SJ WorldNews - шаблон joomla Авто

ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး ကျန်းမာခြင်းသည်လာဘ်တစ်ပါး

Sunday, 17 February 2019 15:22 font size decrease font size decrease font size increase font size increase font size

ပြီးခဲ့တဲ့တစ်လကပေါ့။ ကျွန်တော်ကိုယ့်ကိုယ်ကိုယ်ကြည့်ရင်း အံ့သြနေမိခဲ့တယ်။ ဘောင်းဘီရှော့ပင် အတိုလေးဝတ်ထားပြီး အပေါ်ပိုင်း ဗလာကြီးနဲ့ အခန်းထဲက ကိုယ်လုံးပေါ်မှန်ရှေ့ရပ်ရင်းပေါ့။ ''ငါဒီလောက်တောင် ဝနေပါရောလား။ တက္ကသိုလ် ကျောင်းသားဘဝက ကိုယ်အလေးချိန်ပေါင် ၁၁ဝ ပြည့်ဖို့ မနည်းကြိုးစားခဲ့ရတာ။ Casilan 90 ကို ဒိန်ချဉ်နဲ့မွှေသောက်၊  ဝိတ်တွေမ၊  ငှက်ပျောသီးတွေ အဖီးလိုက်ဝယ်စားနဲ့ ဝိတ်တက်အောင်ကြိုးစားခဲ့ရတာ။ ခုနယ်ဆေးရုံမှာ လက်ထောက်ဆရာဝန် အဖြစ် တာဝန်ကျတာ နှစ်နှစ်ပြည့်တော့ ပေါင်ချိန် ၁၄၅ ပေါင်ကိုမှ (အရပ်ကမရှည်တော့) ဗိုက်ကစူထွက်နေပြီ။ ဒီအတိုင်းသာ ဆက်သွားရင် အဝလွန်တော့မယ်။ မဖြစ်ဘူး အားကစားပြန်လုပ်မှ'' အားကစားပြန်လုပ်မယ် တွေးနေတာလည်း အတော်ကြာနေ ပါပြီ။ ဝတ်နေကျ အင်္ကျီတွေဝတ်မရတော့လို့ Size  တိုးပြီးဝယ်ရတိုင်း၊ တော်တော်ဝလာတယ်နော်လို့  အသိတွေကပြောတိုင်း အားကစားပြန်လုပ်မယ်ပြန်လုပ်မယ်နဲ့ မလုပ်ဖြစ်ခဲ့။ ဒီတစ်ခါတော့ လုပ်ဖြစ်အောင်လုပ်တော့မယ်လို့ မှန်ရှေ့ရပ်ရင်း ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ အားကစားပုံမှန် လုပ်ဖြစ်လာတာနဲ့ လူက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်း ပိုရှိလာတယ်။ အကောင်းမြင်တတ် လာတယ်။ အလုပ်မှာလည်းပေါ့ပါးတက်ကြွလာတယ်။ လူလည်း ပိုဝမလာတော့ပါဘူး။ တဖြည်းဖြည်းခန္ဓာကိုယ်ပြန်ကျစ် လာတော့မှာပါ။ အားကစားလုပ်ခြင်းရဲ့ကောင်းကျိုးတွေကို ကျွန်တော်သိတာ ကြာပါပြီ။ ဒါပေမဲ့ ပေါ့ပေါ့လျော့လျော့နေပြီး အားကစားနဲ့ဝေးကွာတဲ့ အကျင့်ဆိုးကြီးမှာ ကျင်လည်နေခဲ့မိတာပါ။ ခုတော့ဗိုက်က Alarm ပေးလိုက်လို့ အကျင့်ဆိုးကြီးကို တိုက်ထုတ်နိုင်ခဲ့ပါပြီ။ အားကစားကိုပုံမှန် မလုပ်ဖြစ်သူများမှာ အားကစား၏အကျိုးကိုမသိလို့ မလုပ်သူများနှင့်သိသော်လည်း မအားလို့(အချိန်မပေးနိုင်လို့) မလုပ်နိုင်သူများဆိုပြီး နှစ်မျိုးရှိနိုင်ပါတယ်။ ထို့ကြောင့် အားကစား၏အကျိုးကို ပြည်သူတွေ သိရှိလာစေရန်နှင့် အချိန်မပေးနိုင်သူတွေ အတွက်လည်း  အလုပ်ခွင်အတွင်း လေ့ကျင့်နိုင်သော အားကစားနည်းများကို သိရှိလုပ်ဆောင်သင့်ပါတယ်။ လုပ်ငန်းရှင်များ အနေဖြင့်လည်း မိမိတို့၏ ဝန်ထမ်းများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာစေရေးကို ရှေးရှုပြီး လုပ်ငန်းခွင်တွင်း အားကစားအတွက် သက်ဆိုင်ရာမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် ချိတ်ဆက်လုပ်ဆောင် ပေးထားသင့်ပါတယ်။ အားကစားနှင့် လူထုတစ်သားတည်း ကျလာစေဖို့ရာ လူကြီးများရဲ့အခန်းကဏ္ဍဟာ အရေးကြီးလှပါတယ်။ ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားစဉ်စိုက် ဖြောင့်ဖြောင့်လိုက်၏ ဆိုတဲ့အတိုင်း လူကြီးများထံမှ လူငယ်များက လက်ဆင့်ကမ်းသင်ယူကြရတာဖြစ်လို့ လူကြီးများအနေဖြင့် ကျန်းမာရေး အသိမြှင့်တင်ပြီး အားကစားကိုပုံမှန်လုပ်ကာ လမ်းပြကောင်းများဖြစ်အောင်ကြိုးစားကြရပါမယ်။ ထို့ပြင် လူငယ်များကို အားကစားကဏ္ဍမှာ အားပေးအားမြှောက် လုပ်ပေးရပါမယ်။ မိဘများအနေဖြင့် သားသမီးများကို စာပေမှာပဲ အားပေးနေတာမျိုး မဖြစ်သင့်ဘဲ ဗလငါးတန်ပြည့်စုံလာဖို့ ရည်စူးသင့်ပါတယ်။ ငယ်ရွယ်ချိန်ဟာ ခန္ဓာကိုယ်ရော၊ ဥာဏ်ပညာရော၊ စိတ်ဓာတ်ပိုင်းရော အကောင်းဆုံး ဖွံ့ဖြိုးနေချိန်ပဲဖြစ်ပါတယ်။ ဒီအချိန်မှာ အားကစားကိုပုံမှန် လုပ်ခြင်းဖြင့် အရပ်အမောင်းအပါအဝင် ခန္ဓာကိုယ် ကြီးထွားမှုကိုရော၊ ဥာဏ်ရည်ဖွံ့ဖြိုးမှုရော၊ စိတ်ဓာတ်ကောင်းမွန်မှုကိုပါ အားကစားက မြှင့်တင်ပေးပါတယ်။ ကလေးငယ်များရဲ့ ဘက်စုံဖွံ့ဖြိုးမှုအတွက် အားကစားဟာ အရေးပါလှပါတယ်။ ကျောင်းသား၊ ကျောင်းသူများကို အားကစားနှင့် ကာယလှုပ်ရှားမှု အလေ့အကျင့် ရသွားစေတဲ့အခါ ထိုအကျင့်များက ကျောင်းပြင်ပကိုပါ ရောက်ရှိသွားမှာပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ လူထုအတွင်း အားကစားလှုပ်ရှားမှုများ တစိမ့်စိမ့်စီး ဝင်သွားမှာပဲဖြစ်ပါတယ်။ အားကစားကိုပုံမှန် လုပ်ဖြစ်လာတဲ့အခါ အားကစား စိတ်ဓာတ်များက နှလုံးသားမှာ အမြစ်တွယ်လာပါတယ်။ အားကစားစိတ်ဓာတ်မှာ ရိုးသားဖြောင့်မတ်ခြင်း၊ တရားမျှတခြင်း၊ မိမိကိုယ်ကိုလေးစားခြင်းနှင့် အခြားသူများအပေါ် လေးစားခြင်း၊ အသင်းလိုက်ဆောင်ရွက်တတ်ခြင်း၊ စည်းကမ်းလိုက်နာခြင်း စတဲ့ စံတန်ဖိုးတွေပါဝင်နေပါတယ်။ အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုတွေကိုလည်း အကောင်းဆုံး ရင်ဆိုင်တတ်စေပါတယ်။ ဒါကြောင့် အားကစား စိတ်ဓာတ်ရှိနေတဲ့ အခါမှာ လောကဓံကိုကောင်းကောင်း ရင်ဆိုင်တတ်စေနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှား အားကစားကို ပုံမှန်လုပ်ဆောင်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ သွေးလည်ပတ်မှု ကောင်းမွန်ခြင်း၊ ခန္ဓာကိုယ်ရှိ ဆဲလ်များ အောက်ဆီဂျင်ကောင်းစွာ ရစေခြင်း၊ လူငယ်များတွင် ခန္ဓာကိုယ် ကြီးထွားစေသော ဟော်မုန်းပိုမိုထွက်စေခြင်း၊ ကြွက်သားနှင့် အရိုးအဆစ်များ သန်မာစေခြင်း၊ အဆီပိုများကိုလောင်ကျွမ်းစေပြီး ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်ခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ အရိုးပါးနှင့် အရိုးကျီးပေါင်း ရောဂါများကို ကာကွယ်ပေးခြင်း၊ အစာကြေခြင်း၊ ခံတွင်းကောင်းခြင်း၊ အိပ်ကောင်းခြင်း၊ စိတ်ဖိစီးမှုများလျှော့ချပြီး တက်ကြွလန်းဆန်းစေခြင်း စတာတွေဖြစ်ပါတယ်။ တရားသဘောဖြင့် ကြည့်ပြန်လျှင်လည်း ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို မပိုင်ကြပါဘူး။ တစ်ဘဝစာ အငှားခန္ဓာကြီးမှာ လာနေကြရတာပါ။ ဒီခန္ဓာကြီးက မကျန်းမာရင် ကျွန်တော်တို့တွေ ဝေဒနာခံစားနေရမှာ ဖြစ်ပါတယ်။ ထိန်းသိမ်းစောင့်ရှောက်မှု မရှိဘဲ စီးနေတဲ့ မော်တော်ယာဉ်ဟာ အပျက်မြန်သလို ထိန်းသိမ်းစောင့်ရှောက်မှုမရှိတဲ့ခန္ဓာဟာ အပျက်အစီး အဆုံးအရှုံး မြန်မှာပဲ ဖြစ်ပါတယ်။ အားကစားလုပ်ခြင်းအားဖြင့် ခန္ဓာကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ ဘဝမှာ သင်ခန်းစာနှစ်မျိုး ရှိပါတယ်။ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံကရတဲ့ သင်ခန်းစာနဲ့ သူတစ်ပါးတွေရဲ့ အတွေ့အကြုံကရတဲ့ သင်ခန်းစာတို့ပဲ ဖြစ်ပါတယ်။ မူးယစ်ဆေးရဲ့ဆိုးကျိုးတွေကို ကိုယ်တိုင် မူးယစ်ဆေးစွဲပြီးမှသိလျှင် ပြန်ပြင်ဖို့မလွယ်သလို မကျန်းမာခြင်းရဲ့ ဆိုးကျိုးတွေကို ရောဂါဖြစ်ပြီးမှသိလျှင် ပြန်လည်ကျန်းမာဖို့ လွယ်ချင်မှလွယ်ပါလိမ့်မယ်။ မိဘတွေရဲ့ မေတ္တာနဲ့ကျေးဇူးကို မိဘတွေမရှိတော့မှသိလျှင် ပြန်ပြင်လို့မရသလို ကျန်းမာခြင်းရဲ့ကောင်းကျိုးတွေကို ရောဂါဖြစ်မှသိလျှင် နောက်ကျသွားတတ် တာမို့ သူတစ်ပါးရဲ့ အတွေ့အကြုံတွေကနေ သင်ခန်းစာယူပြီး  ရောဂါမဖြစ်ခင် ကျန်းမာသန်စွမ်းနေအောင် လေ့ကျင့်ထားကြရမှာ ဖြစ်ပါတယ်။ ယခုနောက်ပိုင်းတွင် ဆောင်းရာသီ၌  မြို့ပေါ်ကျောင်းများက ဦးစီးပြီး စက်ဘီးပြိုင်ပွဲများ ကျင်းပပေးနေသလို  မြို့မိမြို့ဖများက ဦးစီးပြီးလည်း အပြေးပြိုင်ပွဲများ ကျင်းပပေးနေကြတာ အားရစရာရှိလှပါတယ်။ ဒါတွေဟာ လူထုက အားကစားကို အလေးထားလာတာရဲ့ ပြယုဂ်တွေပဲဖြစ်ပါတယ်။ ပိုမိုကျန်းမာကြံ့ခိုင်တဲ့ မျိုးဆက်တွေ ပေါ်ထွန်းလာမယ့် နိမိတ်လည်းဖြစ်ပါတယ်။ ''အစပိုင်းမှာ ငါတို့က အလေ့အကျင့်တွေကိုလုပ်။ နောက်ပိုင်းကျ အလေ့အကျင့်တွေက ငါတို့ကိုလုပ်'' ဆိုတဲ့အတိုင်း ကျွန်တော်တို့တွေဟာ ကျွန်တော်တို့ရဲ့ အလေ့အကျင့်တွေက ပြဋ္ဌာန်းတဲ့ဘဝမှာရှင်သန်ကြရတာပါ။ ကျန်းမာ ပျော်ရွှင်တဲ့ ဘဝကိုရဖို့ ကိုယ်လက်လှုပ်ရှားပုံမှန်လုပ်ခြင်းဆိုတဲ့ အလေ့အကျင့်ကိုမွေးမြူရပါလိမ့်မယ်။ ဒါကြောင့်''အာရောဂျံ ပရမံ လာဘံ'' ဆိုတဲ့စကားကို ရောဂါဖြစ်မှသတိမရဘဲ ခုကတည်းက မပျက်နှလုံးသွင်းထားပြီး အားကစားကို ပုံမှန်လုပ်နေသင့် ပါကြောင်း သတိပေးနှိုးဆော် လိုက်ရပါတယ်။

ဒေါက်ဇော်

Read 288 times Last modified on Sunday, 17 February 2019 15:22