SJ WorldNews - шаблон joomla Авто

သတိပြုစရာ ဆယ်ဖီရောဂါ

Sunday, 20 August 2017 11:34 Written by  font size decrease font size decrease font size increase font size increase font size

ကျွန်မတို့အားလုံး ဓာတ်ပုံ ရိုက်ဖူးကြပါတယ်။ အနည်းဆုံးတော့ တစ်နှစ်တစ်ခါပေါ့။ တစ်ဦးတည်း ရိုက်ရတဲ့ လိုင်စင်ဓာတ်ပုံ ဖြစ်ဖြစ်၊ မိသားစု အပေါင်းအသင်းနဲ့ တစုတဝေး ကြီး ရိုက်ကြတဲ့ ဓာတ်ပုံဖြစ်ဖြစ်ပေါ့။ လွန်ခဲ့တဲ့ အနှစ် ၂ဝ

လောက်အထိ ဆိုရင် ဓာတ်ပုံ ဆိုင်မှာ သွားရိုက်ရတာ များပါတယ်။ ကိုယ့် ကင်မရာနဲ့ ကိုယ့်အိမ်မှာ ရိုက်မယ်ဆိုရင်၊ အိမ်သားအားလုံးလည်း ပါချင်တယ်ဆိုရင် ကင်မရာလေးကို စားပွဲတစ်လုံးမှာတင်ပြီး ချိန်ပြီးရင် အဝေးထိန်းခလုတ်ကို နှိပ်၍ မိသားစုပုံ ရိုက်ကြရပါတယ်။ ပြီးမှ ဖလင်ကိုကူးပြီး ဓာတ်ပုံကို ပြင်ရပါတယ်။ ဖလင်ကလည်း တစ်လိပ်လုံး ကုန်မှ ကူးလို့ရတာဆိုတော့ အချိန်ကာလ အပိုင်းအခြားရှိတာပေါ့။ ဒီလိုနဲ့ အိုင်တီခေတ် ရောက်လာတော့ ဒစ်ဂျစ်တယ်ကင်မရာ၊ အိုင်ဖုန်းတွေ ပေါ်လာတာပေါ့။ အဲတော့ ခုရိုက် ခုပြန်ကြည့်။ မကြိုက်ရင်ပြန်ပြီးရိုက်။ ပုံကိုလည်း ကြိုက်သလိုပြင်လို့ ရတယ်လေ။ မျက်နှာမှာ ဝက်ခြံရှိရင်လည်း ဖျောက်လို့ရတယ်။ နဖူးပြောင် တာကိုလည်း ဆံပင်ပေါက်ပြီး ဘိုကေပုံ ပြောင်းလိုက်လို့လည်းရတယ်။ မျက်လှည့် ပြသလို လုပ်လို့ရတယ်။ ဘယ်လောက်များ စွမ်းဆောင်မှု ကောင်းလိုက်သလဲလို့။ ဒီထက်ပိုပြီး ထူးခြားတာက ဆယ်ဖီ ရိုက်လို့ရတာလေ။ မိမိနဲ့လက်တစ်ကမ်းမှာ ကင်မရာကို မိမိလက်မှာ ကိုင်ထားပြီးဖြစ်ဖြစ်၊ ဆယ်ဖီ ရိုက်တုတ်တံလေးမှာ ကပ်ပြီးဖြစ်ဖြစ်ပေါ့။ ကိုယ့်ပုံကို ရိုက်လို့ရတာလေ။ ဘယ်သူ့ကိုမှ ဓာတ်ပုံရိုက်ပေးဖို့ အကူအညီ တောင်းစရာ မလိုဘူး။ ကိုယ့်လက်နဲ့ ကိုယ်ရိုက်တာ။အချိန်အခါ မရွေး၊နေရာဒေသ မရွေးပေါ့။ ကိုယ့်မျက်နှာကို ဘယ်ရှုထောင့် ကရိုက်မလဲ။ ကြိုက်တာရွေး။ အသားဖြူ ချင်သလား။ အားလုံးကိုစိတ်ကြိုက် လုပ်လို့ရတယ်ပေါ့။ ကိုယ်အမှန်တကယ် ဖြစ်စေချင်တဲ့နေရာ၊ အခြေအနေတွေကို ကိုယ့်လက် နဲ့ပဲ ဆယ်ဖီ ရိုက်လိုက်ရုံပဲ။ ဘယ်သူ့ကိုမှ ကျေးဇူးတင်စရာ မလိုဘူးလေ။ ဆယ်ဖီပုံက ကိုယ်ဒီနေရာ ရောက်ဖူးတာ၊ ဒီလိုစားဖူးတာ၊ ဒီလိုဝတ်ဖူးတာဆိုတာ မှတ်ကျောက်ပဲလေ။ ဘယ်သူမှ ဒါကို မယုံကြည်ဘူးလို့ စောဒက တက်စရာ မလိုတဲ့ အထောက်အထားပေါ့။ အဲတော့ ကျွန်မတို့အားလုံး လူကြီးလူငယ် မရွေး၊ ယောက်ျားမိန်းမ မရွေး ဆယ်ဖီ ရိုက်ကြတယ်။ ဆယ်ဖီကို ကြိုက်ကြတာပေါ့။ကျွန်မတို့ နေ့စဉ် အလုပ်သွားတဲ့အချိန်၊ ဈေးဝယ်ချိန်၊ စားသောက်ဆိုင်မှာ ထိုင်နေတဲ့အချိန်၊ ဘတ်စကားပေါ်မှာထိုင်ချိန်၊ ဘတ်စကား မှတ်တိုင်မှာ စောင့်နေတဲ့အချိန်၊ ဘုရားရင်ပြင်တော်ပေါ် ရောက်နေတဲ့အချိန် ဘယ်အချိန် ပဲဖြစ်ဖြစ်၊ မိမိပတ်ဝန်းကျင်ကို ခဏလောက် ကြည့်လိုက်ပါ။ အနည်းဆုံးတော့ ဆယ်ဖီ ရိုက်နေသူ သုံး၊ လေးဦးတော့ရှိတာပါပဲ။

ကားမောင်းနေရင်း ဆယ်ဖီရိုက်တာ၊ လမ်းကူးနေရင်း ဆယ်ဖီရိုက်တာ၊ စက်လှေကားစီးရင်း ဆယ်ဖီရိုက်တာတွေ တွေ့နေတော့ လန့်မသွားဘူးလား။ကားမောင်းနေရင်း ဆယ်ဖီဆိုတော့ ယာဉ်တိုက်မှု ဖြစ်သွားတာပေါ့။ လမ်းကူးရင်း ဆယ်ဖီရိုက်ရင် ကားတိုက်ခံရတော့မှာပေါ့။ စက်လှေကားစီးရင်း ဆိုရင် ထဘီစလှေကား ထဲညပ်သွားနိုင်တာပေါ့။ သူတို့တွေ ဒီအန္တရာယ်ကို သတိမူဖြစ်ရဲ့လား။ အခုလထုတ်အိန္ဒိယ သတင်းစာမှာပါတဲ့ ဆယ်ဖီကြောင့် သေဆုံးခြင်းအကြောင်း ဖက်မိတဲ့အခါမှာ ကျွန်မဟာအတော်လေး ထိတ်လန့်သွားမိပါတယ်။ ဒါကြောင့် ကိုယ့် လူတွေအားလုံး ပိုပြီးသတိထားမိအောင်၊ ဆင်ခြင်ဖြစ်အောင် ဒီဆောင်းပါးကို ရေးရခြင်းဖြစ်ပါတယ်။ ဆယ်ဖီဆိုတာ ဒစ်ဂျစ်တယ်ကင်မရာ သို့မဟုတ် ဖုန်းနဲ့ မိမိလက်တစ်ကမ်းမှာ ထားပြီး၊ မိမိပုံကိုရိုက်ပြီး ဖေ့စ်ဘွတ်တို့၊ တွစ်တာတို့ အက်စတာဂရမ်တို့မှာ သူများတွေမြင်အောင် တင်ထားတာကို ခေါ်တာလို့ပြောပါတယ်။

 

အင်တာနက်မှာတွေ့ရတဲ့ သည်းထိတ်ရင်ဖို ဆယ်ဖီပုံတွေကတော့ မိကျောင်းပါးစပ်ထဲ ခေါင်းထည့်ပြီး ရိုက်ထားတဲ့ပုံ၊ မြွေနဲ့ရိုက်ထား တဲ့ပုံ၊ ချောက်ကမ်းပါး အစွန်းမှာ ရိုက်ထားတဲ့ပုံ၊ အိမ်ခေါင်မိုး အမြင့်အစွန်းမှာ ရိုက်ထားတဲ့ပုံတွေပဲ ဖြစ်ပါတယ်။ အဲဒီတော့ မိကျောင်းက ဝါးလိုက်တာ၊ မြွေပေါက်ပြီးသေတာ၊ ချောက်ကမ်းပါးအစွန်းက လိမ့်ကျပြီး ခေါင်းတခြား၊ ကိုယ်တခြားဖြစ်တာတွေ ဖြစ်တော့တာပေါ့။ အဲဒီလိုမျိုး ဆယ်ဖီကြောင့်သေဆုံးတဲ့ လူတွေရဲ့ ၆ဝ ရာခိုင်နှုန်းဟာ အိန္ဒိယနိုင်ငံက လို့ပြောပါတယ်။ အဲဒါကြောင့် အိန္ဒိယ နိုင်ငံမှ စိတ်ကျန်းမာရေး ဆရာဝန်များက ဆယ်ဖီ စွဲလမ်းရောဂါဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာနဲ့ ဆက်နွှယ် နေသလားလို့ လေ့လာခဲ့ပါတယ်။

 

၁၉၇၇ ခုနှစ်တုန်းက အိန္ဒိယနိုင်ငံမှာ မိမိပုံရိပ်ကို ရိုးရိုးဓာတ်ပုံတွင် တွေ့ရတာနဲ့ မှန်သားပြင်ပေါ်မှာ တွေ့ရတာ ဘယ်ဟာကို ပိုပြီးနှစ်ခြိုက်သလဲဆိုတာ ခွဲခြားဖို့ စစ်တမ်း တစ်ခုကောက်ခဲ့ပါတယ်။ လူအများစုက ''မှန်မှာမြင်ရတဲ့ပုံ'' ကို ပိုပြီး ကြိုက်ပါတယ်တဲ့။ အဲဒီတော့ သဘာဝကိုက မှန်မှာပေါ်တဲ့ ပုံရိပ်ကို နှစ်ခြိုက်ပါတယ်။ အခုအချိန်မှာ ပြန်ပြီးသုံးသပ်ရမယ်ဆိုရင် ဆယ်ဖီစွဲတာပေါ့။ အခုကတော့ ဆယ်ဖီရိုက်ပြီး အများမြင်သာအောင် ဖေ့စ်ဘွတ်၊ တွစ်တာ၊ အက်စတာ ဂရမ်မှာ ပြထားတာပေါ့။ စိတ်ကျန်းမာရေး သုတေသီတို့ မြင်တာတော့ ဒီလိုပြထားတာဟာ မိမိမြင်တွေ့နေရတာတွေကို သူများတွေကိုလည်း မြင်စေချင်တဲ့ စိတ်စေတနာလည်း ပါပါတယ်တဲ့။ ကြွားချင်တာက ပိုများတဲ့ သဘောလို့လည်း ပြောပါတယ်။ ငါလုပ်နိုင်တယ်၊ ငါစားနိုင်တယ်၊ ငါသွားနိုင်တယ်ပေါ့။ သူများတွေ မသွားနိုင်တဲ့ တောင်အစွန်း မှာ ဆယ်ဖီပုံ ရိုက်ထားတော့ မိမိရဲ့ ထူးထူးခြားခြား ရဲရဲရင့်ရင့် လုပ်ဆောင်မှုကို လူအများ က အသိအမှတ်ပြုတာ လိုချင်တာတဲ့။ ကိုယ်တကယ် လုပ်ဖူးတယ်ဆိုတာလည်း သက်သေသက္ကာယနဲ့ ပြတာတဲ့။ ဒီလို လူတွေက လူအများရဲ့ စိတ်အာရုံ စူးစိုက်မှုကို လိုလားသူများ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ အများက ဖေ့စ်ဘွတ်မှာ ကြိုက်တယ်လို့ ပေးလိုက်တာကို ခုံမင်တယ်။ သူတို့ စိတ်ကို ဒါနဲ့ဖြေသိမ့်တယ်။ ပြီးရင် နောက်ထပ်အာရုံစိုက်တာ ခံရအောင် နောက်တစ်ခု ဆယ်ဖီထပ်ပြီး လုပ်နေတာတဲ့။ ဒီစိတ်ပိုင်းဆိုင်ရာ သုတေသီတို့က ဘယ်လိုလူစားမျိုးတွေဟာ ဆယ်ဖီစွဲရောဂါ အဖြစ်များသလဲ ဆိုတာ ဆက်ပြီး လေ့လာခဲ့ပါတယ်။ ဒီဆောင်းပါးအရ ဆိုရင် တစ်ခါတလေမှ ဆယ်ဖီရိုက်ရင် သဘာဝပါပဲ။ ဒီလိုမှ မဟုတ်ဘဲ တစ်နေ့ကို ဆယ်ဖီရိုက်တာ ဆယ်ကြိမ်အထက် ဆိုရင်တော့ ဆယ်ဖီစွဲ ရောဂါလို့ ပြောလို့ ရပါတယ်တဲ့။

 

ဆယ်ဖီစွဲ ရောဂါဖြစ်သူ အများစုဟာ စိတ်ကြီးဝင်သူ၊ အတ္တကြီးသူ၊ တစ်ကိုယ်ကောင်းဆန်သူ၊ မိမိကိုယ်မိမိ တန်ဖိုးထားတာ များသူ၊ မိမိမရှိလျှင် ကမ္ဘာကြီးပျက်မည်ဟု ထင်သူ၊ သွေးနားထင်ရောက်သူ၊ ရိုးရိုးလေးပြောရင် တော့ ဘဝင်မြင့်သူများ ဖြစ်ကြောင်းတွေ့ရတယ်လို့ ဆိုပါတယ်။ စိတ်အားငယ်တတ်သူ များမှာလည်း ဆယ်ဖီစွဲရောဂါ တစ်ခါတစ်ရံ ဖြစ်တတ်ပါတယ်တဲ့။ သူတို့ကျတော့ လူအများရဲ့ အားပေးမှုရတဲ့အခါ စိတ်အားငယ်မှု သက်သာသွားတတ် ပါတယ်တဲ့။

 

ဒီလိုမျိုးထူးခြားတဲ့နေရာဒေသရောက်ဖူး တာ၊ ဝတ်ဖူးတာ၊ စားဖူးတာကို သက်သေ ပြနေတဲ့၊ အများကကြိုက်တယ်ဆိုပြီး အားပေးနေတဲ့ ဆယ်ဖီဟာ လက်တွေ့ ဘဝနဲ့ ဘယ်လောက်နီးစပ်သလဲ၊ နေ့စဉ် လုပ်ဆောင်ချက်တွေကို ဘယ်လောက် ထင်ဟပ်သလဲလို့ သုတေသီတို့က ဆန်းစစ်ခဲ့ပါတယ်။ လက်တွေ့အိမ်ထောင်စုတစ်စုကို ကြည့်ကြပါစို့။ အဖေနဲ့အမေက သားသမီးတွေရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးတို့ အတွက် မိုးလင်းမိုးချုပ် ရုန်းကန်လှုပ်ရှား နေရတယ်လေ။ သားသမီးဘက်ကလည်း ပညာ ကြိုးစား၊ မောင်နှမအချင်းချင်းဖေးမ၊ မိဘကို ကူညီပြီး လုပ်ကိုင်နေရတာ။ မိသားစုထဲမှာ အချင်းချင်း အပြန်အလှန် ရိုင်းပင်းနေရတာမို့လား။ ဒါမှ မိသားစု တစ်ခုလုံးကြီးပွား တိုးတက်မှာ၊ ရပ်တည်နိုင်မှာလေ။ ဒီလို အရေးကြီးတာကို ဆယ်ဖီကပြလို့လား။ဆယ်ဖီဟာ အမေကျော်ပြီး ဒွေးတော်လွမ်းတာမဟုတ်လား။

 

မိမိကိုယ်မိမိ ပြန်လည် သုံးသပ်ကြည့်ပါ။ ကိုယ့်မိသားစု၊ ကိုယ့်အလုပ်ခွင်မှာရှိတဲ့ လူတွေကို ရင်ထဲကတကယ်ဖြစ်တဲ့ စာနာစိတ်၊ ကြင်နာစိတ်၊ သနားစိတ်နဲ့ နားလည်ပြီး အားပေးနှစ်သိမ နေသလား။ အဆင်ပြေ သင့်မြတ်အောင် လုပ်ပေးနေသလား။ ဒါမှမဟုတ် ကိုယ်နဲ့အဝေးမှာ ရှိတဲ့ လူနဲ့ဆယ်ဖီ ပေါ်မှာပဲ အာရုံထားပြီး အပေါ်ယံ နှလုံးသားနဲ့ ကောင်းတယ်၊ ကြိုက်တယ်ဆိုပြီး လုပ်နေသလား။ ကိုယ်ကြွားပြီး ဖေ့စ်ဘွတ်မှာ တင်ထားတဲ့ ဆယ်ဖီကို သူများတွေက ချီးမွမ်းတာကို သာယာနေသလား။ကိုယ့်ဆယ်ဖီကို သူများတွေက ချီးမွမ်းမှ ကျေနပ်နေမယ် ဆိုရင် သူများတွေ မကြိုက်လို့ ပြောတဲ့အခါ ခံနိုင်ရည် ရှိပါဦးမလား။ တစ်နည်းအား ဖြင့် လက်ခုပ်သံမရှိရင် နေနိုင်ပါမ့ လား။ ကိုယ့်ကိုယ်ကိုယ် ပြန်လည် သုံးသပ်ပြီး သဘာဝကျကျ၊ လက်တွေ့ကျကျလုပ်ကိုင်တာ အကောင်းဆုံးဖြစ်မှာပါ။

 

ဘယ်လို့ပဲဖြစ်ဖြစ် မိမိကိုယ်တိုင် ဆယ်ဖီရိုက်တဲ့ အခါမှာလည်း အသက်အန္တရာယ် မဖြစ်အောင် ဆင်ခြင်သင့်ပါတယ်။ သူများတွေရဲ့ ဆယ်ဖီပုံတွေလိုပဲ ကြည့်နေမယ်ဆိုရင် မိမိရဲ့အကျိုးရှိတဲ့ အချိန်တွေ အလဟဿ ဖြစ်မှာစိုးရပါတယ်။ မိတ်ဆွေကောင်း ကိုယ့် သူငယ်ချင်းကို ဆယ်ဖီစွဲရောဂါ မလွန် အောင်တားပါ။ အားလုံးဆယ်ဖီစွဲရောဂါ မဖြစ်အောင် အသိဖြင့် ဆင်ခြင်ကြပါစို့။ ။

 

ပါမောက္ခ ဒေါက်တာ ခင်ဖြူပြာ

 

 

Read 524 times
Rate this item
(0 votes)
Last modified on Monday, 04 September 2017 12:33

Latest from ရွှေတည်