SJ WorldNews - шаблон joomla Авто

COVID-19 နှင့် အနာဂတ်ကမ္ဘာ

Wednesday, 03 June 2020 11:07 Written by  font size decrease font size decrease font size increase font size increase font size

COVID-19 ရောဂါဟာ ကမ္ဘာတစ်ဝန်းမှာ  အရှိန်မပြတ် ဆက်လက်ဖြစ်ပွားလျက်ပဲ ရှိနေပါသေးတယ်။ ထိရောက်တဲ့ ကုသဆေးနဲ့ ကာကွယ်ဆေးတွေပေါ်လာမှသာ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် လူဦးရေရဲ့ ၆ဝ-၇ဝ ရာခိုင်နှုန်းကူးစက်ပြီး Herd Immunity (လူဦးရေအများစုအတွက် ကိုယ်ခံစွမ်းအား) တက်လာမှသာ ကူးစက်မှု ရပ်တန့်သွားမှာ ဖြစ်ပါတယ်။

ယခုကမ္ဘာမှာ COVID-19 ကုသမှုမှာ အသုံးပြုနေကြတဲ့ ဆေးဝါးများဟာ ယခင်အခြားရောဂါများကို ကုသဖို့ထုတ်ထားတဲ့ ဆေးများသာဖြစ်ပြီး ယခု COVID-19 ကို တိကျသေချာစွာ ကုသနိုင်တဲ့ ဆေးတွေမဟုတ်ပါဘူး။     တချို့လူနာတွေမှာ မြန်မြန်ပြန်သက်သာတာ    တွေ့ရှိရလို့ စမ်းသပ်အသုံးပြုနေကြတာပဲ ဖြစ်ပါတယ်။ ကာကွယ်ဆေးအနေနဲ့လည်း စမ်းသပ်နေတုန်းပဲရှိပါတယ်။   ကာကွယ်ဆေး ထုတ်ပုံ အကြမ်းဖျင်းကတော့ COVID-19 ရောဂါပိုးရဲ့ အဓိကအစိတ်အပိုင်းဖြစ်တဲ့ မျိုးရိုးဗီဇ သို့မဟုတ် အခြားဆင်တူယိုးမှား ပိုးမွှားရဲ့ မျိုးရိုးဗီဇကို  နည်းမျိုးစုံနဲ့ ဓာတ်ခွဲခန်းမှာ ခွဲထုတ်ပြီး အန္တရာယ် မရှိအောင်ပြုလုပ်ပြီး လူထဲဆေးထိုး ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ Immune System ကနေ အဲဒီပိုးမွှားရဲ့မျိုးရိုးဗီဇကို ပြန်တိုက်ဖို့ Antibody  တွေ ထွက်လာစေတာဖြစ်ပါတယ်။ အဲဒီ Antibody  တွေဟာ သွေးထဲမှာရှိနေပြီး အဓိက ကာကွယ်ပေးရမယ့် အဆုတ်ထဲကို ရောက်၊ မရောက်နဲ့ ရောက်ပြီး တကယ်အလုပ်လုပ်၊ မလုပ်ဆိုတာလည်း မသေချာသေးပါဘူး။ ယခု Volunteer  လုပ်ပြီး စမ်းသပ်အထိုးခံထားတဲ့ သူတွေမှာ အဲဒီဆေးရဲ့ Side Effect (ဘေးထွက်ဆိုးကျိုး) ဘာတွေရှိလဲ စောင့်ကြည့်နေတဲ့ အဆင့်ပဲရှိပါသေးတယ်။ ဒါလည်း တစ်ဦး၊ နှစ်ဦးတည်းနဲ့    စမ်းလို့မရပါဘူး။ လူအများကြီးကို   တော်တော်ကြာကြာ စမ်းပြီးမှ အန္တရာယ်မရှိဘူး ပြောနိုင်မှာပါ။ လူအများအပြားမှာ သုံးမှာဖြစ်တဲ့အတွက် အင်မတန် စိတ်ချရဖို့ လိုပါတယ်။ ပြီးမှတစ်ခါ Antibody တွေ  ဘယ်လောက်ထွက်လာလဲကြည့်ပြီး ရောဂါပိုးကို တကယ်ကာကွယ်လား။ မကာကွယ်လား ရောဂါဖြစ်ပွားနေတဲ့ Community   ထဲမှာ  ထားကြည့်ပြီး ကာကွယ်ဆေး  မထိုးထားတဲ့ လူတွေနဲ့ ကွာခြားချက် တကယ်ရှိ၊ မရှိ လေ့လာစမ်းသပ်ရဦးမှာပါ။ ဒါကြောင့် စိတ်ချရပြီး အန္တရာယ်ကင်းတဲ့ အမှန်တကယ် အာနိသင်ရှိတဲ့ ကာကွယ်ဆေးရဖို့ ကြာဦးမှာလို့ ပြောကြတာ ဖြစ်ပါတယ်။

ဒါဆိုရင် ဒီရောဂါကြီး  ဘယ်တော့ပျောက်တော့မှာလဲ ဆိုတဲ့ စိုးရိမ်ပူပန်စရာတွေ ရှိလာပါပြီ။ အခုတောင် ကမ္ဘာတစ်ဝန်း အသက်အိုးအိမ်စည်းစိမ်တွေ     ထိခိုက်ပျက်စီးတာ မနည်းတော့ပါဘူး။ အသက်အန္တရာယ် ကျရောက်မှု အနေနဲ့ကြည့်ရင် ရှေးတုန်းကဖြစ်ခဲ့တဲ့ ကူးစက်ရောဂါတွေလောက် မများသေးပေမယ့် လူတွေရဲ့လူမှုစီးပွား ဘဝတွေကတော့ ကမ္ဘာမှာ မကြုံဘူးအောင် ထိခိုက်သွားခဲ့ပါပြီ။ စစ်ပွဲတွေဖြစ်ရင်တောင် ဖြစ်တဲ့နေရာမှာပဲ အသွားအလာ ထိခိုက်မယ်၊ လူမှုစီးပွားဘဝတွေ ထိခိုက်မယ်။

ယခုအခြေအနေက တစ်ကမ္ဘာလုံး နေရာလပ်မကျန် ထိခိုက်နေတာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ ဖြစ်လာတဲ့ အခြေအနေကို  အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ပဲ  ဖြစ်ပါတယ်။ ယခုကမ္ဘာမှာ ဖြေလျှော့မှုတွေ လုပ်လိုက်တာနဲ့ ကူးစက်မှုတွေ ချက်ချင်း ပြန်မြင့်တက်လာတာ တွေ့ရမှာဖြစ်ပါတယ်။ မိမိတို့အနေနဲ့လည်း ပေါ့ဆလို့ မဖြစ်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် မိမိတို့ဆီမှာ အများအပြား မဖြစ်သေးပေမယ့် ပေါ့ဆလို့ အများအပြား   ဖြစ်လာရင် လက်ရှိဆေးရုံ၊ ဆေးပစ္စည်းတွေနဲ့ ပြည့်စုံလုံလောက်အောင်    ကုသပေးနိုင်မှာ မဟုတ်ပါဘူး။

ကျွန်တော်တို့အနေနဲ့  ထိရောက်တဲ့ ကုသဆေးတွေ၊ ကာကွယ်ဆေးတွေ ပေါ်လာဖို့ မျှော်လင့်နေသလို ကျွန်တော်တို့နားမလည်တဲ့ ဒီရောဂါပိုးဟာ ရုတ်တရက်ပေါ်လာသလို Mutation (ဗီဇအသစ်များဖြစ်ခြင်း)တွေ ပြောင်းလဲပြီး လူတွေကို ဒုက္ခမပေးတော့ဘဲ ရုတ်တရက် ပျောက်သွားတာမျိုးလည်း ဖြစ်နိုင်ခြေ အလွန်နည်းပေမယ့် မျှော်လင့်နေမိပါတယ်။ ဒါတွေဟာ မျှော်လင့်ချက်တွေသာဖြစ်ပြီး   လက်တွေ့မှာတော့ဘယ်လိုရင်ဆိုင် ဖြတ်သန်းမလဲဆိုတာပဲ အဓိကထား စဉ်းစားရမှာဖြစ်ပါတယ်။

ဒီရောဂါရဲ့    အဓိကကြောက်စရာ အကောင်းဆုံးအချက်ကတော့ ရောဂါပျိုးချိန်ကြာလို့ ရောဂါလက္ခဏာမပြခင် မိမိကိုယ်တိုင် မသိလိုက်ဘဲ အချိန်အကြာကြီး ယူပြီး သူများတွေကို ကူးစက်နိုင်တာနဲ့ ရောဂါလက္ခဏာ လုံးဝမပြလို့ မသိဘဲသူများကို ကူးစက်နိုင်နေတာကြောင့်ပဲဖြစ်ပါတယ်။  အဲဒီလိုလူတွေကလည်း အများစုရှိနေတာ ဖြစ်ပါတယ်။

အချိန်ကြာလာတာနဲ့အမျှ အသွားအလာ ကန့်သတ်မှုတွေကိုလည်း ဖြေလျှော့ပေး လာရမှာဖြစ်ပါတယ်။ ကျောင်းတွေပြန်ဖွင့်ရမှာဖြစ်ပါတယ်။ စက်ရုံ၊ အလုပ်ရုံတွေ၊ ဈေးတွေ စသည်ဖြင့် မဖြစ်မနေ ဖွင့်ရမယ့်နေရာတွေ ရှိလာမှာဖြစ်ပါတယ်။ သို့မဟုတ်ပါက ကန့်သတ်ထိန်းချုပ်မှု ရက်ရှည်လာတာနဲ့အမျှ ပညာရေး၊ စီးပွားရေးတွေ ထိခိုက်မယ့်အပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုတွေ၊ စိတ်ဓာတ်ကျဆင်းမှုတွေ၊ ဒေါသကြီးလာတာတွေ၊ ရန်လိုတာတွေ၊ နောက်ဆုံးသတ်သေတဲ့အထိတွေ    ဖြစ်လာနိုင်ပါတယ်။ တစ်ဖက်ကလည်း လှုပ်ရှားသွားလာမှု နည်းတဲ့အတွက် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါတွေ ပိုဖြစ်လာပြီး ဖြစ်ပြီးသား လူတွေကလည်း ရောဂါတွေပိုဆိုးလာပြီး သေဆုံးမှုနှုန်းတွေ တက်လာနိုင်ပါတယ်။

အထူးသဖြင့် ပြင်ပဆေးခန်း  အများစု ပိတ်ထားကြတာရယ်၊ ဆေးရုံတွေကို ရောဂါကူးမှာစိုးလို့ မသွားရဲကြတာရယ်၊ လှုပ်ရှားမှုနည်းပြီး  လူမှုစီးပွားဘဝတွေ ထိခိုက်လာတာကြောင့် စိတ်ဓာတ်ကျပြီး ရောဂါတွေ ပိုဆိုးလာနိုင်တာဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီလိုဖြေလျှော့လာရတဲ့အခါမှာ မိမိအပါအဝင် လူတိုင်းမှာ ရောဂါရှိနေနိုင်တယ်လို့ သဘောထားပြီး  ကာကွယ်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ မိမိတို့က ကူးစက်တဲ့ နည်းလမ်းကို  သိရှိပြီးဖြစ်တဲ့အတွက် သတိထားရင် ကူးစက်မှုကို ကာကွယ်တားဆီးနိုင်ပါတယ်။ယခုဖြေလျှော့မှုတွေကြောင့် ရောဂါပြန်ဖြစ်လာတာတွေ ဟာ ကာကွယ်မှုတွေကို စနစ်တကျ မလုပ်ကြတော့ဘဲ Mask တွေ မတပ်တော့တာ၊ ၆ ပေအကွာမှာ မနေကြတော့တာတွေကြောင့်ဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်းက ကူးတာဖြစ်တဲ့အတွက် နှစ်ဦးစလုံး စနစ်တကျ Mask တပ်ထားရင် တိုက်ရိုက်ကူးစက်နိုင်မှု ၁ ရာခိုင်နှုန်းခန့်ပဲရှိပါတယ်။ ရောဂါရှိသူ တစ်ဦးတည်း တပ်ထားရင်တောင် ၅ ရာခိုင်နှုန်းပဲ ကူးနိုင်ပါတယ်။ ဒီနေရာမှာ သတိထားစရာ တစ်ခုက Mask  ကို စနစ်တကျ တပ်ကြဖို့ဖြစ်ပါတယ်။ လက်ဆေးကြောပြီး Mask ကို နေရာတကျ တပ်ဆင်ပြီးသွားရင် အသုံးပြုနေစဉ် တစ်လျှောက်မှာ Mask ကို လက်နဲ့ မကိုင်မိစေဖို့လိုပါတယ်။ ပြန်ဖြုတ်ရင်လည်း နားရွက်နောက်မှာ ချိတ်ထားတဲ့ကြိုးကနေကိုင်ပြီး ဖြုတ်ရမှာဖြစ်ပါတယ်။ ဒါကြောင့်  စားသောက်ဆိုင်တွေ၊ ကျောင်းတွေ၊ စက်ရုံ၊အလုပ်ရုံတွေ၊ ရုံးတွေပြန်ဖွင့်ရင် Mask ကိုဖြုတ်ပြီးမှ အစာစားရမှာဖြစ်တဲ့အတွက် စားသုံးသူ တစ်ယောက်နဲ့ တစ်ယောက်ကို အကာအကွယ် လုပ်ထားပေးရမှာဖြစ်ပါတယ်။ သို့မဟုတ်ရင်လည်း လုံလောက်တဲ့ အကွာအဝေးမှာ ထားပေးရမှာဖြစ်ပါတယ်။ စကားပြော၊ အသက်ရှူ၊ နှာချေ၊ ချောင်းဆိုး စတာတွေကနေ ထွက်လာတဲ့   ပိုးမွှားတွေတွယ်ကပ်နေတဲ့  အရာဝတ္ထုတွေ ကိုင်မိပြီး  ကူးစက်နိုင်တဲ့ အတွက်လည်း အဲဒီလိုကိုင်မိနိုင်တဲ့ အခြေအနေရှိတိုင်း လက်ကိုဆပ်ပြာနဲ့  စက္ကန့်  ၂ဝ ကြာ အနည်းဆုံးဖြစ်ဖြစ်  အရက်ပြန်  ၆ဝ ရာခိုင်နှုန်းအထက်ပါတဲ့ လက်သန့်ဆေးရည်နဲ့ဖြစ်ဖြစ် ဆေးကြောပေးရမှာဖြစ်ပါတယ်။ တကယ်သာ Mask ကို အပြင်သွားတိုင်း စနစ်တကျ အမြဲတပ်ထားရင်   အဲဒီလိုအရာဝတ္ထုတွေ အပေါ် ရောဂါပိုးတွေ ကျရောက်နိုင်မှုနည်းပြီးရောဂါပြန့်ပွားနိုင်မှုလည်း အများကြီးနည်းသွားမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့တွေရဲ့ ကွမ်းစားတဲ့ အလေ့အထကိုလည်း ပပျောက်အောင်  အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ ကြိုးစားဆောင်ရွက် သင့်ပါတယ်။ Mask ဖြုတ်ပြီး ကွမ်းသွေးတစ်ချိန်လုံး ထွေးနေရင်  ဘယ်လိုမှ ကောင်းနိုင်မှာ မဟုတ်ပါဘူး။  ပြီးတော့  တတ်နိုင်သမျှ လူစည်ကားတဲ့နေရာတွေရှောင်၊ မသွားမဖြစ်သွားရင်လည်း ၆ ပေ အကွာမှာနေ၊ ကျန်းမာအောင်နေ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးဂရုစိုက်၊ ကိုယ်လက်လှုပ်ရှား ပုံမှန်လုပ်၊ အာဟာရ ပြည့်အောင်စား၊   အိပ်ရေးဝအောင်အိပ်၊ အရက်သောက်သုံးမှုလျှော့၊ဆေးလိပ်ဖြတ်  စတဲ့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ  ထုတ်ပြန်ထားချက်တွေကိုလိုက်နာရင်  ကူးစက်ခံရဖို့ အခွင့်အရေး နည်းပါတယ်။ Mask တပ်ထားတဲ့အတွက် ရောဂါပိုး ဝင်ရောက်နိုင်မှု နည်းပြီး ကူးရင်လည်း ကိုယ်ခံစွမ်းအား ကောင်းနေရင် ဘာရောဂါဝေဒနာမှ မခံစားရဘဲ သို့မဟုတ် ရောဂါမပြင်းထန်ဘဲ ပျောက်သွားနိုင်မှာဖြစ်ပါတယ်။ အဲဒီလို ရောဂါကာကွယ်ရေး နည်းလမ်းများကို ကျင့်သုံးခြင်းဖြင့် ရောဂါဝင်ရောက်ပြီး ဝေဒနာ ခံစားရပါကလည်း ကျန်းမာရေးဝန်ထမ်းများက နိုင်နိုင်နင်းနင်းလုပ်နိုင်တဲ့ အခြေအနေ အတိုင်းအတာသာ ဖြစ်ပြီးတော့   အသေအပျောက်လည်း နည်းမှာဖြစ်ပါတယ်။

အဲဒီလိုနဲ့ ဖြည်းဖြည်းချင်းရှေ့မှာ တင်ပြခဲ့သလို ံ Herd Immunity တွေလည်း ရလာနိုင်ပါတယ်။  စက်ရုံ၊  အလုပ်ရုံတွေ၊ စားသောက်ဆိုင်တွေ လိုက်နာရမယ့် စည်းမျဉ်း၊ စည်းကမ်းတွေ ထုတ်ပြန်ပြီးဖြစ်ပါတယ်။ ကျောင်းတွေဖွင့်ရင်လည်း လိုက်နာရမယ့်  စည်းကမ်းတွေကို လိုက်နာကြဖို့ဖြစ်ပါတယ်။ နောင်မှာ ဒီလိုကူးစက်ရောဂါတွေ အချိန်မရွေးထပ်ဖြစ်လာနိုင်တဲ့အတွက် ဖြစ်လာရင် ဘယ်လိုလုပ်မလဲ၊ ကြိုတင်စဉ်းစားပြင်ဆင်ထားကြဖို့လိုပါတယ်။  ရောဂါပိုးဟာ  မိမိတိုင်းပြည်က  စဖြစ်တာမဟုတ်ရင် အဲဒီရောဂါပိုးသယ်ဆောင်တဲ့လူ မိမိတိုင်းပြည်ထဲ ဝင်မလာရင် ဘာမှဖြစ်စရာရှိမှာမဟုတ်ပါဘူး။ ဒါမှမဟုတ် ဝင်လာတဲ့သူ နည်းနိုင်သမျှ နည်းအောင်လုပ်နိုင်ရင် ကူးစက်တာနည်းမှာ ဖြစ်ပါတယ်။ ရောဂါပိုးတွေ့ရှိသူ အများစုဟာ နိုင်ငံခြားပြန်တွေထံကပဲ ကူးစက်တာဖြစ်ပါတယ်။ နိုင်ငံခြားက ဝင်လာမယ့်သူအားလုံးကို  အသွားအလာ စောင့်ကြပ်ကြည့်ရှုခြင်း(Quarantine)) ထားနိုင်ဖို့ လုပ်ရမှာဖြစ်ပါတယ်။ သူတို့အားလုံးကိုလည်း ရောဂါပိုးရှိ၊မရှိ စစ်ဆေးနိုင်ရပါမယ် သို့မဟုတ် သေချာတဲ့အထိ ကြာကြာထားပြီး စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့နိုင်ငံခြားပြန်တွေနည်းအောင် အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်လုပ်နေသူတွေ လျော့ကျအောင် မိမိတို့နိုင်ငံမှာ  အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ဖို့လိုလာပါပြီ။ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်အောင် အခြေအနေတွေ ဖန်တီးပေးရပါမယ်။ မိမိနိုင်ငံမှာ စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့ ကုန်ကြမ်း၊ ကုန်ချော (ဥပမာ- စည်သွတ်ဘူးတွေ၊ အသားခြောက်တွေ၊ အသီးခြောက်တွေ)ထုတ်လုပ်ရောင်းချနိုင်အောင် မြေနေရာ၊ အရင်းအနှီး၊ နည်းပညာ၊ အခြေခံအဆောက်အဦတွေ  ဖန်တီးပေးရမှာဖြစ်ပါတယ်။ သို့မှသာ အလုပ်အကိုင်ရရှိပြီး အိမ်နီးချင်းနိုင်ငံများကို အလုပ်သွားလုပ်သူတွေ နည်းပါးသွားမှာ ဖြစ်ပါတယ်။ ကျန်တဲ့အကြောင်း အမျိုးမျိုးနဲ့   နိုင်ငံခြားကလာတဲ့ သူတွေ ကိုတော့ နိုင်နိုင်နင်းနင်းနဲ့ Quarantine လုပ်တာ ရောဂါပိုးစစ်တာတွေ အားလုံး လုပ်ပေးရမှာဖြစ်ပါတယ်။ တိုင်းနဲ့ပြည်နယ် အသီးသီးမှာ အထူးသဖြင့် နယ်စပ်ဒေသတွေမှာ ရောဂါပိုးစစ်နိုင်တဲ့ Facility တွေ ထားရတော့မှာဖြစ်ပါတယ်။ သာမန်ရောဂါတွေ ကုသတဲ့ ဆေးရုံတွေနဲ့ မလုံလောက်ဘဲ သီးခြားဆေးရုံတွေ Facility တွေ (ဥပမာ- ဝေဘာဂီလိုဆေးရုံမျိုး) သို့မဟုတ် ဆေးရုံအဖြစ် အမြန်ပြောင်းလဲနိုင်မယ့် အဆောက်အအုံတွေ လုံလုံလောက်လောက်  ကြိုတင် ဆောင်ရွက်ထားရမှာဖြစ်ပါတယ်။ ကာကွယ်ရေး ပစ္စည်းတွေဖြစ်တဲ့  PPE, Mask, Goggle, Glove စသည်ဖြင့် မိမိတိုင်းပြည်မှာ ထုတ်လုပ်နိုင်ရန် စီစဉ်ထားရပါမယ်။

Mask တွေဆိုရင်လည်း ရောဂါပိုး ကာကွယ်နိုင်တဲ့ ပြန်လည်အသုံးပြုနိုင်မယ့် Maskတွေ တီထွင်ထုတ်လုပ်နိုင်ရပါမယ်။ သို့မှသာ ခရီးသွားရင်လည်း အများကြီး သယ်သွားစရာ မလိုတော့ဘဲ တစ်ခါသုံး Mask တွေ အများကြီး သုံးရပြီး လွှင့်ပစ်လိုက်လို့ရောဂါပိုးကူးစက်နိုင်တာတွေ၊ ဖျက်ဆီးဖို့ အခက်အခဲရှိတာတွေ ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။ ယခုလက်ရှိ ပိတ်စကောင်းကောင်းနဲ့ နှစ်ထပ် ချုပ်ထားတဲ့ Mask တွေကို တပ်ထားရင်မတပ်တာနဲ့စာလျှင် အကျိုးသက်ရောက် မှုရှိပါတယ်။ အရေးပေါ် လိုအပ်တဲ့ စက်ပစ္စည်းတွေ (ဥပမာ- Ventilator များ၊ နှလုံးနှိုးဆွစက်များ)ကြိုတင်စုဆောင်းထားဖို့လိုပါတယ်။ အရေးကြီး ဆေးဝါးများကို မိမိဘာသာ ထုတ်လုပ်နိုင်ရန်   ဆေးဝါးစက်ရုံများလည်း ရှိနေရတော့မှာဖြစ်ပါတယ်။ တစ်နိုင်ငံတည်း တိုးတက်ပြီး ကျန်းမာရေး အဆင့်အတန်းမြင့်မားနေလို့လည်း မရတော့ပါဘူး။ ယခု Globalization ခေတ်ကြီးမှာ မိမိတစ်ဦးတည်း ထီးတည်းကြီးရေရှည်နေလို့ မရတော့ပါဘူး။ မိမိတိုင်းပြည်တစ်ပြည်တည်း ရေရှည်ကာကွယ်ထားလို့လည်း မရတော့ပါဘူး။ ယခုလက်ရှိ အခြေအနေမှာ တခြားနိုင်ငံက ကူးစက်လာလို့ ကမ္ဘာ့အချမ်းသာဆုံး အင်အားကြီးနိုင်ငံများပါ  ထိခိုက်ဆုံးရှုံးမှုတွေ အလွန်များပြားလျက် ရှိတာတွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကူးစက်ရောဂါဖြစ်လျှင် နိုင်ငံတိုင်း ချက်ချင်းထိန်းချုပ်နိုင်အောင် အားလုံးဝိုင်းပြီး ရှိတဲ့သူတွေက  မရှိတဲ့သူတွေကို ဖြည့်ဆည်းပံ့ပိုး ပေးထားရတော့မှာ ဖြစ်ပါတယ်။ ကူးစက်ရောဂါတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းနိုင်မယ့် ကျန်းမာရေးစနစ်တွေ ချမှတ်ရပါမယ်။

ကျန်းမာရေးဝန်ထမ်း အရင်းအမြစ်တွေ  လုံလုံလောက်လောက် မွေးထုတ်လေ့ကျင့် ပျိုးထောင်ပေးရမှာ ဖြစ်ပါတယ်။   ရောဂါရှာဖွေတဲ့ နည်းသစ်တွေ၊   ကာကွယ်ကုသဆေးတွေ ထွက်ရှိအောင် သုတေသနတွေ ပိုပြီးလုပ်လာရမှာဖြစ်ပါတယ်။  ဥပမာ- ယခုအချိန်မှာ   အသက်ရှူထုတ်လိုက်တဲ့ လေ သို့မဟုတ် မှုတ်ထုတ်လိုက်တဲ့လေထဲမှာ COVID-19  ပိုး ရှိ၊  မရှိ စမ်းသပ်တဲ့ ကိရိယာမျိုးနဲ့ စမ်းသပ်နိုင်ရင် ရောဂါရှိသူနှင့်   မရှိသူခွဲခြားဖို့  အင်မတန်လွယ်ကူ မြန်ဆန်သွားမှာဖြစ်ပါတယ်။ သွေးထဲမှာ စစ်ရမယ့်    အခြေအနေဆိုလျှင်လည်း ယခု Rapid Diagnostic Test တွေဟာ လွယ်ကူပြီး ချက်ချင်းစစ်နိုင်ပေမယ့် အဖြေတိတိကျကျ၊   မှန်မှန်ကန်ကန် ပေးနိုင်တဲ့ Test Kit တွေဖြစ်လာဖို့ ကြိုးစားသုတေသန ပြုနေရမှာဖြစ်ပါတယ်။

ဒါ့အပြင် ယခုကမ္ဘာမှာ ထုတ်လုပ်ထားကြတဲ့ အဏုမြူ လက်နက်တွေဟာ လူသားတွေကို  ဘယ်လိုမှ  အကျိုးမပြုနိုင်တဲ့အတွက်   အရေအတွက်တွေ လျှော့ချပြီး လုံးဝဖျက်သိမ်းဖို့ ကြိုးစားနေကြသလို နိုင်ငံအသီးသီးမှာ ဆေးဝါးအသစ်တွေနဲ့ ကုထုံးအသစ်တွေ   သုတေသနပြု ဖော်ထုတ်ဖို့ မွေးမြူထားကြတဲ့ ပိုးမွှားတွေကလွဲရင် ကျန်ရည်ရွယ်ချက်တွေနဲ့ အန္တရာယ်ရှိတဲ့ ပိုးမွှားတွေကို မမွေးမြူကြဖို့လည်း အထူးလိုအပ်လှပါတယ်။ အဲဒီဓာတ်ခွဲခန်းတွေဟာ လုံခြုံမှုအဆင့်အတန်း အလွန်မြင့်မားဖို့ လိုအပ်ပြီး တင်းကျပ်တဲ့   လုပ်ထုံးလုပ်နည်းတွေနဲ့လည်း အမြဲထိန်းသိမ်း ထားရမှာဖြစ်ပါတယ်။

ကျန်းမာရေးကြောင့် ကမ္ဘာ့စီးပွားရေး ထိခိုက်မှုဟာ ပြောမပြနိုင်အောင်ပဲ ကြီးမားလှတာ တွေ့ရှိရတဲ့အတွက်   ကျန်းမာရေး ကဏ္ဍမှာ   ရင်းနှီးမြှုပ်နှံမှုဟာ  အဓိကစီးပွားရေး ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ဆောင်ရွက်လာကြမှာဖြစ်ပါတယ်။ ပညာတတ်သူ ပေါများပြီး အလုပ်လုပ်နိုင်တဲ့သူတွေ များပြားမှ နိုင်ငံတစ်နိုင်ငံ တိုးတက်မှာဖြစ်ပါတယ်။ ကျန်းမာမှ ပညာသင်နိုင်ပြီး အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ ယခုဆိုလျှင် ပညာသင်ကြားရေးနဲ့ စက်ရုံ၊ အလုပ်ရုံ၊ ရုံးဌာနအသီးသီးနဲ့ နယ်ပယ်အသီးသီးမှာ       လုပ်အားတွေ အများကြီး ထိခိုက်ဆုံးရှုံးနေပြီ   ဖြစ်ပါတယ်။

ဒါ့ကြောင့်    နိဂုံးချုပ်အနေနဲ့တင်ပြလိုတာကတော့  လက်ရှိ COVID-19 ရောဂါကြီးပပျောက်သွားဖို့ မသေချာသေးတဲ့ အချိန်မှာ မိမိတို့အားလုံးဟာ နိုင်ငံတော်ကထုတ်ပြန်ထားတဲ့ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက်   လိုက်နာရန် အချက်များကို တိတိကျကျလိုက်နာပြီး လူနေမှုပုံစံအသစ်နဲ့ အသားကျနေထိုင် တတ်အောင် ကြိုးစားပြင်ဆင်နေထိုင်ရင်း မိမိတို့၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ် စောင့်ရှောက်နိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ရပါတယ်။  

 

ဆေးစိုး

 

Read 23 times
Rate this item
(0 votes)
Last modified on Wednesday, 03 June 2020 11:13