SJ WorldNews - шаблон joomla Авто

တရားမဝင် ဆေးဝါးအတုများ ရောင်းချမှု တွေ့ရှိ၍ FDA မှ တရားစွဲဆိုရန် ဆောင်ရွက်

Monday, 09 September 2019 11:19 font size decrease font size decrease font size increase font size increase font size

FDA အနေဖြင့် တရားမဝင် ဆေးဝါးရောင်းချနေမှုကို လိုက်လံစစ်ဆေးရာ ဆေးဝါးအတု ရောင်းချနေမှု တွေ့ရှိသည့်အတွက် တရားစွဲဆိုရန် ဆောင်ရွက်နေကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) (ရန်ကုန်) ညွှန်ကြားရေးမှူး ဒေါက်တာမင်းဝန်၏ ပြောဆိုချက်အရ သိရသည်။

''တရားမဝင်ဆေးဝါးအတု ရောင်းချတာနဲ့ပတ်သက်ပြီး လတ်တလော အတုရောင်းနေတာ တွေ့ရတယ်။ ဒါပေမဲ့ တရားစွဲဆိုဖို့ ဆောင်ရွက်နေဆဲမို့ သတင်းမထုတ်ပြန်သေးတာပါ။ စစ်ဆေးမှုပြုလုပ်တာကတော့ လစဉ် ဆိုင် ၂ဝ ကျော် ၃ဝ အထိ စစ်ဆေးနေပါတယ်'' ဟု ဒေါက်တာမင်းဝန် ကပြောသည်။

တရားမဝင်ဆေးဝါး ရောင်းချနေမှုနှင့် ပတ်သက်၍ လစဉ်ခရိုင်လေးခုမှ လေးမြို့နယ်နှင့် ပုံမှန်နှစ်မြို့နယ် စုစုပေါင်း ခြောက်မြို့နယ်ရှိ ဆေးဆိုင်များကို တစ်မြို့နယ်လျှင် လေးဆိုင်မှ ရှစ်ဆိုင်အထိ စစ်ဆေးလျက်ရှိကြောင်း၊ ယင်းကဲ့သို့ စစ်ဆေးရာတွင် ဆေးဝါး (လက်လီ၊  လက်ကား) ဖြန့်ဖြူးရောင်းချနေသည့် ဆိုင်များ၊ ဆေးဆိုင်များတွင် ဆေးဝါးအတုများ၊ စံချိန်စံညွှန်းနှင့် မကိုက်ညီသော ဆေးဝါးများ၊ မြန်မာနိုင်ငံဆေးဝါး မှတ်ပုံတင်မရှိသော ဆေးဝါးများ၊ စပ်ဆေးများ စသည်တို့ကို စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

ပထမအကြိမ် စစ်ဆေးတွေ့ရှိပါက  ဆိုင်သုံးလ ပိတ်သိမ်းခြင်း၊  ဒုတိယအကြိမ် စစ်ဆေးတွေ့ရှိပါက ဆိုင်ခြောက်လ ပိတ်သိမ်းခြင်းနှင့် တတိယအကြိမ် စစ်ဆေးတွေ့ရှိပါက အမျိုးသားဆေးဝါး ဥပဒေဖြင့် တရားစွဲဆိုခြင်းနှင့်  ဆေးဝါးရောင်းချခွင့် လိုင်စင်ပိတ်သိမ်းခြင်းဖြင့်  အရေးယူဆောင်ရွက်ခြင်း ဖြစ်သည်။

၂ဝ၁၉ ခုနှစ် သြဂုတ်လအထိ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆေးဆိုင်ပေါင်း ၂ဝဝ ကျော်အထိ စစ်ဆေးရာတွင် တရားမဝင်ဆေးဝါး ရောင်းချခြင်းနှင့် စပ်ဆေးရောင်းချခြင်းတို့ တွေ့ရှိရပြီး ဆိုင်ပေါင်း ၆ဝ ကျော် ပိတ်သိမ်းထားကြောင်း၊ လတ်တလောတွင် ဆေးဝါးအတု ရောင်းချနေမှုကို တွေ့ရှိရသဖြင့် တရားစွဲဆိုရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း  သိရသည်။

စက်တင်ဘာ ၄ ရက်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်  ရွှေပြည့်စုံဈေးအတွင်း စစ်ဆေးရာ ဆေးဆိုင်သုံးဆိုင်ကို မြန်မာနိုင်ငံ ဆေးဝါး မှတ်ပုံတင်အမှတ် မပါရှိသောဆေးဝါး ၁၃ မျိုး စစ်ဆေးတွေ့ရှိသဖြင့် စီမံခန့်ခွဲမှုနည်းလမ်းအရ ဆိုင်ပိတ်သိမ်းအရေးယူထားရသည်။

ထို့ပြင် FDA အနေဖြင့် ဆေးဝါးများနှင့် ပတ်သက်၍ သတိပြုသင့်သည့် အချက်များနှင့် မြန်မာနိုင်ငံဆေးဝါး မှတ်ပုံတင် အမှတ်ကြည့်ရှုနည်းများ၊ အလှကုန်များနှင့် ပတ်သက်၍ သတိထားရမည့် အချက်များကို အသိပညာပေး ဟောပြောခြင်းများ   ပြုလုပ်လျက်ရှိကြောင်း သိရသည်။                             

Read 79 times Last modified on Monday, 09 September 2019 11:20