SJ WorldNews - шаблон joomla Авто

Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်

Friday, 14 February 2020 11:39 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၃

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အချို့တွင် ကူးစက် ပျံ့နှံ့လျက်ရှိသည့် COVID-19  လတ်တလော အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ဂိတ်များတွင် လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ် လည်းကောင်း၊ ပြည်သူလူထု အခြေပြုစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ဖြင့် လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍သော် လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)  လောက်ကိုင်မြို့နယ်တွင် နေထိုင်သော အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ လန်ချန်းဆေးရုံ၌ (၂၁-၁-၂၀၂၀)ရက်မှ (၂-၂-၂၀၂၀)ရက် အထိ အူအတက်ပေါက်၍ ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး လောက်ကိုင်မြို့သို့(၄-၂-၂၀၂၀)ရက်တွင် ပြန်လည်ရောက်ရှိလာခဲ့ကာ (၉-၂-၂၀၂၀)ရက်မှစ၍ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ခွဲစိတ်ထားသော ချုပ်ရိုးနေရာမှ    ပြည်များ စိမ့်ထွက်ခြင်း စသည့် ခွဲစိတ်မှု၏ နောက်ဆက်တွဲ ပြဿနာများဖြင့်  (၁၃-၂-၂၀၂၀)ရက်တွင် လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ပြသ၍ ကုသမှု ခံယူခဲ့သည်။ လူနာတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့   သွားရောက်ခဲ့သည့်  ခရီးသွား ရာဇ၀င်ရှိခြင်းနှင့်  ကိုယ်အပူချိန်မြင့်တက်နေခြင်း တို့ကြောင့် လက်ရှိ အခြေအနေအရ ခွဲစိတ်မှု၏ နောက်ဆက်တွဲ ပိုးဝင်ခြင်းဖြစ်နိုင်သော်လည်း ပိုမိုသေချာမှု ရှိစေရန် စောင့်ကြည့်လူနာအဖြစ်  သီးခြားထားရှိ ကုသမှု ပေးလျက်ရှိသည်။ လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍  ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။

အဆိုပါလူနာတွင်  လတ်တလော စစ်ဆေးချက်များအရ  အခြားပြင်းထန် အသက်ရှူ လမ်းကြောင်းဆိုင်ရာ လက္ခဏာများ မတွေ့ရှိရကြောင်း။

မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းမြို့နယ်မှ အသက် ၂၄ နှစ်အရွယ် အမျိုးသား တစ်ဦးသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရွှေလီမြို့မှ(၁၂-၂-၂၀၂၀)ရက်တွင် မန္တလေးမြို့သို့ ရောက်ရှိခဲ့ပြီး (၁၃-၂-၂၀၂၀) ရက် ညနေပိုင်းတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊  လည်ချောင်းနာခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး၌ စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိ   ကုသမှုပေးလျက်ရှိသည်။

လူနာထံမှ ဓာတ်ခွဲ နမူနာရယူ၍ ရည်ညွှန်း ဓာတ်ခွဲခန်းသို့ပေးပို့ စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ လူနာအား လတ်တလော စစ်ဆေးချက်များအရ   အခြားပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ မတွေ့ရှိရကြောင်း။

ယနေ့ (၁၃-၂-၂၀၂၀)ရက်  ည ၈ နာရီ အထိ လူနာ ၁၈ ဦးတို့အား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှု ပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေး အခြေ အနေမှာ သက်သာကောင်းမွန်လျက် ရှိကြောင်းနှင့်   လူနာများ၏  ဓာတ်ခွဲအဖြေများကို  စောင့်ဆိုင်းနေဆဲဖြစ်ပြီး  ရရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက    သတင်းထုတ်ပြန်ထားသည်။

Read 117 times Last modified on Friday, 14 February 2020 11:40