SJ WorldNews - шаблон joomla Авто

တောင်ဥက္ကလာပမြို့နယ်၌ Fever Clinic စတင်ဖွင့်လှစ်

Tuesday, 05 May 2020 08:07 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်၌ Fever Clinic  ဆေးခန်းကို မေ ၄ ရက်က စတင်ဖွင့်လှစ်လိုက်ပြီး သံသယလူနာတွေ့ရှိပါက ဆေးရုံသို့ ပို့ဆောင်နိုင်ရန် လူနာတင်ယာဉ်နှစ်စီး အဆင်သင့်ထားရှိကြောင်း တောင်ဥက္ကလာပမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်  ဒေါက်တာစောနိုင်၏ ပြောကြားချက်အရ သိရသည်။

တောင်ဥက္ကလာပမြို့နယ်သည်  ဗိုင်းရပ်အတည်ပြု လူနာတွေ့ရှိမှုတွင်    ဒုတိယ အများဆုံးဖြစ်ရာ  ယင်းဆေးခန်း ဖွင့်လှစ်ရန် ပြီးခဲ့သည့်လအတွင်းမှ စတင်ပြင်ဆင်နေခြင်း ဖြစ်ပြီး တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့်    တောင်ဥက္ကလာပမြို့နယ်  အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျန်းမာရေး ဆေးခန်းတွင် စတင်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

''တောင်ဥက္ကလာပမြို့နယ်က Positive  လူနာ ဒုတိယအများဆုံး တွေ့ရှိရတဲ့မြို့နယ်ဖြစ်နေတယ်။ ဒီကြားထဲ နေမကောင်းတဲ့ သူတွေက ဆေးခန်းပြဖို့ အခက်အခဲရှိတယ်။

အဓိကကတော့ မြို့နယ်အတွင်းမှာ ဆေးခန်းပြချင်တဲ့ သူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းတဲ့အနေနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်''ဟု ဒေါက်တာစောနိုင်ကပြောသည်။

အဆိုပါဆေးခန်းကို     တစ်ပတ်လျှင် သုံးရက် တနင်္လာ၊ ဗုဒ္ဓဟူး၊  သောကြာနေ့တို့တွင် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်သည်။

ထို့ပြင် ဆရာဝန်များကို တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနနှင့် ပရဟိတအဖွဲ့များမှ စီစဉ်ပေးပြီး   သူနာပြုများကို   မြို့နယ်ကျန်းမာရေး ဦးစီးမှူးမှ စီစဉ်ပေးခြင်းဖြစ်ကာ သူနာပြု၊  ကြက်ခြေနီ၊  မီးသတ်တပ်ဖွဲ့ အပါအဝင် ပရဟိတအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများအတွက် မြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေး ကော်မတီမှ    တာဝန်ယူကာ  စုစုပေါင်းအင်အား ၃ဝ  ဝန်းကျင်ဖြင့် လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။

 

Read 238 times Last modified on Tuesday, 05 May 2020 08:09