SJ WorldNews - шаблон joomla Авто

လွိုင်ကော်ပြည်သူ့ ဆေးရုံကြီး၌ နှုတ်ခမ်းကွဲ အာခေါင်ကွဲ လူနာများအား ခွဲစိတ် ကုသပေး

Friday, 21 February 2020 10:30 font size decrease font size decrease font size increase font size increase font size

လွိုင်ကော်   ဖေဖော်ဝါရီ   ၂၀

ကယားပြည်နယ်အတွင်းရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူး၊  အဖုအကျိတ်နှင့် မီးလောင်ဒဏ်ရာ လူနာများအား လွိုင်ကော်မြို့ ခုတင် ၅၀၀ ဆံ့ ပြည်နယ် ပြည်သူ့ဆေးရုံကြီး၌ ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက အခမဲ့ခွဲစိတ် ကုသပေးလျက်ရှိသည်။

အဆိုပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူး၊ အဖုအကျိတ်နှင့်   မီးလောင်ဒဏ်ရာ လူနာများအား ကုသပေးရန် ကယားပြည်နယ်ရှိ ကျေးရွာ အသီးသီး၊ မြို့နယ်အသီးသီးတွင် ဗီနိုင်းပိုစတာများဖြင့် ကြိုတင်ကြေညာခြင်း၊  အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ပြည်သူများကို  အသိပညာပေးခြင်းများ  ဆောင်ရွက်ခဲ့ခြင်းကြောင့် ယနေ့ထိ စာရင်းပေး လူနာပေါင်း ၁၆၀ ခန့်ရှိရာ လူနာများအား သက်ဆိုင်ရာ ဆေးရုံတွင် စုစည်းစေပြီး  ပရဟိတအသင်းများမှ  ကားများဖြင့်  သွားရောက် ကြိုဆိုကြကာ သီတဂူစက္ခုဒါနဆေးရုံ၌ နေရာချထားပေးခြင်း၊ နံနက်စာ၊  နေ့လယ်စာ၊  ညစာကျွေးမွေးခြင်းများကို  ပြည်နယ်အစိုးရ အဖွဲ့က  ဆောင်ရွက်ပေးသည်။

““အခုလို ခွဲစိတ်ကုသပေးခြင်းကို ဖေဖော်ဝါရီ ၁၇ ရက်ကနေ ၂၉ ရက်အထိဖြစ်ပြီး ကုသမှုဆောင်ရွက်ရာမှာ  ပြည်နယ်အစိုးရ အဖွဲ့က ငွေကြေးထောက်ပံ့မှု ပေးတဲ့အပြင် ဆေးဝါးထောက်ပံ့မှုကို မြန်မာနိုင်ငံ စားဖိုမှူးများ အသင်းက  ဦးသက်နိုင်နဲ့ သူ့ရဲ့မိတ်ဆွေတွေက ငွေကျပ် ၁၀ သိန်းလှူတယ်။ ကျွန်မတို့ဆေးရုံက  အခမဲ့ ပေးမယ့်ဆေးအပြင်  ဆေးဝါးများ ၀ယ်ယူရာမှာ အသုံးပြုဖို့ အတွက်ဖြစ်တယ်။ ဒီမှာအဖြစ်များတာကတော့  နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊  ခြေပူးလက်ပူးနဲ့ မီးလောင် ဒဏ်ရာတွေဖြစ်တယ်။   အဖုအကျိတ်တွေကတော့ အနည်းငယ်ပါ”” ဟု ဆေးရုံအုပ်ကြီး ဒေါက်တာခင်စန်းမြင့်ကပြောသည်။

အဆိုပါခွဲစိတ်ကုသမှုကို  ဖေဖော်ဝါရီ ၁၉  ရက် နံနက်ပိုင်းမှ ညနေ ၅ နာရီအထိ နှုတ်ခမ်းကွဲ၊ အာခေါင် ကွဲ၊ ခြေပူးလက်ပူး၊ အဖုအကျိတ်နှင့် မီးလောင်ဒဏ်ရာ လူနာများအား စတင်၍ အခမဲ့ခွဲစိတ် ကုသပေးလျက်ရှိပြီး ဖေဖော်ဝါရီ ၂၉ ရက်အထိ ကုသပေးမည်ဖြစ်၍ ကယားပြည်နယ်အတွင်းရှိ ရပ်ဝေးရပ်နီး ပြည်သူများ မည်သူမဆို လာရောက် ဆေးကုသနိုင်ကြောင်း သိရသည်။ 

Read 214 times Last modified on Friday, 21 February 2020 10:31