခံစားရေးဖွဲ့ပြီး အကြိမ်ကြိမ်ပြင်ဆင်ရပြန်သည်။ စာရေးသည့် အလေ့အကျင့်ကောင်းကို စဉ်ဆက်မပြတ် ဖြစ်ထွန်းစေရန် ပြုစုပျိူးထောင်ရလေ့ရှိသည်။ အလေ့အကျင့်မှ ကင်းကွာမသွားစေရန် သတိပြုကြိုးစား ရသည်။

သတိပြုမိသည်နှင့်အလေ့အကျင့်ကိုဖြစ်စေသဖြင့် သတိတစ်လုံးထာဝရလက်ကိုင်သုံးရန်လိုပေသည်။ နှုတ်မှုရေးရာ စကားပြောခြင်း အတတ်ပင်လျှင် ပင်ကိုနှုတ်နည်းသူများအဖို့ စကားပြောအတတ် ပညာကျမ်းအသွယ်သွယ် ဖတ်မှတ်ပြီး အချိန်ယူအဆင့်ဆင့် လေ့ကျင့်ပြောဆိုနိုင်သည်။ သတိသည် စိတ်အစဉ်ကို တစ်ဆင့်ချင်းဆွဲခေါ်လေ့ရှိပြီး ခိုင်မာသောစိတ်ဓာတ်ကို ဖြစ်ပေါ်စေသည်။ အပြစ်မြင်သည့် စိတ်ကိုလျှော့ချသင့်သည်။ မိမိ၏ စိတ်အထင်နှင့်သူတစ်ပါး၏ လုပ်ဆောင်ချက်များကို တထစ်ချမှန်းဆ မရနိုင်ပေ။ စိတ်အထင်သည် မှန်ချင်မှ မှန်နိုင်ပေသည်။ အမြင်မကြည်လင်သဖြင့် မကြည်လင်သော အမြင်သာမိမိတွင်စွဲထင်နိုင်ကြောင်း သတိပြုသင့်သည်။ စိတ်အထားအသိုအလေ့အကျင့်ကောင်းများ မွေးမြူရန်လိုအပ်လာသည်။ မိမိဖြစ်လိုသောဆန္ဒနှင့်ဘဝ တစ်ထပ်တည်းကျစေရန် မိမိကိုယ်တိုင်ပင် လေ့ကျင့် တည်ဆောက်ရလေ့ရှိသည်။ ရပ်နေရုံမျှ ခရီးမရောက်နိုင်ပေ။ စိတ်ညစ်နေရုံမျှ အသက်ရှင်သန် ခြင်း တန်ဖိုးပြည့်ပြည့်၀၀မသိရှိနိုင်ပေ။    ငြိမ်းအေးသောစိတ်၊ ကျန်းမာသောကိုယ်ခန္ဓာဖြစ်ပေါ်ရေး လက်ကျန်ကာလတစ်လျှောက်နည်းလမ်း အသွယ်သွယ်ဖြင့် စနစ်တကျပြုပြင်လေ့ကျင့်သွားသင့် ပါကြောင်း ''ကိုယ်စိတ်နှစ်ပါးသန်မာဖို့ လေ့ကျင့်စွမ်းအားမြှင့်ကြစို့'' အတွေးအမြင်ဖြင့် ရေးသားလိုက်ရ ပါသည်။  

ထက်ဝေအောင်(စစ်ကိုင်း)

Read 28 times
Rate this item
(0 votes)