SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်

Thursday, 12 March 2020 10:27 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၁၁

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင် လည်းကောင်း၊ ဆေးရုံအခြေပြု အဖြစ်လည်းကောင်း၊  ပြည်သူလူထုအခြေပြု  စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့် လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် အောက်ပါစောင့်ကြည့်လူနာ ငါးဦးအား တွေ့ရှိ၍ သက်ဆိုင်ရာ ဆေးရုံများတွင် သီးခြားထားရှိ ဆေးကုသမှုပေးလျက်ရှိပြီး ၎င်းတို့ထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်)သို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်သည်။

    (က ) မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်တွင် နေထိုင်သော အသက် ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦးသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ်မှ (၂ဝ-၂-၂ဝ၂ဝ) ရက်တွင် မြန်မာနိုင်ငံ မူဆယ်မြို့သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး (၁ဝ-၃-၂ဝ၂ဝ)ရက်တွင် မူဆယ်မြို့မှ ရွှေလီမြို့သို့ ပြန်လည်ထွက်ခွာခဲ့ရာ မူဆယ်နယ်စပ်ဂိတ်၌ အဖျားစစ်ဆေးချိန်တွင် ကိုယ်အပူချိန်မြင့်တက်လျက် ရှိကြောင်း တွေ့ရှိရသဖြင့် ၎င်းအားစစ်ဆေးခဲ့ရာ (၈-၃-၂ဝ၂ဝ)ရက်တွင် စတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများ ခံစားခဲ့ရကြောင်း တွေ့ရှိရသဖြင့် မူဆယ်ပြည်သူ့ ဆေးရုံတွင် သီးခြားထားရှိ ကုသမှုပေးလျက်ရှိသည်။

    (ခ) မကွေးတိုင်းဒေသကြီး ကံမမြို့နယ်တွင် နေထိုင်သော အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟူနန်ပြည်နယ်မှ (၇-၃-၂ဝ၂ဝ)ရက်တွင်  မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး (၉-၃-၂ဝ၂ဝ)ရက်မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း လက္ခဏာများ ခံစားရသဖြင့် (၁၁-၃-၂ဝ၂ဝ)ရက်တွင် ကြို့ပင်တိုက်နယ်ဆေးရုံ၌ သီးခြားထားရှိ ကုသမှုပေးလျက်ရှိသည်။

    (ဂ ) ထိုင်းနိုင်ငံ  ဗန်ကောက်မြို့တွင် နေထိုင်သော  အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးသည် (၁၁-၃-၂ဝ၂ဝ) ရက်တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ရာ ကိုယ်အပူချိန် မြင့်တက်လျက်ရှိကြောင်း တွေ့ရှိရသဖြင့် ဝေဘာဂီ အထူးကုဆေးရုံတွင် သီးခြားထားရှိ ကုသမှုပေးလျက်ရှိသည်။ (၎င်း၏ ဓာတ်ခွဲအဖြေကို အောက် အပိုဒ်-၃ (စ)တွင် ဖော်ပြထားရှိသည်။)

  (ဃ) မန္တလေးတိုင်း ဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်တွင် နေထိုင်သော အသက် ၂၃ နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် လွန်ခဲ့သော နှစ်ပတ်ခန့်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရွှေလီမြို့မှ ပြန်လည်ရောက်ရှိခဲ့ပြီး (၉-၃-၂ဝ၂ဝ) ရက်မှစတင်၍ ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် (၁၁-၃-၂ဝ၂ဝ) ရက်တွင် မန္တလေး ခုတင်-၃ဝဝ  သင်ကြားရေး ဆေးရုံကြီးတွင် သီးခြားထားရှိ ကုသမှုပေးလျက်ရှိသည်။

  (င) ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်တွင် နေထိုင်သော အသက် ၃၇ နှစ်အရွယ် ဂျပန်နိုင်ငံသား အမျိုးသမီးတစ်ဦးသည် (၉-၃-၂ဝ၂ဝ) ရက်တွင် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ရာ (၁ဝ-၃-၂ဝ၂ဝ)ရက်မှ စတင်၍ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း လက္ခဏာများ ခံစားခဲ့ရပြီး (၁၁-၃-၂ဝ၂ဝ) ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြသခဲ့သဖြင့် သီးခြားထားရှိ ကုသမှုပေးလျက် ရှိသည်။

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)မှ ယနေ့ညနေ ပေးပို့လာသော ဓာတ်ခွဲအဖြေများအရ-

    (က) အင်းစိန်အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူနေသော ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး မြို့နယ်တွင် နေထိုင်သည့် အသက် ၂၆ နှစ်ရွယ် အမျိုးသမီးတစ်ဦး၊

    (ခ) အင်းစိန်အထွေထွေရောဂါကု ဆေးရုံကြီးတွင် စောင့်ကြည့်လူနာ အဖြစ် ကုသမှုခံယူနေသော ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့နယ်တွင် နေထိုင်သည့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီး တစ်ဦး၊

    (ဂ ) ပခုက္ကူပြည်သူ့ ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူနေသော မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် နေထိုင်သည့် အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦး၊

    (ဃ) ပင်းတယမြို့နယ် ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူနေသော ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယ မြို့နယ်တွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် အမျိုးသား တစ်ဦး၊

    (င) ဝေဘာဂီအထူးကု ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူနေသော  ဧရာဝတီတိုင်းဒေသကြီး  ဓနုဖြူမြို့နယ်တွင် နေထိုင်သည့် အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့်

   (စ) ဝေဘာဂီအထူးကု ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် ကုသမှု ခံယူနေသော ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး စုစုပေါင်းခြောက်ဦးတို့၏ ဓာတ်ခွဲနမူနာများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်ရောဂါပိုး မရှိပါကြောင်း စစ်ဆေး သိရှိရသည်။

ကိုရီးယားသမ္မတနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လာရောက်မည့် လေယာဉ်တွင် ကိုရီးယား သမ္မတနိုင်ငံအတွင်း ရောဂါဖြစ်ပွားမှု  ပြင်းထန်မှု အခြေအနေအရ  Daegu မြို့အပါအဝင်  North Gyeongsang(Gyeongsangbuk-do) နှင့် South Gyeongsang (Gyeongsangnam-do) ပြည်နယ်များမှ လာရောက်သူများအား  ဆေးရုံတွင်Quarantine ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့်  ကျန်ဒေသများမှ လာရောက်သူများအား အိမ် သို့မဟုတ် ဟိုတယ်တွင် Quarantine ဆောင်ရွက်မည်ဖြစ်ကြောင်း  ကြေညာချက် ထုတ်ပြန်ခဲ့သည်။  ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ (၁၁-၃-၂ဝ၂ဝ)ရက် နံနက် ၅ နာရီခွဲတွင် ဆိုက်ရောက်လာသော  လေယာဉ်တွင် ပါရှိသည့်  ခရီးသည် ၆၉ ဦးအနက် COVID-19 ကူးစက်ဖြစ်ပွားမှု ပြင်းထန်နေသည့် ဒေသများဖြစ်သည့် Daegu မြို့၊ Chengwon မြို့၊ Miyann  မြို့နှင့် Gimhae မြို့တို့မှ လာရောက်သည့်   မြန်မာနိုင်ငံသား ခြောက်ဦးတို့အား တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတွင် Hospital Quarantine အဖြစ်လည်းကောင်း၊ အခြားဒေသများမှ လာရောက်သူ စုစုပေါင်း ၆၃ ဦးအား Home Quarantine နှင့် Hotel  Quarantine အဖြစ် လည်းကောင်း ၁၄ ရက် ခွဲခြားထားရှိ၍ စောင့်ကြပ်ကြည့်ရှုလျက် ရှိသည်။

ယနေ့ (၁၁-၃-၂ဝ၂ဝ)ရက် ညနေ ၄ နာရီအထိ လူနာခြောက်ဦးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိသည်။

(၁၁-၃-၂ဝ၂ဝ)ရက်အထိ မြန်မာနိုင်ငံတွင်  COVID-19ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံ အချို့အပါအဝင် ကမ္ဘာ့နိုင်ငံ ၁၁ဝ နိုင်ငံတွင် COVID-19 ရောဂါကူးစက် ဖြစ်ပွားလျက်ရှိသဖြင့်

ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော  ရောဂါကာကွယ်ရေးဆိုင်ရာ   ကျန်းမာရေး အသိပညာပေး အချက်အလက်များအား  တိကျစွာလိုက်နာ ဆောင်ရွက်ရန်  နှိုးဆော်အပ်ပါသည်။

ကမ္ဘာ့နိုင်ငံများ၏ COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေမှာ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ (၁ဝ-၃-၂ဝ၂ဝ) ရက် မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် ရောဂါဖြစ်ပွားနေသည့် နိုင်ငံစုစုပေါင်း ၁၁ဝ နိုင်ငံ၌ ကမ္ဘာ့နိုင်ငံများတွင် ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၁၁၃၇ဝ၂ ဦး၊ ကမ္ဘာ့နိုင်ငံများတွင် သေဆုံးသူ စုစုပေါင်း ၄ဝ၁၂ ဦးရှိပြီး ကမ္ဘာပေါ်တွင် သေဆုံးမှု ရာခိုင်နှုန်း ၃ ဒသမ ၅ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် ဖြစ်ပွား/သေဆုံးမှု များသော နိုင်ငံများမှာ-

 ကမ္ဘာ့ဒေသအသီးသီးတွင် ရောဂါ ကူးစက်ဖြစ်ပွားသော နိုင်ငံများ ဆက်တိုက် များပြားလာခဲ့ကြောင်းနှင့်  နိုင်ငံပြင်ပမှ  ရောဂါကူးစက်မှု (Imported Case)  များသာမက နိုင်ငံတွင်း၌ပါ ရောဂါကူးစက်မှု Local transmission) များ ရှိလာကြောင်း တွေ့ရှိရသည်။  တရုတ်ပြည်သူ့သမ္မတ နိုင်ငံပြင်ပတွင်  နိုင်ငံတွင်း ကူးစက်မှုဖြစ်ပွားသောနိုင်ငံ  ၆၁ နိုင်ငံဖြစ်သည်။

   သို့ဖြစ်ပါ၍ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ (၂၈-၂-၂ဝ၂ဝ)ရက် ထုတ်ပြန်ချက်တွင် COVID-19 ရောဂါကူးစက်ပြန့်ပွားနိုင်မှု အခြေအနေ  (Risk Assessment) အား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဒေသတွင်း နိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများ အားလုံးတွင် အလွန်မြင့်မားသည့် အဆင့် (Very High) အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့သည်။

    ကိုရီးယားသမ္မတနိုင်ငံ၊ အီတလီနိုင်ငံနှင့် အီရန်နိုင်ငံတို့၏ ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံပြင်ပ  အခြားနိုင်ငံများတွင် ရောဂါဖြစ်ပွားမှု အားလုံး၏ ၇၄ ဒသမ ၃ ရာခိုင်နှုန်းခန့် နှင့် သေဆုံးမှု အားလုံး၏ ၈၇ ဒသမ ၂ ရာခိုင်နှုန်းခန့်ရှိသည်။

      လက်ရှိအချိန်၌ ကမ္ဘာပေါ်တွင် COVID-19  ရောဂါအတည်ပြု လူနာ မတွေ့ရှိရသေးသော  ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ စုစုပေါင်း ၈၄ နိုင်ငံရှိပြီး  ထိုနိုင်ငံများထဲတွင်  မြန်မာနိုင်ငံလည်း ပါဝင်ကြောင်း တွေ့ရှိရသည်။

       ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ထုတ်ပြန်ချက်များအရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရှိ ဓာတ်ခွဲအတည်ပြု လူနာများတွင် ၇ဝ ရာခိုင်နှုန်းကျော်သည် ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၏ COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေ (၁၁-၃-၂ဝ၂ဝ) ရက် မွန်းတည့် ၁၂ နာရီထိ

   တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ ဆေးရုံများတွင် (၃၁-၁-၂ဝ၂ဝ)ရက်မှ (၁၁-၃-၂ဝ၂ဝ)ရက်အထိ စောင့်ကြည့်လူနာ တွေ့ရှိရမှု အခြေအနေများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၃၅ ဦး၊ ရှမ်းပြည်နယ်တွင် ၁၇ ဦး၊ မန္တလေးတိုင်း ဒေသကြီးတွင် ၁၆ ဦးနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များတွင် ၂၂ ဦး စုစုပေါင်း ၉ဝ ဦးတို့ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။      

Read 223 times Last modified on Thursday, 12 March 2020 10:33