SJ WorldNews - шаблон joomla Авто

စိတ်ကျရောဂါ

Sunday, 01 September 2019 09:31 font size decrease font size decrease font size increase font size increase font size

သည်ဘက်ခေတ်တွေမှာ လူတွေက စားဝတ်နေရေးအတွက်စိတ်ဖိစီးမှု ပိုများလာကာ ကြားကာလမှာ ပြောင်းလဲမှုတွေ လက်လှမ်းမီအောင် လုပ်နိုင်ဖို့ ကြိုးစားကြရပါတယ်။ ယှဉ်ပြိုင်ကြရပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ပိုမိုများပြားလာတယ်။ ဘာသာတရားဘက်လှည့်ထွက်ဖို့ ညွှန်ကြားပေးမယ့်သူမရှိတဲ့အခါ စိတ်ကျရောဂါပိုပြီးတွေ့ရပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ စနစ်တစ်ခုကနေ နောက်စနစ်တစ်ခုပြောင်းသွားတိုင်း စနစ်နဲ့ အံဝင်ခွင်ကျအလျင်မီဖို့ အလိုက်သင့်ပြောင်းလဲကြဖို့ အဆင်သင့်မရှိဘူး ဖြစ်နေတယ်။ ရေစီးကြောင်းအတိုင်း မလိုက်နိုင်တဲ့အခါ လောကဓံကြောင့်ဖြစ်လာတဲ့ တုံ့ပြန်မှုနဲ့ဆိုင်တဲ့ ပြဿနာတွေပိုများတယ်။ မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ စာရင်းဇယားများအရ စိတ်ကျရောဂါဖြစ်ပွားမှုဟာ တတိယအများဆုံး ဖြစ်ပွားနေတယ်။ လူဦးရေ ၁ဝဝဝ မှ ၅ ဒသမ ၇ ရာခိုင်နှုန်းဟာ စိတ်ကျရောဂါဖြစ်ပွားနေပြီး လူဦးရေ သုံးသိန်းခန့်မှာ ရောဂါခံစားနေကြရကြောင်း၊ ကလေးမီးဖွားစမိခင်များ၊ တီဘီရောဂါဝေဒနာရှင်များနဲ့ သက်ကြီးရွယ်အိုတွေမှာ စိတ်ကျရောဂါ ခံစားနေရကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့အချက်အလက်များအရ သိရတယ်။ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင် အာရှနိုင်ငံတွေမှာ စိတ်ကျရောဂါခံစားနေရသူ ၈၆ သန်းရှိကာ ၂ဝဝ၅ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အထိ ဆယ်စုနှစ်တစ်စုကျော်မှာ ဝေဒနာရှင် ၁၈ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ထုတ်ပြန်ထားတယ်။ စိတ်ကျန်းမာရေး အနက် စိတ်ကျရောဂါဟာ တစ်ကမ္ဘာလုံးနဲ့နှိုင်းယှဉ်ရင် အများဆုံးတွေ့ရတဲ့ရောဂါဖြစ်ကာ ကမ္ဘာပေါ်မှာစိတ်ကျရောဂါခံစားရသူ ၃၂၂ သန်းရှိပြီး စိတ်ကျရောဂါသည်ဦးရေ ရှစ်သိန်းဟာ နှစ်စဉ်မိမိကိုယ်ကို အဆုံးစီရင်လျက်ရှိကြောင်း သိရတယ်။ စိတ်ကျရောဂါရဲ့ လက္ခဏာတွေက စိတ်ပျော်ရွှင်မှုမရှိခြင်း၊ စိတ်အားငယ်ကာ ဝမ်းနည်းနေခြင်း၊ စိတ်ရောကိုယ်ပါ ထိုင်းမှိုင်းနှေးကွေးခြင်း၊ ညစဉ်ရက်ဆက်အိပ်မပျော်ခြင်း၊ နံနက်စောစောနိုးနေခြင်း၊ အစားအသောက်ပျက်ကာ ခန္ဓာကိုယ် အလေးချိန်ကျဆင်းခြင်း၊ သာယာမှုဆိတ်သုဉ်းခြင်း၊အရာရာတိုင်းကို စိတ်ပါဝင်စားမှုမရှိခြင်း၊ အာရုံစူးစိုက်၍မရခြင်း၊ ပင်ပန်းနွမ်းနယ်ပြီး အားမရှိသလိုခံစားရခြင်း၊ မိမိကိုယ်ကို အပြစ်ရှိတယ်လို့ ယုံမှားခြင်း၊ ယုံကြည်မှုမရှိခြင်း၊ သေကြောင်း ကြံစည်ရန် စိတ်ကူးများရှိနေခြင်းတို့ဖြစ်တယ်။ စိတ်ဓာတ်ကျခြင်းရောဂါ လက္ခဏာတွေက စိတ်ရောကိုယ်ပါ အထူး တက်ကြွနေခြင်း၊ ကရားရေလွှတ်အဆက်မပြတ်စကားပြောခြင်း၊ စိတ်နေမြင့်၊ ဘဝင်မြင့်ခြင်း၊ အလွန်အမင်းခံစားရတတ်ခြင်း၊ အသုံးအဖြုန်းများနေခြင်း၊ အလှအပပြင်ဆင်မှုလွန်ကဲခြင်း၊ ကြမ်းတမ်းစွာပြုမူတတ်ခြင်း၊ အအိပ်နည်းခြင်း၊ အဆင်အခြင် ကင်းမဲ့ခြင်း၊ ကာမရာဂစိတ်များခြင်းတို့ဖြစ်ကာ ဆုံးရှုံးမှုတစ်ခုခုအပေါ် ခွင့်မလွှတ်နိုင်ခြင်းတို့ပါဝင်တယ်။ စိတ်ကျရောဂါ ဖြစ်နေကြောင်း လူနာကိုယ်တိုင်သိချင်မှ သိပေမယ့် ဘေးကကြည့်သူက မြင်သာပါတယ်။ ဆေးမကုသဘဲထားရှိရင် အကြီးစား စိတ်ဖောက်ပြန်တဲ့ ရောဂါဖြစ်လာပါတယ်။ စိတ်ဖောက်ပြန်တဲ့ရောဂါ လက္ခဏာတွေက တစ်ယောက်တည်းစကားပြောခြင်း၊ ပြုံးခြင်း၊ ရယ်ခြင်း၊ သာမန်နားမလည်နိုင်တဲ့ သံသယစိတ်လွန်ကဲခြင်း၊ မူမမှန်တဲ့အပြုအမူ ရှိနေခြင်း၊ ရုတ်တရက်ကြမ်းတမ်းခြင်း၊ ဒေါသထွက်ခြင်း၊ တစ်ခါတစ်ရံမလှုပ် မယှက်ကျောက်ရုပ်လိုနေခြင်း၊ သူများမကြားရတဲ့အသံကြားခြင်း၊ သူများမမြင်တဲ့ အမြင်မြင်ခြင်း၊ အနံ့မရှိဘဲနံခြင်း၊ မွှေးခြင်း၊ ပစ္စည်းမရှိဘဲ အရသာအတွေ့အထိခံစားရခြင်း၊ စကားပြောမမှန်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းခြင်း၊ မိမိကိုယ်ကိုဂရုမစိုက်နိုင်ခြင်း၊ အတွေးအခေါ်နဲ့မှားယွင်းတဲ့ ယုံကြည်ချက်ရှိခြင်း၊ နေ့တိုင်းလုပ်ငန်း ဆောင်တာတွေ မလုပ်ကိုင်နိုင်တော့ခြင်း၊လူ့အသိုင်းအဝိုင်းများမှ ရှောင်ကြဉ်လာခြင်းတို့ဖြစ်သည်။ နောက်တစ်မျိုးက ငုံးဆူလူမသိ အုံ့ပုန်းသမားတွေ၊ ပုံမှန်မဟုတ်တဲ့စိတ်၊ Neurosis သမားတွေပဲဖြစ်တယ်။ နျူရိုးဆစ်ရောဂါလက္ခဏာတွေက ခြေဖျားလက်ဖျား အေးခြင်း၊ ရင်တုန်ခြင်း၊ ဇက်ထိုးခေါင်းကိုက်ခြင်း၊အကြောတက်ခြင်း၊ စိုးရိမ်စိတ်လွန်ကဲခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဆူညံသံ မခံနိုင်ခြင်း၊ အာရုံစူးစိုက်မှုအားနည်းခြင်း၊ မဖြစ်သေးတဲ့ကိစ္စတွေကို ကြိုတင်တွေးကာ ကြောက်ရွံ့နေခြင်း၊ မဟုတ်မမှန်တဲ့ အတွေးတွေ ထပ်တလဲလဲပေါ်ခြင်း၊ စုန်းပူး၊ နတ်ပူးသလိုဖြစ်ခြင်း၊ အတွေးများကာ ညဦးပိုင်းအိပ်မပျော်ခြင်း၊ မိမိကိုယ်မိမိ ရောဂါရှိတယ်လို့ယူဆကာ ဆေးရုံကို မကြာခဏပြခြင်းတို့ဖြစ်တယ်။ နျူရိုးဆစ်ရောဂါသည်ရဲ့ အခက်အခဲကိုစိတ်ရှည်စွာ နားထောင်ခြင်းက လူနာကိုသက်သာစေပါတယ်။ လူနာကို စိုးရိမ်စိတ်များလို့ လက္ခဏာ ဖြစ်နေရတယ်လို့ စိတ်ရှည်စွာ ရှင်းပြပေးသင့်တယ်။ လူနာကစိတ်ကိုလျှော့ထားရင် ကိုယ်ရောစိတ်ပါတောင့်တင်းမှုမှ လျော့နည်းသွားကြောင်း ပြောပြရပါမယ်။ ညအိပ်မပျော်တတ်လို့ ညဘက်ဒိုင်ယာဇီပင်ဆေးပြားပေးရင် ၅ မီလီဂရမ်ဆေးတစ်ပြားထက် ပိုမပေးသင့်ပါဘူး။ အိပ်ပျော်သွားရင်၊ အိပ်ဆေးမလိုရင် ဆေးဖြတ်သင့်ပါတယ်။ ပုံမှန်အလုပ်လုပ်သင့်တယ်။ အလုပ်ကနေ အနားမယူသင့်ဘူး။ လူကြားထဲဝင်ဆံ့ နိုင်အောင်ပြင်ဆင်နေသင့်တယ်။ ဘာသာရေးနည်းလမ်း တရားထိုင်ခြင်း၊ တရားနာခြင်း၊ ပုတီးစိပ်ခြင်း၊ ယောဂနည်းစတာတွေက စိတ်အားထက်သန်လာစေကာ စိတ်ခွန်အားဖြစ်လာစေနိုင်တယ်။ စိတ်ကျရောဂါရှင်တွေ တစ်ခါတစ်ရံ စိတ်ဖောက်ပြန်ရောဂါ၊ စိတ်ကြွရောဂါ၊ နျူရိုးဆစ်ရောဂါတို့တွဲပြီး တွေ့ရတတ်ပါတယ်။စိတ်ကျရောဂါဖြစ်နေသူကို မိသားစုဆရာဝန်၊ ဒေသန္တရဆေးရုံ၊ ဆေးခန်းခေါ်ပြသင့်တယ်။ လူနာမခံချင်အောင် စနောက်ခြင်းမပြုသင့်ပါဘူး။ ညွှန်ကြားထားတဲ့ဆေး ဥပမာ- ဒိုင်ယာဇီပင် ၅ မီလီဂရမ်နဲ့ ထရစ်တာတွဲပေးကာ အိပ်ပျော်အောင်အိပ်စေသင့်တယ်။ အိပ်ရေးဝရင် ရောဂါသက်သာ သွားတတ်တာမို့ အိပ်စက်ခြင်းကိုပုံမှန်အိပ်၊ ပုံမှန်စား၊ ပုံမှန်လုပ်သင့်တယ်။ လူနာကိုတတ်နိုင်သလောက် ညင်သာစွာဆက်ဆံသင့်ပါတယ်။ သူတွေ့ကြုံနေရတဲ့ အခက်အခဲတွေနားထောင်ပေးကာ စိတ်ဓာတ်မကျဖို့ ပျောက်ကင်းနိုင်တဲ့ရောဂါ ဖြစ်ကြောင်းသိရှိအောင် ရှင်းပြထားသင့်ပါတယ်။ ပတ်ဝန်းကျင်မှာ အနည်းနဲ့အများစိတ်ဓာတ်ကျဆင်းသူတွေ တွေ့မြင်ရတတ်ပါတယ်။ သူတို့ကို လက်တွဲခေါ်သင့်ပါတယ်။ ပစ်ပယ်ထားရင် စိတ်ကျရောဂါပိုမိုဆိုးဝါးလာကာ ကိုယ့်အသက်ရန်ရှာတဲ့အထိ ဖြစ်နိုင်လို့ ကူညီသင့်တယ်။

ဒေါက်တာလွင်သန့်

Read 149 times Last modified on Sunday, 01 September 2019 09:35