ကျန်းမာရေး
လူ့အသိုင်းအ၀ိုင်း၏ သတ်မှတ်ချက်အရ လူရယ်ဟုဖြစ်လာပြီဆိုလျှင် လုပ်ဆောင်သင့်သည့် တာဝန်ဝတ္တရားတစ်ခုမှာ မျိုးဆက် ပြန့်ပွားရေးပင်ဖြစ်သည်။ မျိုးဆက်ပြန့်ပွားရေးဟု ဆိုသော်လည်း ကလေးများကိုအထိန်းအကွပ်မဲ့ မွေးဖွားရမည်ဟု မဆိုလိုပေ။
မိမိတို့၏ အနာဂတ် မျိုးဆက်များသည် မိမိတို့ထက် ပိုမိုအဆင့်မြင့်သောဘ၀ကို ဖန်တီးနိုင်ရန်လိုအပ်သည်။ သို့မှသာ လူ့ အသိုင်း အ၀ိုင်းအတွက် အကျိုးရှိသူများ ဖြစ်လာမည်ဖြစ်သည်။ ထိုသို့ဖြစ်လာစေရန် အတွက် ကလေးများကို မိမိ တာဝန်ယူ နိုင်သလောက်သာ မွေးသင့်သည်။
တစ်ဖက်တွင်လည်း ကလေးအမြောက် အမြား မွေးဖွားထားသူများအနေဖြင့် ထိုကလေးများ၏ စားဝတ်နေရေး အဆင်ပြေ အောင်ထောက်ပံ့ပေးနိုင်ရေးအပြင် ပညာသင်ကြားရေးနှင့် လိမ္မာရေးခြားရှိအောင် ဆုံးမနိုင်ရေးတို့တွင် သိသိသာသာ အားနည်း နိုင်သည်။ ထို့ကြောင့် အိမ်ထောင်တစ်ခုတွင် မဖြစ်မနေချမှတ်ရမည့် မိသားစုစီမံကိန်း အတွက် သန္ဓေတားခြင်းက အဓိကကျသော အခန်းကဏ္ဍမှပါဝင်လာသည်။
ယခင်ကသန္ဓေတားရာတွင် အမျိုးသမီး များကသာ ထိုးဆေးဖြင့်တစ်မျိုး၊ သောက်ဆေးဖြင့်တစ်ဖုံ သန္ဓေ တားရသည့်အတွက် ၎င်းတို့ တွင် ကျန်းမာရေးဘေးထွက်ဆိုးကျိုးများကို ခံစားရစေသည်။ ယခုအခါတွင် အမျိုးသမီး များ အနေဖြင့် ထိုကဲ့သို့ဘေးထွက် ဆိုးကျိုးများ ခံစားရမှု ဒုက္ခမှလွတ်မြောက်နိုင်တော့မည်ဖြစ်သည်။
အကြောင်းရင်းမှာ ကမ္ဘာ့ပထမဆုံးဖြစ်သည့် အမျိုးသားများအတွက်သန္ဓေတားဆေးကို အိန်္ဒိယ သိပ္ပံ ပညာရှင်များက တီထွင် ထုတ်လုပ်ပေးလိုက်သောကြောင့်ဖြစ်သည်။ အိန်္ဒိယဆေးကောင်စီသည် အဆိုပါအမျိုးသားသနေ်္ဓတားထိုးဆေးကို လက်တွေ့ စမ်းသပ်ကုသမှုများလုပ်ဆောင်ထားပြီးဖြစ်သည်။
လက်တွေ့စမ်းသပ်ကုသမှုရလဒ်မှာလည်း အောင်မြင်မှုရှိသည်။ ထို့ကြောင့် အဆိုပါ အမျိုးသား သန္ဓေတားထိုးဆေးကို တရားဝင် အမြောက်အမြားထုတ်လုပ်အသုံးပြုနိုင်စေရန်အတွက် အိန်္ဒိယ ဆေးဝါးထိန်းချုပ်ရေး အဖွဲ့၏ တရားဝင် အသိအမှတ်ပြု မှုသာလို တော့သည်။
သန္ဓေတားရန်အတွက် ခွဲစိတ်ရန်မလို သည့် အဆိုပါအမျိုးသား သန္ဓေတားထိုးဆေးကို အမျိုးသား ၃၀၃ ဦးတွင် လက်တွေ့ စမ်းသပ်ရာ အောင်မြင်မှုရာခိုင်နှုန်း ၉၇ဒသမ ၃ ရာခိုင်နှုန်းရှိပြီး ဘေးထွက်ဆိုးကျိုး လုံးဝမရှိသည်ကို တွေ့ရကြောင်း အိန်္ဒိယ ဆေးသုတေသနကောင်စီက အတည်ပြုထားသည်။
ဟော်မုန်း အသုံးပြုထားခြင်း မရှိသည့် အဆိုပါ သန္ဓေတားဆေးကို ထိန်းချုပ်မှုအောက်ရှိပြောင်းပြန်ဖြစ်သော သုတ်ပိုး ဟန့်တားမှုဟု ခေါ်သည်။ ထိုသန္ဓေတားဆေးသည် ယခင်က ကမ္ဘာပေါ်တွင် အမျိုးသားများအတွက် တစ်ခုတည်းသော သန္ဓေတား နည်းလမ်းဖြစ်သည့် သားကြောဖြတ်ခြင်းနေရာတွင် အစားထိုးနိုင်မည်ဖြစ်သည်။
အဆိုပါအမျိုးသားသနေ်္ဓတားထိုးဆေးထုတ်လုပ်မှုကို အိန်္ဒိယနိုင်ငံကအောင်မြင်သွားပြီဖြစ်သော်လည်း အမေရိကန်နှင့်
ဗြိတိန်နိုင်ငံ တို့မှ သုတေသနပညာရှင်များက လေ့လာမှုများ လုပ်ဆောင်နေဆဲဖြစ်သည်။ ဗြိတိန်အမျိုးသား ကျန်းမာရေး ဌာန၏ ၀က်ဆိုက်တွင်ဖော်ပြချက်အရဆိုလျှင် ဗြိတိန် သုတေသနပညာရှင်များသည် ထိုကဲ့သို့သော အမျိုးသား သန္ဓေတားဆေးကို ၂၀၁၆ ခုနှစ်တွင် အမျိုးသားအယောက် ၃၂၀ ၌ စမ်းသပ်ခဲ့သည်ဟု သိရသည်။
ထိုစမ်းသပ်မှုတွင် အောင်မြင်မှု ရာခိုင်နှုန်းမှာ ၉၈ ဒသမ ၄ ရာခိုင်နှုန်းရှိသည်။ သို့သော် စိတ်ကျခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ၀က်ခြံထွက်ခြင်းနှင့် ရာဂစိတ်ကြွမှု မြင့်တက်ခြင်း တို့ကဲ့သို့ ပြဿနာများဖြစ်စေသည့် ဘေးထွက် ဆိုးကျိုး များလည်း ရှိနေသည်ကို တွေ့ရသည်။
ယခု အိန်္ဒိယက ထုတ်လုပ်လိုက်နိုင်သည့် အမျိုးသား သန္ဓေ တားဆေးမှာ မော်လီကျူးလေးများ စုစည်းမှုဖြင့် မော်လီကျူး အကြီးစား များဖြစ်လာသည့် သဘာဝရှိသော သဘာဝနှင့် လူလုပ်ဒြပ်ပေါင်း ဖြစ်သည့် ပေါ်လီမာဖြစ်ပြီး ၎င်းကို အရပ်ထဲရှိ ဆရာဝန် များဖြင့်ပင် ထုံဆေးပေး၍ ထိုးနှံနိုင်မည်ဖြစ်သည်။
ထို့ကြောင့် အိန်္ဒိယ ဆေးကောင်စီက တီထွင်စမ်းသပ်ထုတ်လုပ်ထားနိုင်သည့် ကမ္ဘာ့ပထမဆုံးသောအမျိုးသား သန္ဓေ တား ထိုးဆေးက သန္ဓေ တားဆေးကြောင့် အမျိုးသမီးများခံစားရသည့် ဘေးထွက်ဆိုးကျိုး များကိုကင်းစင်စေ သည်သာ မက အမျိုးသား များအတွက်လည်း ဘေးကင်းစိတ်ချရသော သန္ဓေတားနည်း တစ်ခုဖြစ်လာစေမည်ဖြစ်ပေသည်။
Ref: Sputnik
................