SJ WorldNews - шаблон joomla Авто

ကိုရိုနာဗိုင်းရပ်ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက သတင်းထုတ်ပြန်

Monday, 17 February 2020 09:35 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၆

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အချို့တွင် ကူးစက်ပျံ့နှံ့လျက် ရှိသည့်  COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ဂိတ်များတွင် လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ် လည်းကောင်း၊ ပြည်သူလူထု အခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့် လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထျန်ကျင်းပြည်နယ်နေ အသက် ၄၉ နှစ်အရွယ် အမျိုးသားတစ်ဦးသည် (၅-၂-၂၀၂၀)ရက်တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့် (၁၃-၂-၂၀၂၀) ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး(၁၅-၂-၂၀၂၀)ရက်မှ စတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း စသည့် ရောဂါလက္ခဏာများ ခံစားခဲ့ရပြီး ခရီးထွက်ရန် အောင်မင်္ဂလာ အဝေးပြေးယာဉ် ရပ်နားစခန်းသို့ ရောက်ရှိစဉ် စခန်းရှိဆေးခန်းသို့ သွားရောက်ပြသခဲ့ရာ ဝေဘာဂီ အထူးကုဆေးရုံကြီးသို့ ညွှန်းပို့ခဲ့သည်။ အဆိုပါလူနာအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ၎င်းထံမှ ဓာတ်ခွဲနမူနာ ရယူ၍ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ လူနာအား လတ်တလော စစ်ဆေးချက်များအရ အခြားပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ မတွေ့ရှိရပါ။

ယနေ့ (၁၆-၂-၂၀၂၀) ရက် ည ၈ နာရီအထိ လူနာ ၁၀ ဦးအား ဆေးရုံများတွင် ဆက်လက်၍ စောင့်ကြပ်ကြည့်ရှုကုသမှု ပေးခဲ့ရာ လူနာများ၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိသည်။

စောင့်ကြည့်လူနာများထံမှ ဓာတ်ခွဲနမူနာများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းပြု ဓာတ်ခွဲခန်း ၁၅ ခုအနက်မှ တစ်ခုသို့ ပေးပို့စစ်ဆေးလျက်ရှိရာ အဆိုပါ စောင့်ကြပ်ကြည့်ရှု ကုသမှု ခံယူနေသော လူနာများအနက် မိုင်းခတ်မြို့နယ် ဆေးရုံမှ အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် မိုးကုတ်မြို့နယ်ဆေးရုံမှ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း လူနာနှစ်ဦးတို့၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ဗိုင်းရပ်ရောဂါပိုး မရှိကြောင်း (မရှိကြောင်း)ကို (၁၆-၂-၂၀၂၀)ရက် ညပိုင်းတွင် ရည်ညွှန်း ဓာတ်ခွဲခန်းမှ ပြန်ကြားလာခဲ့သည်။

အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(National Health Laboratory)သည် ဓာတ်ခွဲပစ္စည်းများကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏  ချိတ်ဆက်ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံ Armed Forces Research Institute of Medical Science (AFRIMS)မှ လည်းကောင်း၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးနှင့်  JICA  အဖွဲ့တို့၏ ပံ့ပိုးချိတ်ဆက် ဆောင်ရွက်မှုတို့ဖြင့်  ဂျပန်နိုင်ငံ National Center for Global Health and Medicine (NCGM) and Juntendo University မှ လည်းကောင်း အသီးသီး လက်ခံရရှိခဲ့ကာ လက်ရှိတွင် လူနာများထံမှ ဓာတ်ခွဲနမူနာများတွင်   COVID-19 ဗိုင်းရပ်ရောဂါပိုး ရှိ၊ မရှိအား  ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်း ဓာတ်ခွဲခန်းနှင့် တစ်ပြိုင်နက် စစ်ဆေး  (parallel  testing)လျက်ရှိရာ   ဓာတ်ခွဲအဖြေများ ကိုက်ညီမှု ရှိကြောင်း တွေ့ရှိရသည်။

လူနာများ၏ ဓာတ်ခွဲအဖြေများ ရရှိပါက အချိန်နှင့် တစ်ပြေးညီ သတင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

Read 158 times Last modified on Monday, 17 February 2020 09:36