SJ WorldNews - шаблон joomla Авто

ကိုရိုနာဗိုင်းရပ်ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်း ထုတ်ပြန်

Wednesday, 26 February 2020 08:51 font size decrease font size decrease font size increase font size increase font size

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ၀င်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင် လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ် လည်းကောင်း၊ ပြည်သူလူထု အခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့် လည်းကောင်း၊ ပုဂ္ဂလိက ဆေးရုံများနှင့်ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)  ကွတ်ခိုင်မြို့နယ်တွင် နေထိုင်သော အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးသည် လွန်ခဲ့သော ၁၅ ရက်ခန့်မှ စ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရွှေလီမြို့ရှိ ကားဝပ်ရှော့တစ်ခုတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး (၂၄-၂-၂၀၂၀) ရက်တွင် ရွှေလီမြို့မှ မူဆယ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ (၂၅-၂-၂၀၂၀) ရက်တွင်   မူဆယ်မြို့မှ ရွှေလီမြို့သို့ပြန်သွားခဲ့ရာ မူဆယ်-မန့်ဝိန်း နယ်စပ်ဂိတ်၌ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေး ၀န်ထမ်းများက ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ဆောင်ရွက်စဉ် ၎င်းတွင် အဖျား ၁၀၀ ဒီဂရီဖာရင်ဟိုက်ရှိကြောင်း  တွေ့ရှိရသဖြင့် မူဆယ်ပြည်သူ့ဆေးရုံ၌ စောင့်ကြည့်လူနာ အဖြစ်သတ်မှတ်၍   သီးခြားထားရှိ ကုသမှုပေးလျက်ရှိသည်။ ၎င်းလူနာထံမှ ဓာတ်ခွဲနမူနာ ရယူပြီး အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်)သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါလူနာအား စစ်ဆေးရာတွင် လတ်တလော ပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာ  ရောဂါလက္ခဏာများ မတွေ့ရှိရပါ။

ယနေ့ (၂၅-၂-၂၀၂၀) ရက်  ည ၈ နာရီ အထိ လူနာတစ်ဦးအား သက်ဆိုင်ရာ ဆေးရုံများတွင်   စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏  ကျန်းမာရေး အခြေအနေမှာ  ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။   လူနာများ၏  ဓာတ်ခွဲအဖြေများ ရရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်သွားမည်ဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများနှင့် ပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်း (Influenza Like Illness-ILI/ Severe Acute Respiratory Illness-SARI surveillance)များအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး COVID-19  ရောဂါပိုး   ရှိ၊ မရှိ ဓာတ်ခွဲ စစ်ဆေးမှုများကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL)တွင် လုပ်ဆောင်နိုင်နေပြီဖြစ်သည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး  အင်းစိန် သင်ကြားရေးနှင့် အထွေထွေရောဂါကု ဆေးရုံကြီးသို့ (၁၃-၂-၂၀၂၀) ရက်မှ (၂၄-၂-၂၀၂၀) ရက်အထိ နမိုးနီးယား အဆုတ်ရောင်ရောဂါဖြင့် တက်ရောက်ကုသမှု ခံယူနေသော လူနာများအနက်

အခြားနိုင်ငံများသို့   ခရီးသွား ရာဇ၀င်နှင့် COVID-19 ဓာတ်ခွဲ အတည်ပြုလူနာနှင့် ထိတွေ့မှုများမရှိခဲ့သော်လည်း ပိုမိုသေချာစေရေး COVID-19  ရောဂါကူးစက်ခံရခြင်း ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးရန် အတွက် အသက် ၁၈ နှစ်အရွယ်၊  အသက် ၄၃ နှစ်နှင့် အသက် ၄၆ နှစ်အရွယ် အမျိုးသားလူနာ သုံးဦးတို့ထံမှ ဓာတ်ခွဲနမူနာ ရယူ၍ (၂၅-၂-၂၀၂၀) ရက်တွင် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) သို့ပေးပို့ စစ်ဆေးခဲ့ရာ ၎င်းတို့အားလုံးတွင် ရောဂါပိုး မတွေ့ရှိရကြောင်းနှင့်    လူနာများအား လိုအပ်သော ဆေးကုသမှုများ   ပေးလျက်ရှိကြောင်း သိရှိရသည်။

(၂၅-၂-၂၀၂၀) ရက်အထိ   မြန်မာနိုင်ငံတွင် COVID-19  ရောဂါဓာတ်ခွဲ အတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ကိုအရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိသည်။  ယခုအခါ  တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံ အချို့အပါအ၀င် ကမ္ဘာ့နိုင်ငံ  ၃၀ နိုင်ငံတွင် COVID-19 ရောဂါကူးစက် ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော  ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေး အချက်အလက်များအား   တိကျစွာလိုက်နာ ဆောင်ရွက်ရန်  နှိုးဆော်အပ်ကြောင်း  ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက    သတင်း ထုတ်ပြန်ထားသည်။

Read 196 times Last modified on Wednesday, 26 February 2020 08:52