SJ WorldNews - шаблон joomla Авто

ကိုရိုနာဗိုင်းရပ်ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်

Friday, 21 February 2020 09:45 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၂၀

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချုံကျင်းမြို့မှ (၁၁-၂-၂၀၂၀) ရက်တွင် ဟောင်ကောင်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော အသက် ၂၆ နှစ်အရွယ်  တရုတ်ပြည်သူ့သမ္မတ နိုင်ငံသား အမျိုးသားတစ်ဦးသည်  (၁၉-၂-၂၀၂၀) ရက်တွင် ဖျားနာခြင်း ခံစားခဲ့ရသဖြင့် ပြင်ပဆေးခန်းသို့  သွားရောက်ပြသခဲ့ပြီး  ထိုမှတစ်ဆင့် ဝေဘာဂီအထူးကု ဆေးရုံသို့ ညွှန်းပို့ခဲ့သည်။ ဝေဘာဂီအထူးကု ဆေးရုံတွင် စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်၍ ၎င်းလူနာထံမှ ဓာတ်ခွဲနမူနာရယူပြီး   အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးထားရှိသည်။  အဆိုပါ လူနာအား စစ်ဆေးရာတွင် လတ်တလော ပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါ။

ယနေ့ (၂၀-၂-၂၀၂၀) ရက်  မွန်းတည့်၁၂ နာရီအထိ လူနာလေးဦးအား ဆေးရုံများတွင် ဆက်လက်၍ စောင့်ကြပ်ကြည့်ရှု ကုသမှုပေးခဲ့သည်။

အဆိုပါ   စောင့်ကြည့်လူနာများထံမှ ဓာတ်ခွဲနမူနာများကို (၂၀-၂-၂၀၂၀) ရက် မှစတင်၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ စစ်ဆေးခဲ့ရာ ည ၆ နာရီအထိရရှိသော အဖြေများအရ   ဝေဘာဂီ အထူးကုဆေးရုံကြီးမှ  အသက် ၄၀ နှစ် အရွယ် အမျိုးသားတစ်ဦး၊ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးမှ အသက် ၂၆  နှစ်အရွယ်  အမျိုးသမီးတစ်ဦး (စင်ကာပူနိုင်ငံတွင် ဓာတ်ခွဲအတည်ပြု လူနာဖြစ်လာသူနှင့် အနီးကပ်ထိတွေ့မှုရှိခဲ့သည့် အမျိုးသမီး)နှင့် ဝေဘာဂီအထူးကု ဆေးရုံကြီးမှ အသက် ၂၆ နှစ်အရွယ်  အမျိုးသားတစ်ဦး စုစုပေါင်း သုံးဦးတို့၏ ဓာတ်ခွဲအဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်ရောဂါပိုး မရှိကြောင်း(မရှိကြောင်း) စစ်ဆေးသိရှိရသည်။

ယနေ့ (၂၀-၂-၂၀၂၀) ရက် ည ၆  နာရီအထိ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် စောင့်ကြည့်လူနာ တစ်ဦးအား  သက်ဆိုင်ရာဆေးရုံတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိပြီး   ၎င်းတို့၏ ကျန်းမာရေး အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိသည်။ လူနာများ၏ ဓာတ်ခွဲအဖြေများရရှိပါက  အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန် သွားမည်ဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသည်   COVID-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး ပြဋ္ဌာန်းချက်နှင့်အညီ   ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့် အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံအသီးသီး၏ National Focal Point for International Health Regulations များနှင့် ချိတ်ဆက်၍   အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ (၁၉-၂-၂၀၂၀)ရက်တွင် မန္တလေးမြို့ အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ပေးပို့သောသတင်းအရ မန္တလေးတိုင်းဒေသကြီး တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ (၂၅-၁-၂၀၂၀) ရက်တွင်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူပေပြည်နယ်သို့ ထွက်ခွာ သွားသည့်  လေယာဉ်ပေါ်တွင် လိုက်ပါခဲ့သည့် ခရီးသည် ၁၁၉ ဦးတွင် ပါဝင်ခဲ့သော ခရီးသည်နှစ်ဦးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိပြီး (၇-၂-၂၀၂၀) ရက်နှင့် (၁၁-၂-၂၀၂၀) ရက်တို့၌ အသီးသီး CO-VID-19 ရောဂါကူးစက် ခံခဲ့ရကြောင်း သတင်းပေးပို့ခဲ့သည်။

အဆိုပါသတင်းအရ   ၎င်းခရီးသည် နှစ်ဦးသည် မန္တလေးမြို့တွင် (၂၀-၁-၂၀၂၀) ရက်မှ (၂၄-၁-၂၀၂၀) ရက်အထိ နေထိုင်ခဲ့ပြီး (၂၅-၁-၂၀၂၀) ရက်တွင် မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ပြန်လည် ထွက်ခွာ သွားခဲ့ခြင်းဖြစ်ကာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ရောက်ရှိပြီး (၇-၂-၂၀၂၀) ရက်နှင့် (၁၁-၂-၂၀၂၀) ရက်တို့တွင် အသီးသီး COVID-19 ရောဂါကူးစက် ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါခရီးသည်များနှင့်   အနီးကပ် ထိတွေ့ခဲ့သည့် ဧည့်လမ်းညွှန်များ၊ ဟိုတယ်နှင့်  စားသောက်ဆိုင်များမှ  ၀န်ထမ်းများ၊ ယာဉ်မောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ   ကျန်းမာရေး အခြေအနေများ ကောင်းမွန်လျက်ရှိကြောင်း   တွေ့ရှိရပြီး ရောဂါလက္ခဏာများ ပေါ်ပေါက်ပါက ကျန်းမာရေးဌာနသို့ ချက်ချင်း ဆက်သွယ် သတင်းပို့ရန်နှင့် ရောဂါကာကွယ်ရေး နည်းလမ်းများအား ကျန်းမာရေး အသိပညာပေး၍ ရောဂါကူးစက်ခံရမှု ရှိ၊ မရှိကို  လုပ်ငန်းလမ်းညွှန်များနှင့်အညီ   ဆက်လက်၍ စောင့်ကြပ် ကြည့်ရှုလျက် ရှိကြောင်း   ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။

Read 166 times Last modified on Friday, 21 February 2020 09:48