SJ WorldNews - шаблон joomla Авто

မုံရွာမြို့၌ ကိုရိုနာဗိုင်းရပ် စောင့်ကြည့်လူနာများ ထားရန် ယာယီဆေးရုံကို တစ်ပတ်အတွင်း အပြီးဆောက်မည်

Wednesday, 25 March 2020 08:12 font size decrease font size decrease font size increase font size increase font size

မုံရွာ  မတ်   ၂၄

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ဒေါနခြံရပ်ကွက်ရှိ စားသုံးသူရေးရာ ဌာနပိုင်ဝင်း အတွင်း၌ ကိုရိုနာဗိုင်းရပ် သံသယစောင့်ကြည့် လူနာများထားရန်အတွက် ယာယီဆေးရုံကို တစ်ပတ်အတွင်း တည်ဆောက်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကိုရိုနာဗိုင်းရပ် ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ကော်မတီ ဥက္ကဋ္ဌထံမှ သိရသည်။

စားသုံးသူရေးရာ ဌာနပိုင်ဝင်းအတွင်း၌ ကိုရိုနာဗိုင်းရပ် သံသယစောင့်ကြည့်လူနာများ ထားရန်အတွက် ယာယီဆေးရုံကို တည်ဆောက်နေခြင်းဖြစ်ပြီး အလျားပေ ၄ဝ၊ အနံ ၈ ပေရှိ ကွန်တိန်နာ ၁၅ လုံး ထားရှိသွားမည်ဖြစ်သည်။ အဆိုပါကွန်တိန်နာ ၁၅ လုံးထဲမှ ၁ဝ လုံးကို စောင့်ကြည့်လူနာများအတွက်  အသုံးပြုသွားမည်ဖြစ်ကာ ကျန်ရှိသည့် ကွန်တိန်နာငါးလုံးကို ဆရာဝန်များ နားနေရန်၊ အစည်းအဝေး ခန်းမအဖြစ် အသုံးပြုရန်နှင့် ဆေးပစ္စည်းများ ထားရှိရန် အတွက် အသုံးပြုသွားမည်ဖြစ်သည်။

''ကွန်တိန်နာတစ်လုံးကို လူနာနှစ်ယောက်နှုန်းနဲ့ ၁ဝ လုံးအသုံးပြုသွားမှာပါ။ ကျန်တဲ့ ငါးလုံးကိုတော့ ဆရာ၊ ဆရာမတွေ နားနေဆောင်၊ အစည်းအဝေးခန်း၊ ဆေးပစ္စည်းတွေ ထားဖို့အတွက် အသုံးပြုသွားမှာပါ။ဘေးကိုလည်း သွပ်ပြားတွေနဲ့ အလုံကာမှာပါ။ စားသုံးသူရေးရာ ဌာနဝင်းက ဆေးရုံနဲ့လည်းနီးတဲ့အတွက် အဲဒီမှာဆောက်ဖြစ်တာပါ။ ယာယီဆေးရုံကို လာမည့်စနေနေ့ ပြီးအောင် ဆောက်လုပ်သွားမှာပါ''ဟု စစ်ကိုင်းတိုင်း ဒေသကြီး ကိုရိုနာဗိုင်းရပ်ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောသည်။

အဆိုပါကွန်တိန်နာများထဲမှ  ပျက်စီးနေသည့် အပိုင်းများကို အသစ်ပြန်လည် ပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ ကွန်တိန်နာများထဲတွင် ရေလိုင်း၊ မီးလိုင်း၊ရေချိုးခန်း၊ အိမ်သာ၊အဲယားကွန်းအစရှိသည့် ပစ္စည်းများ ပါဝင်မည်ဖြစ်သည့်အပြင် လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါက အရန်သင့် အသုံးပြုနိုင်ရန်အတွက် မီးစက်လည်း ထားရှိသွားမည်ဖြစ်သည်။

မုံရွာမြို့တွင် ကိုရိုနာဗိုင်းရပ် သံသယစောင့်ကြည် လူနာများထားရှိရန် အတွက် ယာယီဆေးရုံ တည်ဆောက်လျက်ရှိသည့်အပြင် မုံရွာပြည်သူ့ဆေးရုံ၊ မုံရွာတက္ကသိုလ် ဆေးရုံ၊ မုံရွာကွန်ပျူတာတက္ကသိုလ်၊ မုံရွာတိုင်းရင်းဆေးရုံ  အစရှိသည့် နေရာတို့တွင်လည်း  လိုအပ်ပါက အရန်သင့် အသုံးပြုနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် ယာယီဆေးရုံ တည်ဆောက်ပြီးစီးမှုအနေဖြင့် ကွန်တိန်နာ နေရာချထားခြင်း၊ လျှပ်စစ်မီး သွယ်တန်းခြင်း၊ မြေညှိခြင်း၊ ခြံဝင်းရှင်းလင်းခြင်း အစရှိသည့် လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကာ အဆိုပါ ယာယီဆေးရုံကို  မတ် ၂၈ ရက်တွင် အပြီးတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။              

Read 43 times Last modified on Wednesday, 25 March 2020 08:14