SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ရုတ်တရက် အဆုတ် ပျက်စီးခြင်း ရောဂါစု

Tuesday, 22 August 2017 10:14 Written by  font size decrease font size decrease font size increase font size increase font size

ရုတ်တရက် အဆုတ်ပျက်စီးခြင်း ရောဂါစုဆိုသည်မှာ Acute Respiratory Distress Syndrome (ARDS) ကို မြန်မာမှု ပြုထားခြင်းဖြစ်သည်။ ဆေးလောက ဆရာဝန်များ အသိုင်းအဝိုင်းမှာတော့ ARDS ဟု အသိများကြသည်။ ARDS ဝင်သွားပြီဆိုရင် မရတော့ဘူးဟု ပြောလေ့ရှိကြသည်။ ယနေ့ H1N1 လူနာတွေ ကွယ်လွန်ကြသည့်အခါ အဆုတ်ပြင်း ထန်စွာ ရောင်ပြီးမှ ARDS ဝင်သွားပြီး ကွယ်လွန်ကြသည်ဟုလည်း ကြားကြရမည်။

ဆေးပညာ အသုံးအနှုန်း တစ်ခုဖြစ်သော်လည်း အများလူထုအကြား အသုံးများလာသည့် ဝေါဟာရတစ်ခုဖြစ်သော ကြောင့် ARDS ရောဂါစုအကြောင်း မိတ်ဆက်ပေးလိုပါသည်။ အမှန်တော့ ARDS ရောဂါစုမှာ လူသားမျိုးစိတ် ပေါ် ပေါက်လာကတည်းက ယှဉ်တွဲတည်ရှိလာသည့် ရောဂါဖြစ်သည်။ ဆေး ပညာသမိုင်းမှာ ARDS နှင့်ပတ်သက်ပြီး ပထမ ဆုံးမှတ်တမ်းတင်နိုင်ခဲ့သူကတော့ ဆရာဝန်သုံးနားကြပ်ကို တီထွင်ခဲ့သည့် နာမည်ကျော် ရီနီလန်းနတ်စ်ပဲ ဖြစ်သည်။

လန်းနတ်စ်က ဆရာဝန်သုံးနားကြပ်ကို ၁၈၁၆ ခုနှစ်မှာ တီထွင်ခဲ့သည်။ နားကြပ်တစ်ချောင်းဖြင့် လူ့အဆုတ်များ၏ အသံကို နားထောင်လာနိုင်သည့် လန်းနတ်စ်ကပဲ နှလုံးပျက်စီးခြင်းကြောင့် မဟုတ်ဘဲ အဆုတ်လေပြွန်တွေထဲ ရေ အိုင်ထွန်းနေသည့် ရောဂါတစ်ခုကို ၁၈၂၁ ခုနှစ်မှာ စတင်ဖော် ထုတ်ခဲ့သည်။ ထိုစဉ်ကာလများကတော့ ARDS ဟုအ မည်မပေးနိုင်ခဲ့ကြပေ။ အဆုတ်ထဲမှာ အသံတွေ ကြားလာရပြီ။ နှလုံးကောင်းနေလျက်နှင့် အဆုတ်ထဲရေတွေ စုလာပြီ ဆိုရင်အကြောင်းရင်း မသိသော အဆုတ်ဖောရောင်ခြင်းဟု အမည်ပေးလိုက်ကြသည်။ ထိုအခြေအနေရောက်ပြီဆိုလျှင် လူနာ သည် အလွန်မောလာမည်။ ပြာနှမ်းလာမည်။ မကြာမီအသက်ထွက် သွားတော့မည်ဟု နားလည်ပြီးဖြစ်ကြသည်။

လူသားတို့၏ အဆုတ်ကို အလွယ်တကူ မျက်မြင်ပုံရိပ် ဖော်နိုင်လာခဲ့သည်မှာ ၁၉၂ဝ ပြည့်လွန်နှစ်များမှ ဖြစ်သည်။ အဆုတ်ကို ဓာတ်မှန်ရိုက်လာနိုင်သည်နှင့် ARDS ဝင်နေသည့် အဆုတ်များ၏ ပုံရိပ်ကိုလည်း မျက်မြင်တွေ့ ရှိလာနိုင် ခဲ့ကြသည်။ အမှန်တော့ ၁၈၉၆ ခုနှစ်မှာ ရွန်ဂျင် W.C.Roentgen က X ray ဟု အမည်ပေးထားသည့် ရောင်ခြည် တန်းများကို ဖော်ထုတ်နိုင်ခဲ့ပြီးဖြစ်သည်။ အဆုတ်ထဲမှ ပုံမှန်မဟုတ်သည်များကို ၁၈၉၆ ခုနှစ်ကတည်းက ကြည့်မြင်နိုင် ကြပြီဆိုပေမယ့် ထိုစဉ်ကာလ ဓာတ်မှန်တစ်ချပ်ရိုက်ချိန်က မိနစ် ၂ဝ လောက်ကြာနေသည်။ ထိုသို့သောအကြောင်းများကြောင့် အဆုတ် ဓာတ်မှန်ရိုက် နည်းပညာက အလွယ်တကူ ဖွံ့ဖြိုးမလာခဲ့ခြင်းဖြစ်သည်။

၁၉၂၉ ခုနှစ်မှာ ဒရင်ကာနှင့် ရှောအမည်ရ ပညာရှင်နှစ်ဦးက သံအဆုတ် အမည်ရသည့် ရှေးဦး အသက်ရှူကူစက် တစ်မျိုးကို စတင်တီထွင်ခဲ့သည်။ ၁၉၅ဝ ပြည့်လွန်နှစ်များမှာ ပိုလီယိုရောဂါဖြင့် အသက်ရှူ ရင်ဘတ်ကြွက်သားများ အားနည်းပြီး အသက်မရှူနိုင်သည့် လူနာများအတွက် အဆိုပါ သံအ ဆုတ်ကို စမ်းသပ် အသုံးပြုလာနိုင်ခဲ့သည်။ နောက်ပိုင်းကို ပင်ဟေဂင်မြို့မှာ သံအဆုတ်ကို အသက်ရှူကူစက်အဖြစ် အသုံးပြုသည့် အထူးကြပ်မတ် ကုသဆောင်များ စတင်ပေါ်ပေါက်လာသည်။

သံအဆုတ်များ၏ အားနည်းချက်က ပုံမှန်ကျုံ့နိုင်ချဲ့နိုင်သည့် အဆုတ်များတွင်သာ အလုပ်ဖြစ်သည်။ အဆုတ်က ကောင်းပြီး ကြွက်သားအားနည်းခြင်းကြောင့် အသက်မရှူနိုင်သည့် ရောဂါများမှာသာ အသုံးတည့်သည်။ အဆုတ် ရောင်ရမ်းခြင်း၊ အဆုတ်လေပြွန်များထဲ ရေဝင်ခြင်းစသည့် အဆုတ်ြ ပဿနာကြောင့် အသက်မရှူနိုင်သည့် ရောဂါများ မှာအသုံးမတည့်။ ၁၉၅၄ ခုနှစ်မှာတော့ ထိုရောဂါများအတွက်ပါ အသုံးတည့်ပြီး လေပြွန်အတွင်း အသက်ရှူပိုက် ထည့် သွင်းအသုံးပြုရသည့် အသက်ရှူကူစက်များကို စတင်အသုံးပြု လာနိုင်ခဲ့ကြသည်။ ထိုနည်းပညာကို Positive pressure ventilation ဟု ခေါ်ကြသည်။

ထိုအသက်ရှူကူစက် အသုံးပြုနည်းပညာ ပေါ်ပေါက်လာခဲ့ခြင်းကြောင့် တစ်ချိန်က လန်းနတ်စ်ဖော်ထုတ်ခဲ့သော ကုသ မရနိုင်သည့် ARDS အဆုတ်ရောဂါများကို ကုသနိုင်လာသည့် အခြေအနေ ရှိလာခဲ့သည်။ ၁၉၆၇ ခုနှစ်က ရေးသားခဲ့ သည့် ဆေးပညာ ဆောင်းပါးတစ်ပုဒ်မှာ ARDS ရောဂါစုကို ကေ လးငယ်များမှာဖြစ်သည့် Infantile respiratory distress syndrome,IRDS (hyaline membrane disease) နှင့်ဆင်တူကြောင်း ရေးသားထားသည်။ ထိုရောဂါတွင် သာမကပါ။ မုန့်ချိုအိတ်ရောင်ရမ်းခြင်း၊ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရခြင်း၊ အဆုတ်ပြင်းထန်စွာ ရောင်ခြင်း စသည့် ရော ဂါများကြောင့် ရုတ်တရက် အဆုတ်ပျက်စီးခြင်းရောဂါစု ARDS များဖြစ်တတ်ကြောင်း၊ အခြေခံ ဆဲလ်ကလာပ်စည်းများ အဆင့်အထိ ဖြစ်ပွားပုံ လက္ခဏာများ တူညီနေကြောင်း တွေ့ရှိလာကြသည်။

ARDS ရောဂါများကို PEEP ကုထုံးနှင့် အသက်ကယ် ဆေးကုထုံးများဖြင့် စမ်းသပ်ကုသ သုတေသနများစွာ ပြုလုပ်ခဲ့ကြသည်။ ကလေးငယ်တစ်ဦး မိခင်ဝမ်းတွင်းမှ ထွက်လာသည့်အခါ ပထမဆုံး အသက်ရှူသွင်းလိုက်နိုင်ဖို့ အဆုတ် နံရံများမှာရှိသည့် Surfactant များ၏အကူအညီကို ယူရသည်။ Surfactant များမရှိလျှင် အဆုတ်အတွင်းသို့ လေမရောက်နိုင်။ ထိုရောဂါကို IRDS ဟု ခေါ်ကြခြင်းဖြစ်သည်။ IRDS ရောဂါအကြောင်းကို ၁၉၅၆ ခုနှစ်မှာ ပညာရှင်နှစ်ဦး က စတင်ဖော်ထုတ်ခဲ့သည်။ ၁၉၇၁ ခုနှစ်မှာတော့ လူကြီးများမှာ ဖြစ်သည့် ရောဂါစုများသည်လည်း မွေးကင်းစ က လေးများ မှာဖြစ်သည့် ARDS ကဲ့သို့ပင် Surfactant မရှိခြင်းကြောင့်ဖြစ်ကြောင်း ထပ်မံဖော်ထုတ် ခဲ့ကြပြန်သည်။ သို့ပေ မယ့် လူကြီးများမှာဖြစ်သည့် ARDS ရောဂါများမှာ Surfactant ပြန်လည်ဖြည့်သွင်း ကုသခြင်းများဖြင့် မအောင်မြင်တာကို တွေ့ရှိကြရသည်။

၁၉၈၇ ခုနှစ်မှာ Methylprednisolone အမည်ရ အသက်ကယ် ဆေးတစ်မျိုးဖြင့် ARDS ကို စမ်းသပ်ကုသ သုတေသန လုပ်ကြရာ မအောင်မြင်ခဲ့ပါ။ အသက်ရှူကူစက် နည်းပညာများဖြစ်သော CPAP နှင့် PEEP နည်းလမ်းများဖြင့် စမ်းသပ် ကုသသုတေသနများမှာလည်း ထင်သလောက် မအောင်မြင်ပြန် ပါ။ ၁၉၉၄ ခုနှစ်မှာကျင်းပသည့် အမေရိကန်-ဥရောပ အစည်းအဝေးကြီးမှာ ARDS နှင့်ပတ်သက်ပြီး အဓိပ္ပာယ် သတ်မှတ်ချက်များ ပြန်လည်ဖွင့်ဆိုခဲ့ကြသည်။ ARDS ကို acute respiratory distress syndrome ဟုတညီတညာတည်း ခေါ်ကြမည်။ ARDS ဟုရောဂါအမည် သတ်မှတ် နိုင်ရန်အတွက် အဆုတ်သည် ရောင်ရမ်းနေရမည်။ အဆုတ်တွင်း သွေးကြောများအတွင်းမှ အဆုတ်လေအိတ်များ အကြား သွေးစိမ့်ထွက်မှု အလွန်များပြားနေရမည်။ နောက်ခံ အကြောင်းရင်းများ အနေဖြင့် အဆုတ်ရောင်ခြင်း၊ သွေး ဆိပ်တက်ခြင်း၊ ထိခိုက်ဒဏ်ရာများစွာ ရထားခြင်း စသည့်အကြောင်းတစ်ခုခု ရှိနေ ရသည်။ ၂ဝ၁၂ ခုနှစ်ဘာလင်မှာ ပြု လုပ်သည့် ကမ္ဘာလုံးဆိုင်ရာ အစည်းအဝေးမှာတော့ ARDS အဓိပ္ပာယ် သတ်မှတ်ချက်ကို သွေးတွင်း အောက်ဆီဂျင် ဓာတ်ကိန်းဂဏန်းများဖြင့် အနည်းငယ် ပြင်ဆင်ခဲ့တာရှိသည်။

၁၉၇၅ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ်အကြားနှစ်ပေါင်း ၂၅ နှစ်ခန့်အတွင်းမှာ ARDS ကြောင့်သေဆုံးသူဦးရေ ၆ဝ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ လျော့ကျလာခဲ့သည်။ အိုင်စီယူများ၏ အရည်အသွေး မြင့်မားလာမှုနှင့် အသက်ရှူကူစက် (Ventilator) များ၏ နည်းပညာမြင့်မားလာမှုကြောင့် ARDS လူနာများ၏ အသက်ရှင်မှုနှုန်း မြင့်တက်လာခဲ့တာပါ။ အိုင်စီယူအတွင်း အချက်ပေးစနစ်များ ကောင်းမွန်လာမှု၊ ကွန်ပျူတာဓာတ်မှန်နှင့် သံလိုက်စက်ကွင်း ဓာတ်မှန်များ ပေါ်ပေါက်လာမှုနှင့် ဓာတ်ခွဲစစ်ဆေးမှု နည်းပညာများ အဆင့်မြင့်မားလာမှုများကလည်း ARDS ရောဂါစုများကို ပိုမို အောင်မြင်စွာ ကုသလာနိုင် ခဲ့ကြခြင်း ဖြစ်သည်။

အားနည်းချက်တစ်ခုကတော့ ARDS ဝင်သွားပြီး အိုင်စီယူထဲမှာ အသက်ရှူ ကူစက်တပ်ကုသခဲ့ရာမှာ ပြန်လည် ကောင်းမွန်လာခဲ့ကြသည့် လူနာများ၏ ထက်ဝက်လောက်မှာ နောင်တစ်နှစ်ကျော် ကြာမြင့်လာသည့်အခါ ဦးနှောက် ပိုင်းလုပ်ငန်းဆောင်တာများ ပုံမှန်ပြန်မဖြစ်သေးသည့် အချက်ကို တွေ့ရခြင်းဖြစ်သည်။ ARDS ကိုဖြစ်လာစေသည့် နောက်ခံရင်းမြစ်ကြီးလေးခုက ပြင်းထန်အဆုတ်ရောင်ခြင်း၊ သွေးဆိပ်တက်ခြင်း၊ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရခြင်းနှင့် မုန့်ချိုအိတ်ရောင်ခြင်းတို့ဖြစ်သည်။ ယနေ့ခေတ်စားနေသည့် H1N1 ဗိုင်းရပ်ပိုး၏ နောက်ဆက်တွဲ အဆုတ်ပြင်းထန်စွာ ရောင် ရမ်းခြင်းကြောင့်လည်း ARDS ဖြစ်စေနိုင်သည်။ ARDS ဝင်သွားရင်ဖြင့် အိုင်စီယူအတွင်း အသက်ရှူကူစက်ဖြင့် ကုသမှသာ အသက်ရှင်သန်နိုင်ဖွယ်ရှိကြောင်း အသိပေးရင်းဖြင့် ARDS ရောဂါစုအကြောင်း မိတ်ဆက်ပေးလိုက်ရပါသည်။  ဒေါက်တာ လွှမ်းမိုးဟန်

Read 771 times
Rate this item
(0 votes)
Last modified on Monday, 04 September 2017 12:32