SJ WorldNews - шаблон joomla Авто

အရေပြား လေးဖက်နာရောဂါ သို့မဟုတ် ကျိန်စာသင့် လိပ်ပြာနတ်သမီး

Thursday, 10 May 2018 11:24 Written by  font size decrease font size decrease font size increase font size increase font size

လေးဖက်နာရောဂါဟု ဆိုလိုက်သည်နှင့်လူအများက အဆစ်အမျက်ရောင်ရမ်းခြင်း ပြဿနာဟုသာ ထင်မြင်ယူဆကြသည်။ မျှစ်၊ ပင်လယ်စာ၊ ဘီယာတို့ကို ရှောင်သင့်သော အဆစ်ရောင်ဂေါက်ရောဂါဟု ဦးစွာတွေးထင်တတ်ကြသည်။ အရေပြားလေးဖက်နာ ရောဂါဟူသည်ကား တစ်မျိုးတစ်ဖုံ ကွဲလွဲသည်။  ပိုမိုပြင်းထန်နိုင်သော ရောဂါတစ်မျိုးလည်း ဖြစ်သည်။

အရေပြားလေးဖက်နာရောဂါကို လက်တင်ဘာသာ စကားအရ Lupus ဟုခေါ်ပြီး မြေခွေးဟု အဓိပ္ပာယ်သက်ရောက်သည်။ အရေပြားလေးဖက်နာ ရောဂါလက္ခ္ခဏာ တစ်မျိုးဖြစ်သည့် မျက်နှာတွင်အကွက်ဖြစ်ခြင်းသည် မြေခွေးကိုက်ရာနှင့် တူသောကြောင့်ပင်ဖြစ်သည်။ မြေခွေးတို့ သဘောသဘာဝအတိုင်းပင် အရေပြားလေးဖက်နာ ရောဂါသည်လည်း မာယာများသည်ဟု ဆိုနိုင်ပေ သည်။

ရောဂါလက္ခဏာ ပုံစံအမျိုးမျိုး၊ ရောဂါပြင်းထန်မှု အမျိုးမျိုး ဖြစ်နိုင်သည်။ နေ့စဉ်နေ့တိုင်း ကမ္ဘာ့လူဦးရေ ငါးသန်းကျော်သည် အရေပြားလေးဖက်နာနှင့် ၎င်း၏နောက်ဆက်တွဲ ပြဿနာအကျိုးဆက် ရောဂါများကို ခံစားရလျက်ရှိသည်။ ထို့ကြောင့် ယနေ့အခါတွင် အရေပြားလေးဖက်နာရောဂါကို ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ ပြဿနာရောဂါ တစ်ရပ်အဖြစ် ရင်ဆိုင်ဖြေရှင်းလျက်ရှိသည်။

အရေပြားလေးဖက်နာရောဂါ(SLE- Systemic Lupus Erythematosus)ကို ၎င်း၏နာမည်ပါအတိုင်း အရေပြားဆိုင်ရာနှင့် လေးဖက်နာ(အဆစ်အမျက်နာသော) လက္ခဏာများနှင့် အစပြုတတ်သည့် ရောဂါလက္ခဏာစု တစ်မျိုးဟူ၍လည်း မှတ်ယူနိုင်သည်။

မျက်နှာတွင် အကွက်များထခြင်း၊ နေရောင်ခြည်နှင့် ထိတွေ့စဉ် ၎င်းအကွက်များ ပိုထင်ရှားလာခြင်း၊ ခန္ဓာကိုယ်တစ်ခုလုံး တင်းရင်းလာသလို ခံစားရခြင်း၊ အဆစ်အမျက်များ ရောင်ရမ်းကိုက်ခဲခြင်းတို့ကြောင့် အရေပြားလေးဖက်နာရောဂါဟူ၍ မှတ်သား လွယ်အောင် အမည်နာမပြုမှတ်ယူခဲ့သည်။

သို့သော် အရေပြားလေးဖက်နာ ရောဂါသည် ရိုးရိုးအရေပြားဆိုင်ရာနှင့် အဆစ်အမျက် ကိုက်ခဲခြင်းတို့အပြင် အခြားပိုမိုပြင်းထန်နိုင်သော ရောဂါများလည်း ပါဝင်လာတတ်သည်။

အရေပြားလေးဖက်နာ ရောဂါဖြစ်ကြောင်း ဘယ်လို သိနိုင်မလဲ

အရေပြားလေးဖက်နာ ရောဂါသည်ကား ခုခံအားစနစ်နှင့် သက်ဆိုင်သော ရောဂါဖြစ်သည်။ ထို့ကြောင့်ဆံစမှခြေဖျားအဆုံး  ရောဂါလက္ခဏာ ပုံစံအမျိုးမျိုးနှင့် လာနိုင်သည်။ မည်သည့်ကိုယ်တွင်း အင်္ဂါကိုမဆို ထိခိုက်ပျက်စီးနိုင်သည်။ ထို့ကြောင့်ရောဂါ သတ်မှတ်ချက်ကို ရောဂါလက္ခဏာစုများ၊ သွေးနှင့်  ဆီးစစ်ဆေးချက်များနှင့် ကျောက်ကပ်အသားစ အဖြေများကို စုပေါင်း၍ အမှတ်များ စုစည်းသတ်မှတ်ပြီး အရေပြားလေးဖက်နာ ရောဂါအဖြစ် သတ်မှတ်နိုင်သည်။ အရေပြားလေးဖက်နာ ရောဂါအဖြစ် သတ်မှတ်ရန် လိုအပ်သော သွေးနှင့်ဆီး စစ်ဆေးချက်များသည်လည်း ကျွန်တော်တို့နိုင်ငံရှိ အဆင့်မီဆေးရုံ၊ ဆေးခန်းများတွင် ယခုအခါပြုလုပ် စစ်ဆေးနိုင်ပြီဖြစ်သည်။

အရွယ်ရောက်သော အမျိုးသမီးတို့ ပုံမှန်မဟုတ်သော နာတာရှည်ဖျားခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ရက်သတ္တလေးပတ်ကျော် အဆစ်အမျက်ကိုက်ခဲခြင်း၊ မျက်နှာတွင် အကွက်များ ပေါ်လာခြင်း၊ နေပူထဲသွားလာပါက ၎င်းအကွက်များ ပိုမိုထင်ရှားလာခြင်းနှင့် ကိုယ်စိတ်နှလုံး အမြဲတမ်းနွမ်းလျနေခြင်းတို့သည် အရေပြားလေးဖက်နာ ရောဂါ၏ သံသယရှိဖွယ် လက္ခဏာများပင်ဖြစ်သည်။

ကျား၊မ ရောဂါဖြစ်ပွားမှု အချိုးကိန်းညွှန်းမှာ ၁း၉ ဖြစ်သည်။ အရွယ်ရောက်သော အမျိုးသမီးများတွင် အဖြစ်များသော ရောဂါတစ်မျိုးလည်း ဖြစ်သည်။

တခြားရောဂါနှင့် မှားယွင်းဆေးကုသမှု ခံယူနေရခြင်းနှင့် မှန်ကန်ထိရောက်သော ဆေးကုသမှု နောက်ကျရခြင်းတို့သည်လည်း အရေပြားလေးဖက်နာရောဂါ၏ မာယာကြွယ်ဝမှုများပင်ဖြစ်သည်။

ကျောက်ကပ်၊ သွေးနှင့် ဦးနှောက်အာရုံကြောပိုင်းဆိုင်ရာ ရောဂါလက္ခဏာများနှင့် ဆက်နွှယ်သော အရေပြားလေးဖက်နာရောဂါ အမျိုးအစားသည်ကား ပိုမိုပြင်းထန်တတ်သည်။ ကျောက်ကပ် ရောင်ခြင်း၊ သွေးဖြူဥ၊ သွေးနီ ဥနှင့် သွေးမွှားဥများ အားနည်းခြင်း၊ အနောက်ကျောရိုး အာရုံကြောမကြီး ရောင်ရမ်းခြင်းကြောင့် ကိုယ်တစ်ပိုင်းသေခြင်း၊ အတက်ရောဂါဖြစ်ခြင်း၊ နာတာရှည်ဖျား၍ သွေးဆိပ်တက်ခြင်း စသော ရောဂါ လက္ခဏာများသည် ပြင်းထန်သော အရေပြားလေးဖက်နာရောဂါ၏ အကျိုးဆက်များပင်ဖြစ်သည်။

အရေပြားလေးဖက်နာ ပြင်းထန်မှုကို ယေဘုယျအားဖြင့် သုံးမျိုးခွဲခြားနိုင်သည်။ သာမန်အရေပြား လေးဖက်နာ၊(အနည်းငယ်)ပြင်းထန် အရေပြားလေးဖက်နာနှင့် ပြင်းထန်အရေပြား လေးဖက်နာ တို့ဖြစ်သည်။ သာမန်အရေပြား လေးဖက်နာသည်ကား အရေပြား၊ အရိုးအဆစ်တို့သာ ထိခိုက်သော အရေပြားလေးဖက်နာဖြစ်သည်။ ကျန်သော ပြင်းထန်အရေပြား လေးဖက်နာရောဂါ အမျိုးအစားတို့ကို ကိုယ်တွင်းအင်္ဂါများ ပါဝင်မှုအလိုက် ခွဲခြားသတ်မှတ်ထားသည်။ ရောဂါအစတွင် သာမန်မပြင်းထန်သော အရေပြား လေးဖက်နာရောဂါသည်လည်း ပြင်းထန်သော အရေပြားလေးဖက်နာရောဂါ အမျိုးအစားသို့အချိန်အခါမရွေး ပြောင်းလဲနိုင်သောကြောင့် မပေါ့ဆသင့်ပေ။ တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့် ပုံမှန်ဆွေးနွေးပြသ၍ ဆေးကုသမှုခံယူသင့်သည်။

အရေပြားလေးဖက်နာရောဂါကို ဘယ်လိုကုသနိုင်မလဲ

အရေပြားလေးဖက်နာရောဂါသည် နာတာရှည်ရောဂါ တစ်မျိုးဖြစ်သည်။ ပုံမှန်ဆေးကုသမှုခံယူရန် လိုအပ်သည်။ အမြစ်ပြတ်သွားသော ရောဂါမဟုတ်။ ရောဂါပြင်းထန်မှု အလိုက် ဆေးကုသမှုကို စိတ်ရှည်စွာ ခံယူသင့်သည်။ ရောဂါသဘောအရ ခုခံအားစနစ်ကို ပြုပြင်ပြောင်းလဲပေးသော ဆေးများကိုအသုံးပြုပြီး ကုသရသော ရောဂါအမျိုးအစား ဖြစ်သည်။ ထို့ကြောင့်တတ်ကျွမ်း နားလည်သော ဆရာဝန်များ၏ ညွှန်ကြားချက်အတိုင်း ပုံမှန်ဆေးကုသမှု ခံယူရန်လည်း အရေးကြီးသည်။ Biologics ဟုခေါ်သော အစွမ်းထက် ဇီဝကုထုံးဆေးများနှင့်လည်း ပြင်းထန်သော အရေပြားလေး ဖက်နာရောဂါကို ကုသမှုခံယူနိုင်သည်။

အရေပြားလေးဖက်နာရောဂါနှင့် နောက်ဆက်တွဲ ပြဿနာများ

ရောဂါပြင်းထန်မှုအလိုက် ဆေးကုသမှု မရရှိပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပေသည်။ နောက်ဆက်တွဲပြဿနာ များသည် ဖြစ်ပွားသော နိုင်ငံဒေသအလိုက်၊  ကျန်းမာရေး အဆင့်အတန်း အလိုက်၊ လူတစ်ဦးချင်းစီ အလိုက်လည်း ကွဲပြားနိုင်သည်။ နောက်ဆက်တွဲရောဂါ

များအနေဖြင့်  သွေးဆိပ်တက်ခြင်း၊ သွေးရောဂါများ၊ ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံး၊ သွေးကြောများထိခိုက်ခြင်း၊ ဦးနှောက်အာရုံကြော ထိခိုက်ခြင်း စသည်တို့ဖြစ်နိုင်သည်။

အရေပြားလေးဖက်နာရောဂါကို ကာကွယ်လို့ ရနိုင်သလား

ကံ၊ စိတ်၊ ဥတု၊ အာဟာရလေးမျိုး စုပေါင်းခြင်းမှသာ သစ်ပင်တစ်ပင်ရှင်သန်နိုင်သကဲ့သို့ အရေပြားလေးဖက်နာ ရောဂါသည်လည်း အကြောင်းတရားများ ပေါင်းစုံခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ မျိုးရိုးဗီဇနှင့် ဆက်စပ်နိုင်ခြင်း၊ အမျိုးသမီးဆိုင်ရာ ဟော်မုန်းများနှင့် ဆက်

နွှယ်ခြင်း၊ တချို့သော ဗီတာမင်ဓာတ်များ နည်းပါးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဇီဝဓာတ်တိုးပစ္စည်းများနှင့် ဆက်စပ်ခြင်းတို့ကြောင့် ရောဂါဖြစ်ပွားနိုင်မှု အခွင့်အလမ်း ပိုမိုနိုင်သည်။ အရေပြားလေးဖက်နာရောဂါ ကာကွယ်ခြင်းကိုကား တိတိပပ ညွှန်းဆိုထားခြင်းမရှိပေ။

အရေပြားလေးဖက်နာရောဂါနှင့် အိမ်ထောင်ရေး

အရေပြားလေးဖက်နာ ရောဂါသည် အရွယ်ရောက်သော အမျိုးသမီးများတွင် အဖြစ်များသည်။ ထို့ကြောင့် အိမ်ထောင်ရေး ကိစ္စသည်လည်း အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်သည်။ ရောဂါခံစားနေရသူသည် သာမန်အတိုင်း အိမ်ထောင်ပြု လက်ထပ်၍ရသည်။ သို့သော် သားဆက်ခြားကိစ္စနှင့် ကိုယ်ဝန်ဆောင်နိုင်ခြင်းတို့ အတွက် တတ်ကျွမ်းနားလည်သော အထူးကုဆရာဝန်များ၏ လမ်းညွှန်ချက်အတိုင်း တိတိကျကျ လိုက်နာဆောင်ရွက် သင့်သည်။

အရေပြားလေးဖက်နာ ရောဂါနှင့် အနေအထိုင်၊ အစားအသောက်

သာမန်ကျန်းမာသော လူကဲ့သို့ ပျော်ပျော်ရွှင်ရွှင် နေထိုင် စားသောက်သင့်သည်။ ဆေးလိပ်၊ ပမာဏများသော အရက်၊ ကြာရှည်ခံအောင် ပြုလုပ်ထားသော  အစားအသောက်များ၊ စားအုန်းဆီ၊ သုတေသန ခိုင်ခိုင်မာမာမရှိသောဆေးများကို ရှောင်ကြဉ်သင့်သည်။ ထို့ပြင်ကိုယ်လက် လှုပ်ရှားအားကစားကို (တစ်ပတ်လျှင်လေးရက်ခန့်) ပုံမှန်ပြုလုပ်သင့်သည်။

အရေပြားလေးဖက်နာ ခံစားနေရသော ဝေဒနာရှင်များသည် ရောဂါသိသိချင်းတွင် စိတ်အားငယ်တတ်ကြသည်။လက်ရှိလုပ်ကိုင်နေသော အလုပ်များကို ရပ်လိုက်ကြသည်။ နာတာရှည်ရောဂါဝေဒနာ သည်အဖြစ် အားငယ်စွာ မှတ်ယူလိုက်ကြသည်။ ဆေးကုသမှု ပုံမှန်ပြန်ယူပြီး ရောဂါပြင်းထန်မှုကို ထိရောက်စွာ တားဆီးနိုင်သော အချိန်အခါရောက်လျှင်မူ ပုံမှန်နိစ္စဓူဝကိစ္စများ ပြန်လည် လုပ်ဆောင်နိုင်သော အခြေအနေရှိသည်။ ပုံမှန်လုပ်ဆောင်ကြရန်လည်း အကြံပေး တိုက်တွန်းအပ်သည်။

သန့်ရှင်းလတ်ဆတ်သော အစားအစာများ ပုံမှန်စားသောက်ခြင်း၊ အိပ်ရေးဝဝ အိပ်စက်အနားယူခြင်း၊ ပုံမှန်အလုပ်လုပ်ခြင်း၊ ဘာသာရေး လိုက်စားခြင်း၊ မိမိဝါသနာပါသော အလုပ်တို့ကို ပုံမှန်လုပ်ခြင်းတို့နှင့် ဘဝ၏အချိန်ကာလများကို ဖြတ်သန်းသင့်သည်။

အရေပြားလေးဖက်နာရောဂါ ခံစားနေရသူများနှင့် ပတ်သက်၍ အထွေထွေ သိမှတ်ဖွယ်ရာများ

အရေပြားလေးဖက်နာရောဂါ ကုထုံးတွင် ပါဝင်တတ်သော ဆေးတစ်မျိုးဖြစ်သည့် စတီးရွိုက်ဟု ခေါ်သော ဆေးသည် အလွန်အရေးကြီးသည်။ ကုသမှုတွင် အလွန်ထိရောက်သည်။  ထိုစတီးရွိုက်ဆေးနှင့် အရေပြားလေးဖက်နာကုသမှုတွင် အသုံးပြုသော ဆေးများသည် ပြင်းထန်ပြီး ဘေးထွက်ဆိုးကျိုး များလွန်းသည့်အတွက် ဆရာဝန်ညွှန်ကြားသည့်အတိုင်း တိကျစွာ လိုက်နာသင့်သည်။ တချို့သော နိုင်ငံခြား တိုင်းပြည်များတွင် စတီးရွိုက် ဆေးပုံမှန်သောက်သုံးပြီး ဆေးကုသမှုခံယူနေကြောင်းကို သိရှိနိုင်စေရန် အမှတ်သညာကတ်များကို ဆောင်ထားစေခြင်းများ ပြုလုပ်ထားတတ်ကြသည်။

အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေး၊ ရာသီပေါ်တုပ်ကွေး ကာကွယ်ဆေးနှင့် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေးများကိုလည်း အချိန်အခါ သတ်မှတ်ချက်အတိုင်း ဆရာဝန်များ၏ ညွှန်ကြားချက်နှင့်အညီ ထိုးနှံထားတတ်သည်။

ကမ္ဘာ့အရေပြားလေးဖက်နာ ရောဂါနေ့

နှစ်စဉ်မေလ ၁ဝ ရက်နေ့သည်  ကမ္ဘာ့အရေပြား လေးဖက်နာရောဂါ အထိမ်းအမှတ်နေ့ဖြစ်သည်။ အရေပြား လေးဖက်နာရောဂါကို ပိုမိုသတိပြုမိစေရန်၊ အရေပြား လေးဖက်နာရောဂါအကြောင်း  ပိုမိုနားလည်စေရန်၊ အသိပညာမျှဝေခြင်းနှင့် ကုထုံးဆိုင်ရာများကို ပိုမိုကူညီနိုင်ရန်၊ အရေပြားလေးဖက်နာဆိုင်ရာ သုတေသနများ ပိုမိုဖြစ်ထွန်းလာရန်နှင့် ဝေဒနာရှင်များ၏ ဘဝမြှင့်တင်နိုင်ရန် စသော ရည်ရွယ်ချက်များနှင့် အထိမ်းအမှတ်နေ့များကို နှစ်စဉ်ကျင်းပကြသည်။

အရေပြားလေးဖက်နာ ဝေဒနာရှင်တို့တွင် တွေ့ရတတ်သော ရောဂါလက္ခဏာ တစ်ခုဖြစ်သည့် မျက်နှာတွင်လိပ်ပြာပုံ အကွက်ပေါ်ခြင်းကိုအစွဲပြု၍ အရေပြားလေးဖက်နာ ဝေဒနာရှင်များကိုလည်း လိပ်ပြာနတ်သမီးလေးများဟု တင်စားခေါ်ဆိုချင်ပေသည်။ သို့သော် ကျိန်စာသင့်ခံနေရရှာသော  လိပ်ပြာနတ်သမီးလေးများ ဖြစ်ကြသည်။

လိပ်ပြာတို့ဘဝဖြစ်တည်မှုကား ပိုးတုံးလုံးဘဝမှ ခွန်အားများဖြင့်  ရုန်းကန်တက်လှမ်းခဲ့ခြင်း ဖြစ်သည်။ ထိုသို့သော ခွန်အားတို့ဖြင့် ကျွန်ုပ်တို့၏ လိပ်ပြာနတ်သမီးလေးတို့သည်လည်း အရေပြားလေးဖက်နာ ရောဂါမှ ရုန်းကန် တက်လှမ်းနိုင်ကြပါစေ။  

မင်းလှိုင်ထော

Read 908 times
Rate this item
(0 votes)
Last modified on Thursday, 10 May 2018 11:25