SJ WorldNews - шаблон joomla Авто

ကိုရိုနာဗိုင်းရပ်ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်

Friday, 07 February 2020 09:28 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဖေဖော်ဝါရီ  

ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာနသည် 2019 – nCoV လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ် ကြည့်ရှုမှု နှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို  အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ (၆-၂-၂၀၂၀) ရက် နံနက်အထိ  သံသယလူနာနှစ်ဦး အပါအ၀င် လူနာ ၁၀ ဦးတို့အား ဆေးရုံများတွင် ဆက်လက်၍ စောင့်ကြပ်ကြည့်ရှု ကုသမှုပေးခဲ့သည်။

အဆိုပါစောင့်ကြပ်ကြည့်ရှု ကုသမှုခံယူနေသော    လူနာများအနက် လွိုင်ကော်ပြည်သူ့ ဆေးရုံမှ အသက်(၂)နှစ်(၂)လအရွယ် ကလေးငယ် (မ) တစ်ဦး၊ ဝေဘာဂီအထူးကုဆေးရုံမှ အသက် (၁၅)နှစ်အရွယ် ကလေး(ကျား) တစ်ဦး၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှ အသက်(၁)နှစ် (၂) လ အရွယ်ရှိ ကလေးငယ်(မ)တစ်ဦးနှင့်  နေပြည်တော်ခုတင် (၁၀၀၀) ဆံ့  ပြည်သူ့ဆေးရုံကြီးမှ အသက်(၂၉)နှစ်အရွယ် အမျိုးသားတစ်ဦး စုစုပေါင်း လူနာလေးဦးတို့၏ ဓာတ်ခွဲအဖြေများတွင်  2019 Novel Coronavirus ဗိုင်းရပ်ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း)ကို  (၅-၂-၂၀၂၀)ရက် ညပိုင်းတွင် ရည်ညွှန်း ဓာတ်ခွဲခန်းမှ ပြန်ကြားလာခဲ့သည်။

အဆိုပါလူနာလေးဦး၏ ကျန်းမာရေး အခြေအနေမှာလည်း ကောင်းမွန်လျက်ရှိသဖြင့် သက်ဆိုင်ရာ ဆေးရုံများမှ(၆-၂-၂၀၂၀)ရက် နေ့လယ်ပိုင်းတွင် ဆင်းခွင့်ပြုလိုက်ပြီးဖြစ်သည်။

ထို့ပြင်  ကျိုင်းတုံပြည်သူ့ ဆေးရုံကြီးတွင် စောင့်ကြပ်ကြည့်ရှုခဲ့သည့် လူနာနှင့် အနီးကပ်ထိတွေ့သူ လေးဦးအားလည်း ဆေးရုံတွင် ဆက်လက်ထားရှိရန် မလိုအပ်တော့သဖြင့် ဆေးရုံမှ (၆-၂-၂၀၂၀)ရက် နေ့လယ်တွင် ဆင်းခွင့်ပြုလိုက်ပြီဖြစ်သည်။ ဆေးရုံမှဆင်းခွင့် ပြုချိန်တွင် လူနာများအား ကျန်းမာရေး ပညာပေးခြင်းနှင့် လိုအပ်ပါက သက်ဆိုင်ရာ ကျန်းမာရေး ဌာနများနှင့် ပြန်လည်ဆက်သွယ်ရန် မှာကြားခဲ့သည်။

ကျန်လူနာများ၏ ကျန်းမာရေး အခြေအနေမှာ (ယနေ့ညနေ စစ်ဆေးချက်များ အရ) ကောင်းမွန်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်လျက် ရှိရာတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံShandong  Province အတွင်းရှိWeihai မြို့မှ မြန်မာနိုင်ငံသို့ (၂၉-၁-၂၀၂၀)ရက် ညနေပိုင်းတွင် ရောက်ရှိလာသော အသက်(၂၈)နှစ်အရွယ် အမျိုးသားတစ်ဦးသည်  (၅-၂-၂၀၂၀) ရက် ညပိုင်းတွင်  ကိုယ်အပူချိန် မြင့်မားခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ စတင်ဖြစ်ပွားခဲ့သဖြင့် (၆-၂-၂၀၂၀) ရက်တွင်  ပုဂ္ဂလိကဆေးရုံတစ်ခုသို့ သွားရောက်ပြသခဲ့ရာ   ၎င်းင်းဆေးရုံမှ ဝေဘာဂီအထူးကု ဆေးရုံသို့ ညွှန်းပို့လွှဲပြောင်း ကုသခဲ့ပါသည်။

၎င်းအားဆေးရုံ၌ စစ်ဆေးရာတွင် အခြားပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ မတွေ့ရှိခဲ့ပါ။ အဆိုပါလူနာအား ဝေဘာဂီအထူးကုဆေးရုံတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုများ ပေးလျက်ရှိပြီး ၎င်းထံမှ ဓာတ်ခွဲ နမူနာအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေး သွားမည်ဖြစ်သည်။ လူနာနှင့်အနီးကပ် ထိတွေ့ခဲ့သော  ဧည့်လမ်းညွှန်ကို   ဝေဘာဂီအထူးကု ဆေးရုံတွင် ထားရှိကာစောင့်ကြပ်ကြည့်ရှုလျက် ရှိပါသည်။

ယနေ့(၆-၂-၂၀၂၀) ည ၆ နာရီအချိန်အထိ မြန်မာတစ်နိုင်ငံလုံး၌ သံသယလူနှစ်ဦး အပါအ၀င် လူနာခုနစ်ဦးတို့အား သက်ဆိုင်ရာ ဆေးရုံများတွင် ဆက်လက်စောင့်ကြပ် ကြည့်ရှုကုသမှု ပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေး အခြေအနေမှာ သက်သာ ကောင်းမွန်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။                                

Read 92 times Last modified on Friday, 07 February 2020 09:30