SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဦးနှောက် အကျိတ် ကင်ဆာ

Friday, 04 August 2017 12:26 font size decrease font size decrease font size increase font size increase font size

အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကို  မြန်မာပြည်မှာ လူသိများသည်။ အသက် ၈၁ နှစ်အရွယ်ရှိ နေပြီဖြစ်သော ဂျွန်မက်ကိန်းမှာ ဦးနှောက်ကင်ဆာ ဖြစ်နေကြောင်း မကြာသေးမီက သတင်းတွေ ထွက်လာခဲ့သည်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖူးခဲ့သူ တစ်ဦးလည်းဖြစ်သည့် ဂျွန်မက်ကိန်း၏ ဦးနှောက် အကျိတ်ရောဂါနှင့် ပတ်သက်ပြီး ပညာရှင်တွေ အကျေအလည် ဆွေးနွေးကြသည်။ ထင် ရှားကျော်ကြားသူ အမေရိကန် နိုင်ငံရေးသမားကြီး၏ ဦးနှောက်ကင်ဆာအတွက် အကောင်းဆုံးသော ကုသမှုသုတေသနတွေကို ပြန်လည် စစ်ကြောကြသည်။

Glioblastoma ဟု အမည်ရသည့် ဦးနှောက်အကျိတ်ကို အဆင့်တွေခွဲထားသည်။ အဆင့် ၁ နှင့် အဆင့် ၂ ဆိုရင် အကျိတ်၏ ကြီးထွားမှုနှုန်း နှေးကွေးသည်။ ခေါင်းထဲက အကျိတ်ကို ခွဲထုတ်ပြီးလျှင် ပြန်ကြီးလာသည့် နှုန်းနှေးသည်။ အဆင့် ၃ နှင့် အဆင့် ၄ ဆိုလျှင် အခြေအနေမကောင်း။ တစ်နှစ်ပြည့်အောင် အသက်ရှည်ဖို့က အလွန်နည်းသွား သည်။ ခေါင်းထဲက အကျိတ်ကိုရသလောက် ခွဲထုတ်၊ ဓာတ်ရောင်ခြည်ပေးပြီး Temozolomide ဟုအမည်ရသည့် ကင် ဆာဆေးကို ပေးပြီးကုသကြသည်။ လက်ရှိကာလ နိုင်ငံတကာမှာအဆင့် ၃ နှင့် ၄ ဦးနှောက်ကင်ဆာတွေကို သည်လိုပဲလက်ခံ ကုသနေကြသည်။

ဦးနှောက်ကင်ဆာ အကျိတ်ကုသမှုများကို ရလဒ်ပိုကောင်းသည်ထက် ကောင်းအောင် သုတေသနပြု နေကြတာ လည်းရှိသည်။ ဂျွန် မက်ကိန်းတစ်ယောက် ဦးနှောက်ကင်ဆာဖြစ်တော့ သက်ဆိုင်ရာ ပညာရှင်တွေက ကမ္ဘာတစ်လွှား မှ ဦးနှောက်ကင်ဆာ သုတေသနတွေကို စုဆောင်းပြီး ကောင်းနိုးရာရာ ရှာဖွေကြသည်။ Vaccines ဟုခေါ်သည့် ကာကွယ်ထိုးဆေးများမှသည် မျိုးဗီဇကုထုံးများအလယ် ကိုယ်ခံစွမ်းအား ကုထုံးဖြစ်သည့် Monoclonal antibodies ကုထုံးများအထိ ဦးနှောက်ကင်ဆာအတွက် စမ်းသပ်ကုသ သုတေသနကုထုံး ၈၇ ခု တွေ့ရှိကြသည်။ သို့ပေမယ့် ထို ကုထုံးတွေက စံပြကုသမှုအဖြစ် လက်ခံကြသေးတာတော့ မဟုတ်ပြန်ပါ။

ဦးနှောက် အကျိတ်ဆိုတာမျိုးက ပုံမှန်ဦးနှောက်သားတွေနှင့် ရောစပ်နေတတ်သည်။ ထို့ကြောင့် ဦးနှောက်အကျိတ် ကိုပြောင်စင်အောင် ခွဲစိတ်ထုတ်ဖို့က မလွယ်ကူပါ။ ကုန်စင်အောင် ထုတ်ပစ်ဖို့ ကြိုးစားပြန်လျှင်လည်း လူနာခမျာ စ ကားမပြောနိုင်၊ ပုံမှန်တုံ့ပြန်မှုတွေ မရှိတော့ပဲ ဒုက္ခိတဘဝအဖြစ် ကျန်နေတတ်ခဲ့သည်။ ၂ဝ၁၇ ခုနှစ် ဇွန်လအတွင်းမှာ အမေရိကန် FDA က ဦးနှောက်အကျိတ်တွေကို ပန်းရောင်အဖြစ် ပြောင်းလဲ လိုက်နိုင်သည့် ရောင်ခြယ်ဆေး တစ်မျိုး ကိုအသုံးပြုခွင့်ပေးခဲ့သည်။ Gleolan ဟုအမည်ရသည့် ထိုရောင်ခြယ်ဆေးကို မခွဲစိတ်မီ သုံး၊ လေးနာရီအလိုမှာ သောက်ထားလိုက်ခြင်းဖြင့် ဦးနှောက်သားတွေထဲ လက်ချောင်း များသဖွယ် ထိုးယှက်ဆက်နွှယ်နေသည့် ကင်ဆာ အ ကျိတ်သားတွေကို အလွယ်တကူ မြင်တွေ့ခွဲစိတ်နိုင်တော့မှာဖြစ်သည်။

ဦးနှောက်ကင်ဆာကို ခွဲစိတ်တော့မည်ဆိုလျှင် အကျိတ်ကို ရသလောက်ခွဲထုတ်နိုင်ဖို့ အလွန်အရေးကြီးသည်။ အကျိတ်စင်လျှင် စင်သလောက် လူနာအသက်ရှည်မည်။ ၂ဝ၁၆ ခုနှစ်အတွင်း ဦးနှောက်ကင်ဆာလူနာ ၄၁ဝဝဝ အပေါ် ပြုလုပ်ခဲ့သည့် သုတေသနမှာ ဦးနှောက်အကျိတ် တစ်ခုလုံးကို ထုတ်ပစ်လိုက်နိုင်သည့် လူနာများက တစ်နှစ်အတွင်းမှာ သေဆုံးနိုင်ခြေ ၃၈ ရာခိုင်နှုန်း ပိုမိုနည်းပါးကြောင်း တွေ့ရသည်။

ဦးနှောက်အကျိတ်ကို ရသလောက်ထုတ်နိုင်လေလေ အသက်ပိုရှည်လေဆိုပေမယ့် ဦးနှောက်အကျိတ် ခွဲစိတ်မှုသည် ဦးနှောက်ကင်ဆာကို လုံးဝပျောက်ကင်းသွားစေမည့် ကုထုံးတော့မဟုတ်ပါ။ လွန်ခဲ့သည့် နှစ်အ နည်းငယ်က ဦးနှောက် အကျိတ်ဖြစ်သည်နှင့် ရောဂါဖြစ်သည့် ဦးနှောက်အခြမ်းတစ်ခုလုံးကို ထုတ်ပစ်လေ့ရှိသည့် ကုထုံးတွေရှိခဲ့ဖူးသည်။ ဦး နှောက်တစ်ခြမ်းကို ထုတ်ပစ်သော်လည်း လူနာတွေ အသက်ပိုရှည် မလာ ကြပါ။ ကျန်ခဲ့သည့် ဦးနှောက်အခြမ်းကို ကင် ဆာတွေထပ်ပွားပြီး သိမ်းပိုက်လိုက်ကြပြန်သည်။

အခြားသော ကင်ဆာတွေလို ကင်ဆာကျိတ်ကို ခွဲစိတ်ထုတ်ပြီးသည့်နောက် ကင်ဆာဆေးများဖြင့် ဦးနှောက် ကင်ဆာတွေကို ကုသခဲ့ကြသည်။ လအနည်းငယ်တော့ ထိန်းနိုင်သည်။ သို့ပေမယ့် ကင်ဆာဆဲလ်တွေက ပုံပြောင်းရုပ်ဖျက် ပြီးကင်ဆာဆေးတွေ မထိန်းနိုင်သည့် လမ်းကြောင်းမှ ဆက်လက်ကြီးထွားလာကြသည်။ နောက်အရေးကြီးသည့် အချက်က ဦးနှောက်ဆိုတာမျိုးက တော်တန်ရုံဆေးတွေ ရောက်ဖို့ခက်ခဲသည်။ Blood-brain barrier ခေါ်သည့် ကြားခံနယ်ခြားဖြင့် ကာရံထားသည်။ ထိုနယ်ခြားကို ဖြတ်သန်းနိုင်သည့် ကင်ဆာဆေးများသာလျှင် ဦးနှောက်ကင်ဆာ မှာအသုံးပြုလို့ ရနိုင်သည်။ ပြင်းထန်မှုနှုန်းကို ခဏမေ့ထားပြီး ဦးနှောက်အကျိတ်ကင်ဆာ ဖြစ်ပြီဟေ့ ဆိုသည်နှင့်   ထိုလူနာများ၏ ထက်ဝက်လောက်သာ နောက်ထပ် ၁၅ လအထိ အသက်ရှည်ကြသည်။

Chemotherapy ဟုခေါ်သည့် သမားရိုးကျ ကင်ဆာဆေးတွေက ကင်ဆာဆဲလ်များ ကြီးထွားမှုကိုပဲ ထိန်းနိုင်ကြ သည်။ တကယ်တမ်းကျတော့ ကင်ဆာ၏ မူလရင်းမြစ်က ဆဲလ်ကလာပ်စည်းများအတွင်းမှ မျိုးဗီဇ (Gene) များမှ   သန္ဓေတည်ကြခြင်း ဖြစ်သည်။ ထိုမျိုးဗီဇများကို ထိန်းချုပ်နိုင်ဖို့ မော်လီကျူးအဆင့်ထိ နားလည်ထားဖို့လိုသည်။ မျိုးဗီဇ မော်လီကျူးများအထိ ပြုပြင်ကုသနိုင်သည့် ဆေးများကို Molecularly Targeted therapy ဟုခေါ်သည်။ မက်ကိန်း၏  ဦးနှောက်ကင်ဆာကို အဆင့်မြင့်မြင့် ကုသဖို့အတွက် ထိုမျိုးဗီဇ စစ်ဆေးမှုများကို အမေရိကန်ဒေါ်လာ ရှစ်ထောင်အထိ အကုန်အကျခံ ပြုလုပ်ဖို့ ပြင်ဆင်ထားကြသည်။

အရေးကြီးသည့်အချက်က ဦးနှောက်ကင်ဆာ လူနာများ၏ ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိသာလျှင် ထိုမျိုးဗီဇ တိုက်ရိုက်ကုထုံးများဖြင့် အောင်မြင်စွာ ကုသခံနိုင်မှာ ဖြစ်သည်။ ကျန်သည့် ၉၇ ရာခိုင်နှုန်းသော ဦးနှောက် ကင်ဆာ လူနာ များက ထိုအဆင့်မြင့်ဆေးများဖြင့် အကျိုးကျေးဇူး ရမှာမဟုတ်ပါ။ Glioblastoma ဦးနှောက်ကင်ဆာ အကျိတ်ထဲမှာ ကမတူညီသည့် ကင်ဆာဆဲလ်မျိုးစုံ ရှိနေသည်။ ထို့အတွက်ကြောင့် ကင်ဆာကုထုံး တစ်မျိုးတည်းဖြင့် ကုသလို့မ အောင်မြင်နိုင်။ထို့ကြောင့် ဦးနှောက်ကင်ဆာတွေကို မတူညီသည့် ဆေးအမည်များဖြင့် တစ်မျိုးပြီးတစ်မျိုး ကုသကြမည်ဟု သုံးသပ်ကြတာလည်းရှိသည်။

ဦးနှောက်ကင်ဆာများအတွက် နောက်ထပ်ကုထုံးတစ်ခုက ကိုယ်ခံစွမ်းအား ကုထုံးဖြစ်သည်။ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ အတွင်းက CAR-T ဆဲလ်အမည်ရ ကိုယ်ခံစွမ်းအား ကုထုံးသစ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ဦးနှောက်ကင်ဆာ လူနာ တစ်ဦးထံမှ ကိုယ်ခံစွမ်းအားဆဲလ်များကို ထုတ်ယူပြီး မျိုးဗီဇအင်ဂျင်နီယာ ပညာရပ်ဖြင့် ဖော်ထုတ်ထားသည့် ဆေးဖြစ် သည်။ ထိုဆေးကို အသက် ၅ဝ အရွယ် ဦးနှောက်ကင်ဆာလူနာ တစ်ဦး မှာစမ်းသပ်ခဲ့သည်။ ထိုလူနာကဦးနှောက် ကင်ဆာကို ခွဲစိတ်ကုသ၊ ဓာတ်ရောင်ခြည် ပေးပြီးနောက် Temozolomide ဆေးဖြင့် ထပ်မံကုသခဲ့ပြီးမှ ဦးနှောက်ကင် ဆာပြန်ကြွလာခဲ့သူဖြစ်သည်။ ထိုလူနာ၏ ဦးနှောက်ထဲ ကို CAR-T ဆဲလ်တွေ အကြိမ်ကြိမ် ထိုးသွင်းစမ်းသပ်ခဲ့သည်။

ဦးနှောက်အကျိတ်က ကျုံ့ဝင်သွားခဲ့ပြီး ရှစ်လကြာသည်အထိ ထိုလူနာ အသက်ရှည်ခဲ့သည်။ ရှစ်လကြာပြီးသည့် နောက် ဦးနှောက်အတွင်း နေရာအတော်များများမှာ ကင်ဆာကျိတ်တွေ လျင်မြန်စွာပြန်ပေါ်လာခဲ့ပြီး လူနာကွယ်လွန်ခဲ့ သည်။ ဦးနှောက်ကင်ဆာများ၏ နောက်ခံမျိုးဗီဇ ချို့ယွင်းမှု သို့မဟုတ် ကင်ဆာဖြစ်စေရခြင်း၏ အကြောင်းရင်းများမှာ ထင်ထားသည်ထက် ပိုရှုပ်ထွေးနေသည်။တချို့သောကင်ဆာများလို ပစ်မှတ်တစ် ခုတည်းကို ချိန်ရွယ်ကုသလို့ မရနိုင်။ ဦးနှောက် ကင်ဆာဆဲလ်တွေထဲမှာ ကိုက  နောက်ခံမျိုးဗီဇ မတူညီသည့် ကင်ဆာဆဲလ်တွေ ပါဝင်ပတ်သက်နေကြောင်း ပညာရှင်တွေ ပိုမို နားလည်လာ ကြပါပြီ။

အချို့ပညာရှင်များကတော့ Vaccines ထိုးဆေးများဖြင့် ဦးနှောက်ကင်ဆာကို ကုသဖို့ သုတေသနပြုကြသည်။ ဦး နှောက်ကင်ဆာဆဲလ်များပေါ်မှာ တွေ့ရသည့် မော်လီကျူးများကို ထိုးဆေးအဖြစ် ပြုပြင်ဖန်တီးပြီး လူနာ များကို ထိုးနှံ ပေးခြင်းဖြစ်သည်။ သို့သော် သဘောတရားအရ ဦးနှောက်ကင်ဆာ လူနာတစ်ယောက်အတွက် ထိုးဆေးတစ်မျိုးစီ ထုတ်လုပ်ပေးရမလို ဖြစ်နေသည်။ ထိုသို့ လူနာတစ်ယောက်ချင်းစီအတွက် ထိုးနှံပေးနိုင် တာတောင်မှ ဦးနှောက်ကင် ဆာကျိတ်တွေက ပြန်လည်ထကြွ လာဦးမှာဖြစ်သည်။

သုတေသန အဖွဲ့အစည်းတစ်ခုကတော့ မော်လီကျူးပုံစံ မျိုးစုံပါသည့် ထိုးဆေးတစ်မျိုးကို ထုတ်လုပ်ဖန်တီးပြီး ဦး နှောက်ကင်ဆာလူနာ ၃၃၁ ဦးမှာ စမ်းသပ်ထိုးနှံခဲ့သည်။ DCVax-L အမည်ရ ထိုထိုးဆေးဖြင့် ကုသခြင်း ခံရသူ လူနာ များ၏ ၄ဝ ရာခိုင်နှုန်းမှာ နောက်ထပ် ၃၅ လအထိ အသက်ရှင်နေကြကြောင်း တွေ့ကြရသည်။ လူနာများ၏ ၂၄ ရာခိုင်နှုန်းမှာ နောင်လေးနှစ်ကြာသည်အထိ အသက်ရှည်နေကြကြောင်း တွေ့ရပြန်သည်။ ထိုဆေးကိုမထိုးနှံခဲ့သည့်  လူနာများ၏ ၈ ရာခိုင်နှုန်းသာလျှင် နောင်လေးနှစ်မှာ အသက်ရှည်နေကြခြင်းနှင့် နှိုင်းယှဉ်ကြည့်နိုင်ဖို့ ဖြစ်သည်။

အထက်ပါ သုတေသန ကုထုံးများက မျက်မှောက်ခေတ် ဦးနှောက်ကင်ဆာ ကုထုံးများထဲမှ အထင်ရှားဆုံး ကုထုံးများဖြစ်သည်။ အမတ်မင်း ဂျွန်မက်ကိန်း၏ ဦးနှောက်ကင်ဆာ ရောဂါအတွက် မည်သို့မည်ပုံ ကုသကြ မည်လဲဆိုသည် ကို ဆက်လက်စောင့်ကြည့်ကြဖို့ ဖြစ်ပါကြောင်း။Ref: '87 experimental therapies for Glioblastoma' by Sharon Begley, July 21,2017 ဒေါက်တာ လွှမ်းမိုးဟန်

Read 1067 times Last modified on Monday, 07 August 2017 12:26