SJ WorldNews - шаблон joomla Авто

သွားလာရေးနှင့် လူမှုရေး ခက်ခဲသော ဒေသများနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများမှ ဆေးတက္ကသိုလ် တက်ရောက်ခွင့်ရရှိခဲ့သူ ၂၂ ဦး အဆိုပါ နေရာဒေသများတွင် စတင်တာဝန် ထမ်းဆောင်

Friday, 05 June 2020 08:42 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ (၂ဝ၂ဝ)ပြည့်နှစ်၊ ဇွန်လ (၄)ရက်နေ့ နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဒေသစရိတ် ခံစားခွင့်ရရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ (၂ဝ၁၂) ခုနှစ်တွင်တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခဲ့ပြီး   အထူးအခွင့်အရေး အနေဖြင့် ဆေးတက္ကသိုလ် တက်ရောက်ခွင့်ရရှိခဲ့ကာ ဆေးပညာဘွဲ့များ ရရှိခဲ့သူ ၂၂ ဦးသည် ယခုနှစ်၊ ဇွန်လမှစတင်၍ လက်ထောက် ဆရာဝန်များအဖြစ် သက်ဆိုင်ရာ ခက်ခဲဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ၌  အသီးသီး စတင်တာဝန် ထမ်းဆောင်တော့မည်ဖြစ်သည်။

အဆိုပါ လက်ထောက်ဆရာဝန်များသည် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဒေသစရိတ် ခံစားခွင့်ရရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများနှင့် ဓနု၊ ပအိုဝ်းနှင့် ''ဝ''ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများတွင် နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး (၅)နှစ်ကြာ တာဝန်ထမ်းဆောင် သွားရမည်ဖြစ်သည်။

(၂ဝ၁၂) ခုနှစ်မှ ယခုအထိ သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆)ခုမှ အထူးအခွင့်အရေးဖြင့် ဆေးတက္ကသိုလ်များ၌ တက်ရောက်ခွင့် ရရှိခဲ့သူ စုစုပေါင်း ၄၅ဝ ဦးရှိပြီး (၂ဝ၁၉-၂ဝ၂ဝ) ပညာသင်နှစ်တွင်အဆိုပါဒေသများမှ ၅၉ ဦး   ဆေးတက္ကသိုလ် တက်ရောက်ခွင့် ရရှိခဲ့သည်။

ဝန်ကြီးဌာနအနေဖြင့် ထိုကဲ့သို့ အထူးအခွင့်အရေးဖြင့် တက်ရောက်ခွင့်ရခဲ့ပြီး နှစ်အလိုက် ဆေးပညာဘွဲ့ ရရှိအောင်မြင်သူများအား သက်ဆိုင်ရာ ခက်ခဲဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၌    နှစ်စဉ်ဆက်လက် တာဝန်ချသွားမည်ဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

 

Read 120 times Last modified on Friday, 05 June 2020 08:43