SJ WorldNews - шаблон joomla Авто

ကိုရိုနာ ဗိုင်းရပ်ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်

Monday, 24 February 2020 09:01 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၂၃

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့်  COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား   အပြည်ပြည်ဆိုင်ရာ ၀င်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင် လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ် လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့် လည်းကောင်း၊  ပုဂ္ဂလိက ဆေးရုံများနှင့်  ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက် ရှိသည်။

တိုင်းဒေသကြီး/ပြည်နယ်များတွင် (၂၂-၂-၂၀၂၀)ရက် ည ၈ နာရီမှ (၂၃-၂-၂၀၂၀)ရက်  ည ၈ နာရီအထိ Coronavirus  Disease  2019 (COVID-19) ရောဂါနှင့်ပတ်သက်၍    စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကုသသည့် လူနာသစ် မရှိပါ။

(၂၃-၂-၂၀၂၀)ရက် ည ၆ နာရီအထိ ဆေးရုံဆင်းခွင့် သတ်မှတ်ချက်များအရ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဆေးရုံများတွင် COVID-19 ရောဂါပိုး ဓာတ်ခွဲစစ်ဆေး မတွေ့ရှိရသော်လည်း ပိုမိုစိတ်ချရစေရန် ၄၈ နာရီ ဆက်လက် စောင့်ကြပ်ကြည့်ရှုမှု ခံယူနေသည့် စောင့်ကြည့်လူနာ ငါးဦးရှိပြီး ၎င်းတို့၏    ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက် ရှိကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည်  COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ   အောက်ပါဖြစ်စဉ်များ ဖြစ်ပွားမှုကို သတင်းရယူ၍ COVID-19 ရောဂါနှင့် သက်ဆိုင်မှု မရှိကြောင်း အတည်ပြုခြင်းအား ဆောင်ရွက်ခဲ့ပါသည်-

(က)တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်  ရွှေလီမြို့မှ အသက် ၄၁ နှစ် အရွယ် တရုတ်နိုင်ငံသား အမျိုးသားတစ်ဦးသည် ရန်ကုန်မြို့သို့ (၃၁-၁-၂၀၂၀) ရက်တွင်လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့ပြီး မွန်ပြည်နယ် ရေးမြို့သို့ (၁၄-၂-၂၀၂၀)ရက်တွင်ရောက်ရှိခဲ့သည်။  အဆိုပါအမျိုးသားသည် (၂၂-၂-၂၀၂၀)ရက် နံနက်ပိုင်းတွင် ရေးမြို့နယ် ဆိပ်ကလေးကျေးရွာ၌ ကားပေါ်သို့တက်စဉ် ရုတ်တရက် သတိလစ်၍ မူးလဲကျသွားသဖြင့် ကျေးရွာ တာဝန်ရှိသူများမှ ရေးမြို့နယ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ ဆေးရုံတွင် လူနာအား စမ်းသပ်စစ်ဆေးချက်များ အရ လူနာသည် ဦးနှောက်သွေးယိုစီးမှုကြောင့် ဖြစ်ပွားသည်ဟု တွေ့ရှိသုံးသပ်သည်။  လူနာတွင်   ပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာ  ရောဂါလက္ခဏာများ မတွေ့ရှိခဲ့ပါ။  အဆိုပါလူနာအား  လိုအပ်သော အရေးပေါ် ကုသမှုများပေး၍ မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ လွှဲပို့ရန် စီစဉ်နေစဉ် နံနက် ၁၁ နာရီ ၅ မိနစ်ခန့်တွင် သေဆုံး သွားခဲ့သည်။သေဆုံးရသည့် အကြောင်းရင်းအား  သိရှိနိုင်ရန်အတွက် ရုပ်အလောင်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးပို့၍ ရင်ခွဲစစ်ဆေးမှုအား ဆောင်ရွက်ခဲ့ရာ လူနာသေဆုံးရသည့် အကြောင်းရင်းမှာ သွေးတိုးရောဂါကြောင့် ဦးနှောက်သွေးကြော ပေါက်၍  ဦးနှောက်အတွင်း သွေးယိုစီးခြင်း ဖြစ်ပွား၍ သေဆုံးရခြင်း ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

(ခ)(၂၃-၂-၂၀၂၀)ရက် နံနက် ၅ နာရီ မိနစ် ၄၀ တွင် တောင်ကိုရီးယားနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာသော အသက် ၂၄ နှစ်အရွယ် အမျိုးသား တစ်ဦးသည် လေဆိပ်မှ နေအိမ်သို့ပြန်ရန် YBS ဘတ်စကားပေါ်၌ ၎င်းတွင် COVID-19 ရောဂါဖြစ်ပွားနေသည်ဟု ထင်ကြောင်း ၎င်းကိုယ်တိုင် ပြောကြားခဲ့သဖြင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ လေဆိပ်ကျန်းမာရေး ဌာနခွဲသို့ ဆက်လက် သတင်းပေးပို့ခဲ့ရာ ကျန်းမာရေး ၀န်ထမ်းများမှ   သွားရောက်စစ်ဆေးခဲ့သည်။ လူနာအား စစ်ဆေးချက်များအရ ကိုယ်ပူဖျားနာခြင်း မရှိသည့်အပြင် (၃၅ ဒသမ၂ ဒီဂရီစင်တီဂရိတ်သာရှိ) အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ    ရောဂါလက္ခဏာများ မတွေ့ရှိရသည့်အတွက် ၎င်းအား အခြားလိုအပ်မည့် ကျန်းမာရေး စောင့်ရှောက်မှု ပေးရန်အတွက် အထူးကုဆေးရုံကြီး ဝေဘာဂီ၊ ပြင်ပလူနာဌာနသို့ (၂၃-၂-၂၀၂၀)ရက် နံနက် ၈ နာရီခွဲတွင် လွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။ အထူးကုဆရာဝန်ကြီးများ၏ စမ်းသပ်စစ်ဆေးမှုများအရ လူနာတွင် COVID-19ရောဂါ သံသယလက္ခဏာများ မတွေ့ရှိရဘဲ     စိတ်ပူပန်မှု လွန်ကဲသည့် လက္ခဏာများသာ တွေ့ရှိခဲ့သဖြင့်   ပြင်ပလူနာအဖြစ် ဆေးကုသမှုများ ပေးခဲ့ကြောင်း သိရသည်။   

Read 366 times Last modified on Monday, 24 February 2020 09:02