မိတ္ထီလာမြို့နယ် ကန်တောင်ကျေးရွာအနီးရှိ ထီလာဦး မျက်စိအထူးကု ဆေးရုံတွင် မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်၊ ရမည်းသင်း၊ ပျော်ဘွယ်၊ မြင်းခြံ၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ နတ်မောက်ဒေသတို့မှ မျက်စိဝေဒနာရှင်များအား မေ ၂ဝ ရက်မှ ၂၁ ရက်အထိ မြန်မာနိုင်ငံ မျက်စိဆရာဝန် အသင်းဥက္ကဋ္ဌနှင့် မျက်စိအထူးကု ဆရာဝန်များက အခမဲ့ခွဲစိတ် ကုသပေးကြောင်း သိရသည်။
''မြန်မာနိုင်ငံမျက်စိဆရာဝန် အသင်းအနေနဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ရပ်အဖြစ် အခုလိုမျက်စိဝေဒနာရှင်တွေကို အခမဲ့လာရောက် ခွဲစိတ်ကုသပေးတာပါ။ မျက်စိအထူးကု ဆရာဝန်အဖွဲ့ဝင် စုစုပေါင်းခြောက်ဦးနဲ့ လာရောက်အခမဲ့ ခွဲစိတ်ကုသပေးတာပါ။ အခုက မျက်ခွံနဲ့ မျက်ရည်လမ်းကြောင်းဆိုင်ရာ မျက်စိဝေဒနာရှင်တွေ ကုသပေးတာဖြစ်ပါတယ်''
ဟု မြန်မာနိုင်ငံမျက်စိဆရာဝန်အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါ်ခင်ဥမ္မာခိုင် ကပြောသည်။''အခမဲ့ ကုသဆောင်ရွက်မှုပေးတဲ့ လူနာအရေအတွက် ၃၈ ဦးဖြစ်ပြီး မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်အပါအဝင် ရမည်းသင်း၊ ပျော်ဘွယ်၊ မြင်းခြံ၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ နတ်မောက်စတဲ့ ဒေသစုံကလူနာတွေ လာရောက်ကုသမှု ခံယူပါတယ်။ အခုလိုမျက်စိဝေဒနာရှင် လူနာတွေတစုတစည်းတည်း အခမဲ့ခွဲစိတ် ကုသမှုခံယူနိုင်ဖို့ အချိန်နှစ်လခန့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ပေးခဲ့တာပါ''ဟု ထီလာဦးမျက်စိ အထူးကုဆေးရုံမှ ဒေါက်တာခင်ဇော်ထွန်း ကပြောသည်။
အလားတူ မြန်မာနိုင်ငံမျက်စိ ဆရာဝန်အသင်း ဥက္ကဋ္ဌနှင့် မျက်စိအထူးကု ဆရာဝန်များအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုလမ်းညွှန်မှု၊ မြန်မာနိုင်ငံ ဆရာဝန် အသင်း၏ ပံ့ပိုးကူညီမှုဖြင့် ရခိုင်ပြည်နယ် သံတွဲမြို့မှ မျက်စိဝေဒနာရှင်များအား ဇန်နဝါရီလအတွင်းက အခမဲ့ခွဲစိတ် ကုသ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။