SJ WorldNews - шаблон joomla Авто

ကန်တော်နဒီဆေးရုံတွင် ရောဂါဖြစ်ပွားမှု ရှိ၊မရှိ စောင့်ကြည့်ကာလ ပြည့်မြောက်ပြီဖြစ်၍ နေအိမ်သို့ ပြန်မည့် ၀ူဟန်မြို့မှ အထူးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ

Monday, 17 February 2020 10:38 font size decrease font size decrease font size increase font size increase font size

မန္တလေး  ဖေဖော်ဝါရီ  ၁၆

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင်  မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံသို့  သွားရောက်ပြီး ဆေးရုံ၌ သီးခြားထားရှိကာ  ရောဂါဖြစ်ပွားမှု ရှိ၊ မရှိ စောင့်ကြည့်ကာလ ၁၄ ရက် ပြည့်မြောက်ပြီးနောက် ကျန်းမာရေး အခြေအနေ ကောင်းမွန်သည်ဖြစ်၍ နေအိမ်အသီးသီးသို့ ပြန်တော့မည့် ၀ူဟန်မြို့မှ   အထူးလေယာဉ်ဖြင့် ခေါ်ဆောင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ ၅၉ ဦးနှင့်    ကျောင်းသား၊ ကျောင်းသူများကို ခေါ်ဆောင်ရာတွင် လိုက်ပါသွားခဲ့သော  ကျန်းမာရေးဝန်ထမ်း သုံးဦး တို့အား သွားရောက် တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာသို့   မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ မန္တလေး မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများ၊ ၀ူဟန်မြို့မှ အထူးလေယာဉ်ဖြင့် ခေါ်ဆောင်ရာတွင် လိုက်ပါသွားသော ကျန်းမာရေး ဆေးအဖွဲ့ဝင်များ၊ ကန်တော်နဒီဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်များ၊ သူနာပြုများနှင့် ၀န်ထမ်းများအား တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ဆက်လက်၍ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်တို့က အမှာစကား ပြောကြားကြသည်။ 

ထို့နောက်   ပြည်ထောင်စုဝန်ကြီးက ၀ူဟန်မြို့မှ အထူးလေယာဉ်ဖြင့် ခေါ်ဆောင်လာကာ ရောဂါစောင့်ကြပ် ကြည့်ရှုမှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်ခဲ့သော ကျန်းမာရေး ၀န်ထမ်းများကို   ပညာသင်များနှင့် မိတ်ဆက်ပေးသည်။

ယင်းနောက် မန္တလေးတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်   ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်က ယခုကဲ့သို့ ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းအောင်မြင်မှု အတွက် ၀မ်းမြောက်ကြောင်းနှင့် ပညာသင်များ နေအိမ်သို့ပြန်သွားပြီးနောက် လိုက်နာ ဆောင်ရွက်ရန် ကျန်းမာရေး အသိပညာ အချက်အလက်များကို ပြောကြားသည်။

ဆက်လက်၍ ပညာသင်များကို အထူးလေယာဉ်ဖြင့် သွားရောက်ခေါ်ယူရာတွင် လိုက်ပါခဲ့သော ကျန်းမာရေး ၀န်ထမ်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှပေးအပ်သည့်   ဂုဏ်ပြုဆုများကို ပြည်ထောင်စုဝန်ကြီး၊ မန္တလေးမြို့တော်ဝန်နှင့် ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော် တို့က ကျန်းမာရေး ၀န်ထမ်းများထံ ပေးအပ်ခဲ့သည်။

ထို့နောက်  ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက  ကန်တော်နဒီ ဆေးရုံအား ယခုကဲ့သို့   ကပ်အသွင်ရောဂါဖြစ်ပွားမှုဖြစ်စဉ်များတွင် သီးခြားထားရှိ ကုသခြင်း ( Isolation) နှင့် အသွားအလာ တားမြစ်ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း (Quarantine) ဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှု ကုသခြင်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးနှင့် ဆေးရုံဝင်းအတွင်းရှိ မြေနေရာတွင် ကင်ဆာရောဂါ လူနာဆောင်  လေးထပ်ဆောင်သစ်ကို ယခုဘဏ္ဍာရေး နှစ်အတွင်း  စတင်တည်ဆောက်နိုင်ရေး ကိစ္စရပ်များကို အမြန်ဆုံး ဆောင်ရွက်ရေး တာဝန်ရှိသူများအား စီစဉ်ညွှန်ကြားခဲ့ကြောင်း သိရသည်။

Read 180 times Last modified on Monday, 17 February 2020 10:39