SJ WorldNews - шаблон joomla Авто

၂ဝ၁၇ ခုနှစ် ကမ္ဘာ့နှလုံး ကျန်းမာရေးနေ့ အထိမ်းအမှတ် နှလုံးကျန်းမာရေး ပညာပေး ဟောပြော

Monday, 25 September 2017 10:32 font size decrease font size decrease font size increase font size increase font size

မန္တလေး စက်တင်ဘာ  ၂၄

မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးနှင့် နိုင်ငံခြားဆေးကုမ္ပဏီများ ပူးပေါင်း၍ ၂ဝ၁၇ ခုနှစ် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ် နှလုံးကျန်းမာရေး ပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် လမ်း၃ဝ ရှိ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး ငါးထပ်နှလုံး ဆေးကုသဆောင်သစ်တွင် ကျင်းပသည်။

အခမ်းအနားတွင် နှလုံးရောဂါအထူးကု ဌာန ပါမောက္ခ/ဌာနမှူး(ငြိမ်း) ဒေါက်တာထွန်းရွှေက အဖွင့်အမှာစကား ပြောကြားပြီး နှလုံးအထူးကုဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာသန်းသန်းကြိုင်က သွေးတိုးရော ဂါဖြစ်ပွားရခြင်း၊ သွေးတိုးရောဂါအဆင့်သတ်မှတ်ချက်၊ သွေးပေါင်ချိန်ခြင်းနှင့် သွေးကျဆေးသောက်ခြင်း၊ သွေးကြောနံရံ ထူလာခြင်း၊ သွေးဖိအားနှင့် နှလုံးရောဂါဆက်နွှယ်မှု၊ သွေးပေါင်ချိန်မြင့်မားခြင်းသည် နှလုံးရောဂါ၊ လေဖြတ်ရောဂါများ၏ အကြောင်းရင်းဖြစ်သဖြင့် သွေးပေါင်မှန်မှန်ချိန်ရန်နှင့် ကိုယ်လက်လှုပ်ရှားခြင်း၊ လမ်းလျှောက်ခြင်း ပြုလုပ်ရန် ဟောပြောသည်။

ထို့နောက် နှလုံးအထူးကုဌာန ပါမောက္ခနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသူများအား ကျန်းမာရေးပညာပေး လက်ကမ်းစာစောင်များနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ သွေးတိုးရောဂါ၊ နှလုံးရောဂါ သည် ကမ္ဘာ့နံပါတ်တစ် သေဆုံးမှုများသော ရောဂါဖြစ်ရာ နှစ်စဉ်အရွယ်မတိုင်မီ သေဆုံးမှု ၁၇ ဒသမ ၅ သန်းဖြစ်ပွားလျက်ရှိသဖြင့် နေ့စဉ်ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင် စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခြင်း၊ သွေးတိုးစေသော အငန်လျှော့စားခြင်း၊ ဆေးလိပ်ဖြတ်ခြင်းတို့ဖြင့် ကာကွယ်နိုင်သည်။

ဟောပြောပွဲသို့ နှလုံးရောဂါ အထူးကုဌာန ပါမောက္ခ/ဌာနမှူး (ငြိမ်း)ဒေါက်တာထွန်းရွှေ၊ နှလုံးရောဂါအထူးကုဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာသန်းသန်းကြိုင်နှင့် တွဲဖက် ပါမောက္ခများ၊ နှလုံးအထူးကု ဆရာဝန်များ၊ နှလုံးရောဂါကုသဆောင်မှ သူနာပြုဆရာမများ၊ ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။  

Read 566 times Last modified on Monday, 25 September 2017 10:33