SJ WorldNews - шаблон joomla Авто

ကိုရိုနာဗိုင်းရပ်ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်

Tuesday, 11 February 2020 11:44 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၀

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် 2019-nCoVလတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများအား   အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ဂိတ်များတွင် လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ် လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့် လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) မောက်မယ်မြို့နယ်မှ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့မှ (၂၉-၁-၂၀၂၀)ရက်တွင် နေရပ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး အဆိုပါအသက် ၁၉  နှစ်အရွယ် အမျိုးသမီးသည် (၃၁-၁-၂၀၂၀)ရက်တွင် လည်းကောင်း၊ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးသည် (၁-၂-၂၀၂၀)ရက်တွင်လည်းကောင်း   ဖျားနာခြင်းနှင့် ချောင်းဆိုးခြင်းတို့ကို အသီးသီး စတင်ခံစားခဲ့ရသည်။ (၉-၂-၂၀၂၀)ရက်တွင် မောက်မယ်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန  ဦးစီးမှူးနှင့်   ကျန်းမာရေး ၀န်ထမ်းများသည် တာဝန်ရှိသူများနှင့်အတူ ၎င်းတို့နေထိုင်ရာ ကျေးရွာအထိ ကွင်းဆင်း စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ရာ အဆိုပါ အမျိုးသမီးနှစ်ဦးနှင့်အတူ  နေထိုင်သော မိသားစုဝင်များအနက် အသက် ၄၄ နှစ် အရွယ် မိခင်တော်စပ်သူနှင့် အသက် ၄၄ နှစ်အရွယ် ဖခင်တော်စပ်သူတို့သည် ဖျားနာခြင်းနှင့် ချောင်းဆိုးခြင်း ဝေဒနာများ ခံစားနေရကြောင်း တွေ့ရှိခဲ့ရသဖြင့် ၎င်းတို့လေးဦးအား စောင့်ကြည့်လူနာများအဖြစ် သတ်မှတ်၍ မောက်မယ်မြို့နယ် ပြည်သူ့ဆေးရုံတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုများ ပေးလျက်ရှိသည်။  အဆိုပါလူနာများကို စစ်ဆေးရာတွင် အခြားပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ မတွေ့ရှိခဲ့ပါ။ ၎င်းတို့ထံမှ ဓာတ်ခွဲနမူနာအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့   ပေးပို့ စစ်ဆေးသွားမည်ဖြစ်သည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းခတ်မြို့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကူမင်းမြို့မှ (၅-၂-၂၀၂၀) ရက်တွင်  ပြန်လည်ရောက်ရှိခဲ့သော အသက် ၃၆ နှစ်အရွယ် အမျိုးသား တစ်ဦးသည် (၈-၂-၂၀၂၀) ရက်မှစတင်၍ ဖျားနာခြင်း၊ချောင်းဆိုးခြင်းနှင့် လည်ပင်းနာခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် (၁၀-၂-၂၀၂၀)ရက်တွင် အဆိုပါလူနာကို မိုင်းခတ်မြို့နယ်   ပြည်သူ့ဆေးရုံတွင်   စောင့်ကြပ်ကြည့်ရှုကုသမှုများ ပေးလျက်ရှိပြီး ၎င်းထံမှ ဓာတ်ခွဲနမူနာအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်သည်။ အဆိုပါလူနာကို စစ်ဆေးရာတွင်  အခြားပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ မတွေ့ရှိခဲ့ပါ။

စင်ကာပူနိုင်ငံမှ (၅-၂-၂၀၂၀) ရက်တွင် မြန်မာနိုင်ငံသို့   ပြန်လည်ရောက်ရှိခဲ့ပြီး စင်ကာပူနိုင်ငံမှ 2019 Novel Coronavirus(2019-nCoV) ဓာတ်ခွဲ အတည်ပြု လူနာဖြစ်လာခဲ့သူ တစ်ဦးနှင့် စင်ကာပူနိုင်ငံတွင်  နေထိုင်ခဲ့စဉ်က  အနီးကပ် ထိတွေ့ခဲ့သည့် အသက် ၂၉ နှစ်အရွယ် အမျိုးသမီးအား (၉-၂-၂၀၂၀)ရက်မှ စတင်၍ ဝေဘာဂီအထူးကု ဆေးရုံတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးခဲ့ရာ (၁၀-၂-၂၀၂၀)ရက် နံနက်ပိုင်းတွင် ကိုယ် အပူချိန်မြင့်တက်လာသဖြင့် ၎င်းအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားခန်းတွင် စောင့်ကြပ်ကြည့်ရှု ကုသပေးလျက်ရှိပြီး  ၎င်းထံမှ ဓာတ်ခွဲနမူနာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့  ပေးပို့ စစ်ဆေး သွားမည်ဖြစ်သည်။

အဆိုပါလူနာကို စစ်ဆေးရာတွင် အခြားပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ မတွေ့ရှိခဲ့ပါ။

ယနေ့ (၁၀-၂-၂၀၂၀)ရက် ည ၈ နာရီ အထိ သံသယ လူတစ်ဦး အပါအ၀င် လူနာ ၂၀ ဦးတို့အား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏   ကျန်းမာရေး အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်း သိရသည်။

Read 86 times Last modified on Tuesday, 11 February 2020 11:45