SJ WorldNews - шаблон joomla Авто

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၀ူဟန်မြို့မှ စတင်ဖြစ်ပွားသော 2019 Novel Coronavirus (2019-nCoV) အဆုတ်ရောင် ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ သိကောင်းစရာများ(၂၆-၁-၂၀၂၀)

Tuesday, 28 January 2020 09:32 font size decrease font size decrease font size increase font size increase font size

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသည် ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများကို  ဦးစားပေး အစီအစဉ်တစ်ရပ် အနေဖြင့် ဆောင်ရွက်လျက်ရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၀ူဟန်မြို့မှ စတင်ဖြစ်ပွားသော Novel 2019 Coronavirus (2019-nCoV) အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံရှိ ပြည်သူများ အနေဖြင့် ရောဂါကူးစက် ပြန့်ပွားမှုကို ကာကွယ်နိုင်ရန်အတွက် အောက်ဖော်ပြပါ အချက်များကို သိရှိလိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်-

  (က)  အဆုတ်ရောင်ရောဂါ  (2019-nCoV)၏ အဓိကလက္ခဏာများ

      တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၀ူဟန်မြို့သို့ လွန်ခဲ့သည့် ၁၄ ရက်အတွင်း ခရီးသွားခဲ့ခြင်း၊ လွန်ခဲ့သည့် ၁၄ ရက်အတွင်း အဆုတ်ရောင်ရောဂါ (2019-nCoV) ဖြစ်ပွားသည်ဟု သံသယရှိသူနှင့် အတူ နေထိုင်ခဲ့ခြင်း၊ လွန်ခဲ့သည့် ၁၄ ရက်အတွင်း အဆုတ်ရောင်ရောဂါ  (2019-nCoV) ဖြစ်ပွားသည်ဟု အတည်ပြုခြင်းခံရသူနှင့်အတူ နေထိုင်ခဲ့ခြင်းတို့ရှိခဲ့ပြီး ဖျားခြင်း(အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ်နှင့် အထက်ရှိခြင်း)၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း စသည့်လက္ခဏာများ ပေါ်ပေါက်လာပါက အဆုတ်ရောင်ရောဂါ (2019-nCoV) သံသယလူနာဟု သတ်မှတ်နိုင်ပါသည်။

  (ခ)  အဆုတ်ရောင်ရောဂါ  (2019-nCoV) ရောဂါကူးစက်ပုံ

     အဆုတ်ရောင်ရောဂါ (2019-nCoV) ရောဂါကူးစက်ပုံအား အတိအကျ အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ယခင်အလားတူ ကိုရိုနာဗိုင်းရပ် ရောဂါပိုးများ၏ ရောဂါကူးစက်ပုံများအရ ချောင်းဆိုးခြင်းနှင့် နှာချေခြင်းမှတစ်ဆင့် တုပ်ကွေးရောဂါ ဗိုင်းရပ်ပိုး  (Influenza Virus)များ အပါအ၀င် အခြားရောဂါပိုးများ လေထဲသို့ရောက်ရှိပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့်   တိုက်ရိုက်ကူးစက် ပျံ့နှံ့စေခြင်းနှင့် အရာဝတ္ထုများ၌ ထိကပ်နေသော ရောဂါပိုးများအား လက်နှင့်ကိုင်တွယ် ထိတွေ့ရာမှ တစ်ဆင့် ရောဂါကူးစက်နိုင်ပါသည်။

  (ဂ)  အဆုတ်ရောင်ရောဂါ  (2019-nCoV ) ရောဂါကာကွယ်နိုင်မည့် နည်းလမ်းများ

          - ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းစသည့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ခံစားနေရသော သူများနှင့် အနီးကပ်နေထိုင်ခြင်းမှ ရှောင်ကြဉ်ပါ။

          -  လူထူထပ်သော နေရာများကို သွားလာခြင်းမှ ရှောင်ကြဉ်ပါ။

          -  လက်ကို စင်ကြယ်အောင် ဆပ်ပြာနှင့်ရေ တို့ကိုအသုံးပြု၍ မကြာခဏ ဆေးကြောပါ။

          -  နှာချေ၊ ချောင်းဆိုးသည့်အခါ နှာခေါင်းနှင့် ပါးစပ်လုံခြုံအောင် ဖုံးအုပ်ထားသော အ၀တ်နှင့် နှာခေါင်းစည်း အသုံးပြုပါ။ အထူးသဖြင့် ဘတ်စကားစီးစဉ် အခြားသူများထံသို့ ရောဂါမကူးစက်စေရန် သတိပြုပါ။

          -  နှာချေ၊ ချောင်းဆိုးသည့် အခါ တစ်ရှူး အသုံးပြုပါက အမှိုက်ပုံးထဲသို့ သေချာစွာလွှင့်ပစ်ပါ။ လက်ကိုစင်ကြယ်အောင် ဆပ်ပြာဖြင့် သေချာစွာ ပြန်ဆေးကြောပါ။

          -  တိရစ္တာန်များနှင့် အကာအကွယ်မရှိဘဲ တိုက်ရိုက် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။

          - တိရစ္ဆာန်အသား၊ ငါးများကို သေချာစွာ ကျက်အောင် စနစ်တကျ ချက်ပြုတ်ပြီးမှ စားသုံးပါ။

          -  တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုပြုဆောင်ရွက်ပါ၊ ကောင်းစွာ အိပ်စက်အနားယူပါ။

          -  အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ပါ။

       - ကျန်းမာရေး ၀န်ထမ်းများ အနေဖြင့် လူနာအား ထိတွေ့ကိုင်တွယ်ရသည့်အချိန်တိုင်း မိမိကိုယ်ကို   ရောဂါပိုး ကူးစက်ခံရခြင်း မရှိစေရန်  Infection Prevention and Control  အား အထူး ဂရုပြုလိုက်နာပါ၊ လူနာနှင့်ထိတွေ့သော အရာဝတ္ထု များကို အသုံးပြု ကိုင်တွယ်ပြီးတိုင်းနှင့် လူနာနှင့် တိုက်ရိုက် ထိတွေ့ပြီး သည့်အခါတိုင်း လက်ကိုဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောပါ။

       -  အပြည်ပြည်ဆိုင်ရာ လေဆိပ်များသို့ လေကြောင်းခရီးမှ တစ်ဆင့် ၀င်ရောက်လာသော ပြည်တွင်းပြည်ပ ခရီးသွားများ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အပြည်ပြည်ဆိုင်ရာ ခရီးသွားများ အတွက်    ကျန်းမာရေးဆိုင်ရာ အကြံပေးချက် (TravelAdvice)ကို လိုက်နာပါ။

 အထက်ဖော်ပြပါ အဆုတ်ရောင်ရောဂါ  (2019-nCoV) မိမိကိုယ်တိုင်ဖြစ်ပွားသည် (သို့မဟုတ်) ရောဂါဖြစ်ပွားသည်ဟု သံသယရှိသူကို တွေ့ရှိပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်း ကျန်းမာရေး ဌာနများသို့ အမြန်ဆုံး သတင်းပို့ ကုသမှုခံယူပါ။ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးသူများ၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းရှင်များ၊ မိဘပြည်သူများကလည်း ရောဂါဖြစ်ပွားသည်ဟု သံသယရှိသူကို တွေ့ရှိပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းကျန်းမာရေး ဌာနများသို့ အမြန်ဆုံး သတင်းပို့ ကုသမှု ခံယူစေပါ။  

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

(၂၆-၁-၂၀၂၀)

Read 225 times Last modified on Tuesday, 28 January 2020 09:36