SJ WorldNews - шаблон joomla Авто

ဝက်သက်ရောဂါ ဖြစ်ပွားမှု လျော့ပါးရေး ကာလတိုးမြှင့် ဆောင်ရွက်

Monday, 01 April 2019 11:04 font size decrease font size decrease font size increase font size increase font size

ဝက်သက်ရောဂါဖြစ်ပွားမှု လျော့ပါးရေးနှင့် ပတ်သက်သည့်   တစ်ကမ္ဘာလုံး ဆိုင်ရာ သတ်မှတ်ချက်ကို ၂ဝ၂၃ ခုနှစ်အထိ ကာလတိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်း ကျန်းမာ ရေးနှင့်အားကစား ဝန်ကြီးဌာန ဗဟိုတိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာအောင်နိုင်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ သတ်မှတ်ချက်တွင်  ဝက်သက် ရောဂါဖြစ်ပွားမှု ကင်းစင်သော အခြေအနေသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီး၌ ၂ဝ၂ဝ ပြည့်နှစ်တွင် ၉၅ ရာခိုင်နှုန်းနှင့် အထက်ရှိစေရန် လျာထားခဲ့သော်လည်း လျာထား ကာလအတွင်း   ပြည့်မီနိုင်ခြင်း မရှိသည့်အတွက် ယင်းကဲ့သို့ ကာလတိုးမြှင့် သတ်မှတ်ခြင်းဖြစ်သည်။

''တစ်ကမ္ဘာလုံး အနေအထားမှာတောင် ၈ဝ ရာခိုင်နှုန်းရဲ့အထက်နဲ့ ၉၅ ရာခိုင်နှုန်းရဲ့ အောက်မှာပဲရှိနေတယ်။  ၉၅  ရာခိုင်နှုန်း အထက်ဖြစ်ဖို့ ၂ဝ၂ဝ ပြည့်နှစ်ကို လျာထားပေမယ့် မတ် ၁၄ ရက်က ပြုလုပ်တဲ့ အစည်းအဝေးမှာ ဆွေးနွေးခဲ့တဲ့ Update အချက်အလက်တွေ အရဆိုရင် ၂ဝ၂ဝ ပြည့်နှစ်မှာ မရနိုင်တာကြောင့်  ၂ဝ၂၃  ခုနှစ်အထိ ပြန်ပြီးတော့   ရည်မှန်းထားကြတာဖြစ်ပါ တယ်''   ဟု  ဒေါက်တာအောင်နိုင်ဦး ကပြောသည်။

မြန်မာနိုင်ငံတွင် ဝက်သက်ရောဂါ ကင်းစင်ရေးအတွက် မူလက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် တစ်ခုတည်း၌သာ လုပ်ဆောင်နေရာမှ  ထပ်မံ၍  မြို့နယ်ခုနစ်ခု တိုးချဲ့ပြီး တိုင်းရင်းသား ဒေသများနှင့် ဝေးလံသော ဒေသများပါမကျန် ကာကွယ်ဆေး ထိုးနိုင်ရန် ရည်ရွယ်ကာ အစီအစဉ်များ ရေးဆွဲနေသကဲ့သို့ GIS မြေပုံများကို အသုံးပြု၍ ကာကွယ်ဆေး မထိုးရသေးသော လစ်လပ်နေသည့် နေရာမရှိစေရေး အတွက်လည်း အစီအစဉ်များ ရေးဆွဲ လျက် ရှိကြောင်း သိရသည်။

လတ်တလော ဝက်သက်ရောဂါဖြစ်ပွားသည့် လူနာများကို လေ့လာရာတွင် ဖြစ်ပွား သူအများစုမှာ  ကာကွယ်ဆေးထိုးနှံဖူးခြင်း မရှိသူများသာ  ဖြစ်နေသည်ကို   လေ့လာ တွေ့ရှိရကြောင်း သိရသည်။

Read 278 times Last modified on Monday, 01 April 2019 11:05