SJ WorldNews - шаблон joomla Авто

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေး အကြိုအဆင့် စစ်ဆေးခြင်းကို ရှမ်းပြည်နယ်(တောင်/မြောက်)ဒေသနှစ်ခုတွင် စတင်နိုင်ရန် စီစဉ်လျက်ရှိ

Thursday, 31 January 2019 09:21 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇန်နဝါရီ  ၃ဝ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး(WHO)၏ အဆိုပြုချက်များ အရ မြန်မာနိုင်ငံ၏ အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနှုန်းသည် အရှေ့တောင်အာရှ နိုင်ငံများအတွင်း ဒုတိယနှင့် တတိယအဆင့် ရှိနေသောကြောင့် ရောဂါရှာဖွေစစ်ဆေးခြင်းကို   ယခုနှစ်တွင် ရှမ်းပြည်နယ် (တောင်/မြောက်)ဒေသနှစ်ခု၌ လည်းကောင်း၊ ကာကွယ်ဆေးထိုး လုပ်ငန်းကို ၂ဝ၂ဝ ပြည့်နှစ်တွင်  စံပြုရွေးချယ်ထားသော မြို့နယ် ၁ဝ    မြို့နယ်တွင် လည်းကောင်း  ဆောင်ရွက်နိုင်ရေး   စီစဉ်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့    ဗဟိုအမျိုးသမီး ဆေးရုံကြီး မီးယပ်ဆိုင်ရာ ကင်ဆာဌာနမှ သိရသည်။

 ''ကျွန်မတို့မြန်မာနိုင်ငံက အရှေ့တောင်အာရှရဲ့သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားမှုက ဒုတိယနဲ့ တတိယအဆင့်လောက်မှာ   ရှိနေပါတယ်။   ဒီအတွက်ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က သားအိမ်ခေါင်းကင်ဆာ ကာကွယ်မှု လုပ်ငန်းနဲ့ ပတ်သက်ပြီး ခြောက်နိုင်ငံရွေးတဲ့ အထဲမှာလည်း   မြန်မာနိုင်ငံ ပါဝင်နေပြန်ပါတယ်။    ဒါနဲ့ပတ်သက်ပြီး အခုလထဲမှာ WHO မှာ သင်တန်းတက်ဖို့ ဆရာဝန်  ၁ဝ ဦး   စေလွှတ်ဖို့လည်း ရှိတယ်။

ပြီးရင် WHO ရဲ့ပို့ချတဲ့နည်းအတိုင်း ဆရာဝန်တွေကို သင်တန်းပို့ချပြီး  ဒီနှစ်ထဲမှာပဲ ပထမအဆင့် စစ်ဆေးမှုတွေ လုပ်မယ်။ ပြီးရင်ဒုတိယအဆင့်  ကာကွယ်ဆေးထိုး လုပ်ငန်းတွေကို သတ်မှတ်ထားသော ဧရိယာများနေရာ၌ လုပ်သွားဖို့ စီစဉ်နေပါတယ်။ ဒီအပေါ်မှာတွေ့လာတဲ့ အားသာချက်၊ အားနည်းချက်တွေကို ပြုပြင်ပြီး တစ်နိုင်ငံလုံးကို ဆက်လုပ်သွားဖို့ ရှိပါတယ်''

ဟု  ရန်ကုန်မြို့ ဗဟိုအမျိုးသမီး ဆေးရုံကြီးမှ မီးယပ်ဆိုင်ရာ ကင်ဆာအထူးကု ဒေါက်တာဒေါ်မြင့်မြင့်သင်း ကပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပိုက်လော့ဧရိယာအဖြစ်    သားအိမ်ခေါင်း ကင်ဆာကာကွယ်ရေး အကြိုအဆင့် စစ်ဆေးခြင်းကို  ပထမဆုံး ရှမ်းပြည်နယ် (တောင်/မြောက် )ဒေသနှစ်ခု၌ စတင်နိုင်ရန်  စီစဉ်လျက်ရှိသည်။

ဆေးထိုးကာကွယ်ရေး လုပ်ငန်း၏ ပထမ စီမံချက်အဖြစ်  ၂ဝ၂ဝ ပြည့်နှစ်တွင်  စိစစ် ရွေးချယ်ထားသော မြို့နယ်  ၁ဝ မြို့နယ်၌ ရွေးချယ် ဆောင်ရွက်မည်ဖြစ်သည်။ အဆိုပါ ဆေးကို ၁ဝ နှစ်မှ ၁၄ နှစ်ကြား  အမျိုးသမီး ကလေးသူငယ်များအားလုံးကို အစိုးရ ရန်ပုံငွေဖြင့် ထိုးပေးမည်ဖြစ်ပြီး ဒုတိယနှစ်တွင် ကျောင်းများ၏ အမျိုးသား ကာကွယ်ဆေးထိုး စီမံချက်အတိုင်း ၁ဝ နှစ်အရွယ် အမျိုးသမီး ကလေးငယ်ကိုသာ ထိုးပေးမည်ဖြစ်သည်။

ယခုအခါတွင် WHO သည် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးမှုကို အသက်အငယ်ဆုံး ကိုးနှစ်မှ ၁၂ နှစ်အထိ ထိုးပေးနေပြီး သြစတြေးလျနိုင်ငံတွင် အမျိုးသားများသည်လည်း   သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ထိုးနေကြသည်။

''ကာကွယ်ဆေးဟာ အသက် ၁၅ နှစ်ပြည့်ပြီးတဲ့  ပျိုရွယ်သူ မိန်းကလေးတွေ ထိုးမယ်ဆိုရင် သုံးကြိမ်ထိုးရတယ်။ ၁၅ နှစ်အောက်ဆိုရင်  နှစ်ကြိမ်ထိုးရတယ်။ ဒါက  ဘာကြောင့်လဲလို့ ပြောရရင် ၁၅ နှစ်အောက်မှာ   ကာကွယ်ဆေး ထိုးလို့ရမယ့် သားအိမ်ခေါင်း ကင်ဆာဆေး အာနိသင်ဟာ  အသက် ၁၅ နှစ်ကျော်မှ ထိုးတဲ့ ဆေးအာနိသင်ထက်ကို နှစ်ဆလောက် ပိုများနေတာဖြစ်လို့ အသက် ကိုးနှစ်နဲ့ ၁၄ နှစ်ကြား အမျိုးသမီးငယ်တွေကို ရွေးချယ်တာဖြစ်ပါတယ်''ဟု ဗဟိုအမျိုးသမီးဆေးရုံကြီးမှ      မီးယပ်ဆိုင်ရာ ကင်ဆာအထူးကု ဒေါက်တာနီနီသိန်းက ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်က  မြန်မာနိုင်ငံသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) နှင့် UN Agency ရှစ်ခုဝင်လာပြီး သားအိမ်ခေါင်း ကင်ဆာကာကွယ်နိုင်ရေး အတွက် လုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းတွင် မြန်မာနိုင်ငံနှင့်သင့်လျော်သည့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရန်   ကာကွယ်ဆေးထိုး လုပ်ငန်းနှင့်   စမ်းသပ်ရှာဖွေသည့် လုပ်ငန်းကို ရွေးချယ်ကြောင်း  သားအိမ်ခေါင်းကင်ဆာသည် ကြွက်နို့ပိုးမှဖြစ်ပေါ်ခြင်း ဖြစ်သောကြောင့် ကြွက်နို့ပိုးဝင်ပြီဆိုလျှင် စဖြစ်သည့် အပိုင်းကို ကာကွယ်ရန်၊ စစ်ဆေးမှုတွင် ကြွက်နို့ပိုး ၁၄ မျိုး စစ်ဆေးခြင်း၊ အဆင့်အလိုက် ကုသမှု ဆောင်ရွက်ရကြောင်း ရန်ကုန်မြို့ဗဟိုအမျိုးသမီး ဆေးရုံကြီး မီးယပ်ဆိုင်ရာ ကင်ဆာဌာနမှ သိရသည်။

Read 260 times Last modified on Thursday, 31 January 2019 09:22