SJ WorldNews - шаблон joomla Авто

နိုင်ငံတစ်ဝန်း၌ ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်း ထိုးနှံမှုကို နိုဝင်ဘာလအတွင်း ထိုးနှံပေးမည်

Thursday, 31 October 2019 09:07 font size decrease font size decrease font size increase font size increase font size

နိုင်ငံတစ်ဝန်း၌   ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး   အပိုဆောင်းထိုးနှံမှုကို နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင် ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ  ကာကွယ်ဆေးထိုး လုပ်ငန်းတွင်  လုပ်ငန်းစဉ်အပိုင်း(၁) အနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုရှိ မြို့နယ် ၉၆ မြို့နယ်၌ အောက်တိုဘာ ၂၅ ရက်မှ ၂၉ ရက်အထိ ဝက်သက်-ဂျိုက်သိုးရောဂါ အပိုဆောင်း ကာကွယ်ဆေးကို    ပိုလီယို ကာကွယ်ဆေးနှင့်အတူ   ထိုးနှံတိုက်ကျွေးပေးကြောင်း၊ လုပ်ငန်းစဉ်အပိုင်း(၂) အနေဖြင့် နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကျန်၂၃၄ မြို့နယ်၌ ဝက်သက်- ဂျိုက်သိုး ရောဂါကာကွယ်ဆေးကို  အပိုဆောင်း တစ်ကြိမ် ထိုးနှံပေးမည်ဖြစ်သည်။

''ဝက်သက်ရောဂါ ကာကွယ်ဆေးကို မြန်မာနိုင်ငံမှာ ၁၉၈၇ ခုနှစ်ကစပြီး ပထမအကြိမ် စတင်ထည့်သွင်း ထိုးနှံပေးခဲ့တယ်။ ၁၉၉၅ ခုနှစ်အထိ လွှမ်းခြုံမှု ၈ဝ ရာခိုင်နှုန်း အောက်မှာရှိတယ်။ ၁၉၉၅ ခုနှစ်နောက် ပိုင်းမှာ လွှမ်းခြုံမှု ၈ဝ ရာခိုင်နှုန်းအထက် ကျော်လွန်ရရှိခဲ့ပေမယ့် ရည်မှန်းထားတဲ့  လွှမ်းခြုံမှု    ၉၅  ရာခိုင်နှုန်း အထက်ကို ရောက်ရှိဖို့   ကြိုးစားခဲ့တယ်။  ရည်မှန်းထားတဲ့ လွှမ်းခြုံမှုရာခိုင်နှုန်းကို   မြှင့်တင် နိုင်ဖို့ ၂ဝ၁၂ ခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် ဝက်သက်ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ပြီး   ၂ဝ၁၅   ခုနှစ်မှာ ဝက်သက်ကာကွယ်ဆေး အပြင်   ဂျိုက်သိုးရောဂါ ကာကွယ်ဆေးကိုလည်း ထပ်မံထည့်သွင်း ထိုးနှံတိုက်ကျွေး ခဲ့ပါတယ်။    ၂ဝ၂၃ ခုနှစ်မှာ    ဝက်သက်-ဂျိုက်သိုးရောဂါ ကင်းစင်ရေး ရည်မှန်းချက် ထားရှိပြီး နည်းဗျူဟာ ကိုးရပ်နဲ့ ကြိုးပမ်း ဆောင်ရွက်နေပါတယ်''ဟု ဒေါက်တာသန္တာလွင် ကပြောသည်။

ဝက်သက်- ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကလေးငယ်တစ်ဦး အတွက် အမေရိကန်ဒေါ်လာ ၂၈ ဒေါ်လာ ကုန်ကျပြီး အဆိုပါကုန်ကျစရိတ်၏ ၂၆ ရာခိုင်နှုန်းကို နိုင်ငံတော် ဘဏ္ဍာငွေမှ အကုန် အကျခံကာ ကျန် ၇၄ ရာခိုင်နှုန်းကို GAVI အဖွဲ့အစည်း၏  အဓိကလှူဒါန်းမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ ယခုထိုးနှံပေးမည့် ကာကွယ်ဆေးများ  အရည်အသွေး ပြည့်မီစေရေးအတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ထောက်ခံချက်ဖြင့်   UNICEF မှတစ်ဆင့် ဝယ်ယူထားခြင်းဖြစ်ပြီး လက်ရှိ အခြေအနေတွင် ဝက်သက်- ဂျိုက်သိုး ရောဂါကာကွယ်ဆေးထိုး လုပ်ငန်း၏ လွှမ်းခြုံမှုမှာ တစ်နိုင်ငံလုံး၌   ၉ဝ  ရာခိုင်နှုန်း အထက်တွင်ရှိသည်။    ဝက်သက်ရောဂါ ဖြစ်ပွားကူးစက်မှုနှုန်း လျော့နည်းခဲ့သော် လည်း လွှမ်းခြုံမှုနည်းပါးသည့် ဒေသများ၌ ၂ဝ၁၈   ခုနှစ်နှင့်  ၂ဝ၁၉  ခုနှစ်တို့တွင် ဝက်သက်ရောဂါ ဖြစ်ပွားကူးစက်မှု များပြားလာရာ ၂ဝ၁၈ ခုနှစ်တွင် ဝက်သက်ရောဂါ ဖြစ်ပွားကူးစက်ခံရသူ ၁၃၉ဝ  ဦးရှိခဲ့ပြီး ၂ဝ၁၉  ခုနှစ်တွင်  ၃၈၆၂  ဦးရှိကြောင်း   သိရသည်။

Read 122 times Last modified on Thursday, 31 October 2019 09:08