SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါရှိ၊ မရှိ Automatic စနစ်ဖြင့် တိကျမြန်ဆန်စွာ စစ်ပေးနိုင်သော Roche Cobas 6800 Analyzer စက်နှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိ

Wednesday, 22 April 2020 11:05 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဧပြီ  ၂၁

COVID-19 ရောဂါရှိ၊ မရှိ Automatic စနစ်ဖြင့် တိကျမြန်ဆန်စွာ စစ်ပေးနိုင်သော Roche Cobas 6800 Analyzer စက်နှင့် ဆက်စပ်ပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ်များသည် ယနေ့ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မော်ကွန်းတိုက်လမ်းရှိ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲခန်း NHL) သို့ရောက်ရှိကြောင်းသိရသည်။

အဆိုပါ COVID-19 ရောဂါရှိ၊ မရှိ Automatic စနစ်ဖြင့် တိကျမြန်ဆန်စွာ စစ်ပေးနိုင်သည့် Roche Cobas 6800 Analyzer စက်နှင့် ဆက်စပ်ပစ္စည်းများကို COVID-19 ရောဂါကူးစက် ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန် AA  Medical Products Ltd. မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်း (NHL) သို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ထို့ပြင် Roche Cobas 6800 Analyzer စက်တစ်လုံးနှင့် တွဲဖက်သုံးစွဲရမည့် လူဦးရေ ၁၁ဝဝ ကျော်အား စစ်ဆေးပေးနိုင်သော ရောဂါရှာဖွေရေး ဆေးရည် SARS-CoV-2 Reagent များကို ပေ ၄ဝ ရှိသော ကွန်တိန်နာယာဉ် သုံးစီးဖြင့် သယ်ဆောင်လာကြောင်း သိရသည်။

COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် Roche Diagnostics ကုမ္ပဏီမှ ကမ္ဘာပေါ်တွင် ပထမဦးဆုံး တီထွင်ထုတ်လုပ်သော COVID-19 ရောဂါရှာဖွေရေး ဆေးရညှ် SARS-CoV-2 Reagent ကို တီထွင်ပြီးပြီးချင်း US  FDA တွင် မှတ်ပုံတင် ရရှိပြီးသည်နှင့်တစ်ပြိုင်နက် မြန်မာနိုင်ငံအတွက် ရရှိရန် AA Medical Products Ltd. မှ ကြိုးစားဆောင်ရွက်ခဲ့ရာ ယခုအခါ အမေရိကန်မှ တစ်ဆင့် ဂျာမနီနိုင်ငံ Frankfurt လေဆိပ်သို့ ရောက်ရှိပြီး ၎င်းမှတစ်ဆင့် ထိုင်းနိုင်ငံ ဗန်ကောက်လေဆိပ်သို့ လည်းကောင်း၊ ၎င်းမှတစ်ဆင့် ကွန်တိန်နာယာဉ် သုံးစီးဖြင့် ထိုင်း- မြန်မာချစ်ကြည်ရေး တံတားအမှတ် (၂)သို့ လည်းကောင်း၊ ၎င်းမှတစ်ဆင့် မြဝတီ နယ်စပ်ရှိ နယ်စပ်စစ်ဆေးရေးစခန်း (Border Control Facilities-BCF)  သို့ လည်း ကောင်း ယနေ့မွန်းလွဲ ၂ နာရီ ၂၅ မိနစ် ခန့်တွင် ရောက်ရှိကာ ညနေ ၃ နာရီ ၃၇ မိနစ်တွင် ကုန်သွယ်ရေးဇုန်မှ ဆက်လက် ထွက်ခွာလာကြကြောင်း သိရသည်။

အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်း (NHL) တွင် အဆိုပါစက်ထားမည့် Lab အခန်း အဆင့်မြှင့်တင်ခြင်းလည်း ပြီးစီး၍ စက်နှင့် Reagent များ ရောက်ရှိပါက စက်တပ်ဆင်ခြင်း၊ Test Run လုပ်ခြင်းနှင့် Live Run လုပ်ခြင်းတို့ကို ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း AA Medical Products Ltd. မှ Deputy မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာစောနေနွယ် ကပြောသည်။

''ဒီစက်ရောက်လာပြီဆိုတော့ လူဦးရေ အများကြီးကို စစ်လို့ရပါပြီ။ စက်နဲ့တွဲပြီး ထည့်ရတဲ့ ဓာတ်ပြုပစ္စည်းက လူဦးရေ ၁၁ဝဝ ဦးစာပါပါတယ်။   ဝန်ကြီးဌာနအတွက် ဂါမီ  (ကာကွယ်ဆေးများ လှူသည့်အဖွဲ့)နဲ့ Unicef က အလှူရှင်တွေနဲ့ ဝယ်တာက လူဦးရေ ၂ဝဝဝဝ ဦးစာ ဒီလကုန်ရောက် လာပါလိမ့်မယ်။ ရန်ကုန်မြို့ကို ဒီလကုန်ရောက်မယ် ဆိုတာကလည်း ခန့်မှန်းတာပါနော်။

ခုဒီစက်အသစ်က လူဦးရေ ၁၁ဝဝ လုံးစစ်ဖို့ ဆိုတာက တစ်ခါတည်း Run လို့ မရပါဘူး။

စက်အသစ်ဆိုတော့ တစ်ရက်ကို သုံးဆိုင်းလောက်နဲ့ စစ်နိုင်တယ်ဆိုရင် တစ်ဆိုင်းလောက်နဲ့ အရင်စရပါလိမ့်မယ်။ တဖြည်းဖြည်းချင်း Run ရမှာဆိုတော့ ဒီစက်နဲ့ စစ်နေတာနဲ့ ဒီလကုန်မှာ ထပ်ရောက် လာမှာနဲ့က အတော်လောက်ပါပဲ''ဟု ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာန   ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

PCR စက်သည် နိုင်ငံတိုင်း၌ရှိပြီး မြန်မာနိုင်ငံ၌လည်း ပုဂ္ဂလိကဆေးရုံများ၊ တက္ကသိုလ်များ၊ သုတေသနဌာနများ၌ ရှိနေကြောင်း၊ သို့ရာတွင်လည်း အဆင့်မြှင့်တင်သည့် ဓာတ်ခွဲခန်းကိုပြုလုပ်ရပြီး အနည်းဆုံး Bio Safety Level 2+ (ဇီဝလုံခြုံမှုအဆင့် ၂+)ရှိ ဓာတ်ခွဲခန်း ဖြစ်မှသာလျှင် DNA ကို ခွဲထုတ်၍ ရကြောင်း၊ မန္တလေးမြို့၌ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲခန်း ရှိသော်လည်း NHL လို မစစ်နိုင်ခြင်းကြောင့် ယခုအခါ NHL ကဲ့သို့ စစ်နိုင်သည့် ဓာတ်ခွဲခန်းတစ်ခု ဖြစ်နိုင်ရန်  အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ သိရသည်။              

 

Read 160 times Last modified on Wednesday, 22 April 2020 11:09