SJ WorldNews - шаблон joomla Авто

နေပြည်တော်နှင့် ရန်ကုန်တို့တွင် COVID-19 ပိုးတွေ့လူနာ ၃ ဦးထပ်တိုး

Saturday, 28 March 2020 12:20 font size decrease font size decrease font size increase font size increase font size

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ၂၇-၃-၂ဝ၂ဝ ရက် ည ၁၁းဝဝ နာရီဓာတ်ခွဲစစ်ဆေးမှု အဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ ၆၂ ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ ဇယား-၁ တွင် ဖော်ပြထားရှိသော လူနာသုံးဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုးတွေ့ရှိ (တွေ့ရှိ)ရပြီး ကျန်လူနာ ၅၉ ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုးမရှိကြောင်း (မရှိကြောင်း) တွေ့ရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးသည် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (Case-03) နှင့်အတူ ဘာဘေးဒိုးနိုင်ငံ၊ အင်္ဂလန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ၂၁-၃-၂ဝ၂ဝ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာကြောင်း သိရှိရသဖြင့် ၎င်းအား ဝေဘာဂီ အထူးကုဆေးရုံကြီးတွင် ၂၆-၃-၂ဝ၂ဝ ရက်မှစ၍ အသွားအလာ တားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခဲ့သည်။ အဆိုပါလူနာထံမှ ၂၆-၃-၂ဝ၂ဝ ရက်တွင် ဓာတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန(ရန်ကုန်)သို့ ပေးပို့စစ်ဆေးခဲ့ရာ ၂၇-၃-၂ဝ၂ဝ ရက်တွင် ထုတ်ပြန်သော ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုးတွေ့ရှိ (တွေ့ရှိ)ရသည်။

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်နေ အသက် ၆ဝ နှစ်အရွယ် ဧည့်လမ်းညွှန် အမျိုးသမီးတစ်ဦးသည် ၂၅-၃-၂ဝ၂ဝ ရက်မှစတင်ပြီး ချောင်းဆိုးခြင်း၊ အန်ခြင်း လက္ခဏာများဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ၂၆-၃-၂ဝ၂ဝ ရက်တွင် လာရောက်ပြသခဲ့ရာ ပြင်းထန်အဆုတ်ရောင် ရောဂါလက္ခဏာများ တွေ့ရှိရသဖြင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိပြီး အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ၎င်းမှာ ပြည်ပနိုင်ငံများသို့ လွန်ခဲ့သော ၁၄ ရက်အတွင်း ခရီးသွား ရာဇဝင်မရှိသော်လည်း ပြင်သစ်နိုင်ငံသား ခရီးသွားများနှင့်အတူ ဧည့်လမ်းညွှန်အဖြစ် ခရီးသွားခဲ့ကြောင်း သိရှိရသည်။ ၂၆-၃-၂ဝ၂ဝ ရက်တွင် အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ရာ ၂၇-၃-၂ဝ၂ဝ ရက်တွင် ထုတ်ပြန်သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုးတွေ့ရှိ (တွေ့ရှိ)ရသည်။

နေပြည်တော်မှ အသက် ၅၈ နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးသည် ၁၇-၃-၂ဝ၂ဝ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှ ဗန်ကောက်မြို့ ယင်းမှတစ်ဆင့် ၁၈-၃-၂ဝ၂ဝ ရက်တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး ဟိုတယ်တစ်ခုတွင် သီးခြားနေထိုင်၍  Hotel Quarantine ဆောင်ရွက်စဉ် ၂၂-၃-၂ဝ၂ဝ ရက်တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းသွားခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် ၂၆-၃-၂ဝ၂ဝ ရက်တွင် နေပြည်တော်ခုတင်(၁ဝဝဝ) ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးသို့ တက်ရောက်ဆေးကုသမှု ခံယူခဲ့သည်။ အဆိုပါလူနာထံမှ ၂၆-၃-၂ဝ၂ဝရက်တွင် ဓာတ်ခွဲနမူနာရယူ၍ ပေးပို့ စစ်ဆေးခဲ့ရာ ၂၇-၃-၂ဝ၂ဝ ရက်တွင် ထုတ်ပြန်သော ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ(တွေ့ရှိ)ရသည်။ အဆိုပါလူနာသည် ဆွစ်ဇာလန်နိုင်ငံတွင် ရောက်ရှိစဉ် ၁၃-၃-၂ဝ၂ဝ ရက်တွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာဖြစ်သော ၎င်း၏ ဖခင်နှင့် ၂ နာရီကြာ အနီးကပ် ထိတွေ့ခဲ့သည့် ရာဇဝင်ရှိကြောင်း သိရှိရသည်။

အဆိုပါဓာတ်ခွဲ အတည်ပြု လူနာသုံးဦးအား သက်ဆိုင်ရာ ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး လူနာများ၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိသည်။

ယခင်နေ့ကထုတ်ပြန်ခဲ့သော COVID-19 လူနာများထံမှ ဓာတ်ခွဲနမူနာများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲအဖြေများ ကိုက်ညီမှုရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းမှ အကြောင်းပြန်ကြားခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာများ တွေ့ရှိလာသဖြင့် အဆိုပါ လူနာများနှင့် အနီးကပ်ထိတွေ့ ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်ပြီး အသွားအလာ တားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး ဆိုင်ရာ ကျန်းမာရေး ပညာပေး အချက်အလက် များအား တိကျစွာလိုက်နာ ဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

Read 86 times Last modified on Saturday, 28 March 2020 12:24