SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကျန်းမာရေး အတွက် မိတ်ဆွေ

Tuesday, 29 August 2017 09:52 Written by  font size decrease font size decrease font size increase font size increase font size

ကျွန်မတို့ ကလေးဘဝတုန်းက မောင်နှမတွေ ဆော့ကစားကြပါတယ်။ တစ်ခါတလေလည်း ဆွေမျိုးတွေပါတယ်။ တစ်ခါတစ်ခါလည်း သူငယ်ချင်းတွေပါတယ်ပေါ့။ မမောနိုင်၊ မပန်းနိုင်ဆော့ဖို့ပဲ စိတ်ထဲမှာရှိတယ်။

ကျောင်းသွားဖို့တောင် အလွန်ပျင်းပါတယ်။ ဒါတောင် ကျောင်းမှာ ဖန်ခုန်တာတို့၊ ထုပ်ဆီးတိုးတာတို့ လုပ်သေးတာ။ ဆော့ပြီးတော့စား၊ စားပြီးအိပ်ပေါ့။ မောင်နှမတွေအားလုံး ကျန်းမာသန်စွမ်း ဥာဏ်လည်းကောင်းပြီး စာမေးပွဲတွေအားလုံး အဆင်ပြေကြတာပါပဲ။ တစ်နှစ်တစ် တန်းမှန်မှန်ပေါ့။ ဂုဏ်ထူးတွေလည်း ပါတာပေါ့။

ဒီလိုနဲ့ဆေးကျောင်း ရောက်လာတာပေါ့။ဆေးကျောင်းက စာတွေကခက်တော့ စာရှင်းပြတဲ့သူငယ်ချင်း၊ စာအတူဖတ် တဲ့သူငယ်ချင်းတွေကို အလွန်တွယ်တာ မိပါတယ်။ ဆေးရုံမှာ လက်တွေ့ အတူဆင်းကြတဲ့ သူငယ်ချင်းတွေဆို တစ်ဦး နဲ့တစ်ဦး ကူညီတော့ ဆေးလက်တွေ့ ဘာသာရပ်တွေအတွက် အခက်အခဲ သိပ်မဖြစ်တော့ဘူးပေါ့။ ဆေးကျောင်းမှာ ပေါင်းတဲ့သူငယ်ချင်းတွေကြောင့် စာမေးပွဲတွေက အဆင်ပြေတာလို့ ထင်ပါတယ်။

ဒီလိုနဲ့ပဲ ဆရာဝန်ဖြစ်လာတာပေါ့။ သူငယ်ချင်း မိတ်ဆွေကြောင့် လူကျန်းမာတယ်၊ စိတ်ကျန်းမာတယ်လို့တော့ မစဉ်းစားမိပါ။ အဲဒီအချက်ကို အင်္ဂလန်မှာ ပညာတော်သင် သွားတဲ့အခါမှသာ သတိပြုမိပါတယ်။ ရာသီဥတုကအေးအေး၊ ဆောင်းအခါဆို နေ့ရောညပါ နေမမြင်ရ၊ မှောင်မည်းနေတာ၊ ဆေးရုံအဆောင်မှ အခန်းထဲမှာ တစ်ယောက်တည်းလေ။ အခြားမြို့မှာရောက်နေတဲ့ မြန်မာပြည်က သူငယ်ချင်းဆီ ဖုန်းဆက်ရင်လည်း ၅ မိနစ် ၁ဝ မိနစ်ပေါ့။ ဖုန်းခဈေးကြီး တယ်လေ။ အဆောင်အခန်းမှာ ကိုယ်တစ်ဦးတည်း။ နံရံမှာကပ်ထားတဲ့ မဟာ မုနိဘုရား ပုံတော်လေးရယ်၊ ဘုရားကို ရည်စူးပြီး လှူထားတဲ့ ကြွေပန်းပင်လေးရယ်၊ ဆီမီးပူဇော်တဲ့ ဖယောင်းတိုင်လေးပဲရှိတာ။ ဘုရားရှိခိုး၊ ပုတီးစိပ်ပြီး ကျန်တဲ့အချိန်မှာ ဘယ်မိတ်ဆွေမှ မရှိပါ။ အခန်းနား သူငယ်ချင်းတွေကလည်း သူ့ဂျူတီနဲ့သူလေ။ စကားပြောရင်လည်း ခ ဏပေါ့။ စနေ၊ တနင်္ဂနွေဆို အဆောင်နေတဲ့ အဖြူတွေရော၊ အမည်းတွေရော အိမ်ပြန်ကြ၊ ခရီးသွားကြတာဆိုတော့ တစ်ဆောင်လုံး ငြိမ်သက်နေတာပေါ့။

အဲဒီအချိန်မှာ တစ်ခုတည်းသော ရုပ်မြင်အသံကြား ရတဲ့ပစ္စည်းကတော့ တယ်လီဗွီးရှင်းပေါ့။ ဧည့်ခန်းထဲမှာထိုင်ပြီး တယ်လီဗွီးရှင်း ကြည့်ရတာပေါ့။ အဲဒီတော့မှ အင်္ဂလိပ်စာ အပြောအဆိုက တိုးတက်မှာလေ။ အဲဒီလိုမျိုး အနားမှာ တစ်ချိန်လုံးနီးနီး စကားပြောလို့ရမယ့် မိဘ ၊မောင်နှမ၊မိတ်ဆွေ၊ တိုင်ပင်လို့ရမယ့် သူငယ်ချင်း မရှိတဲ့အခါကျမှ မြန်မာ ပြည်က သူငယ်ချင်းမိတ်ဆွေတွေကို အလွန်တမ်းတမိပါတယ်။ အင်္ဂလန်မှာ လမ်းသွားရင်း စကားပြောဖော်မရှိ၊ အဆောင်မှာလည်း မိတ်ဆွေမရှိဆိုတော့ အင်မတန် စိတ်အားငယ်မိပါတယ်။ စိတ်ချောက် ချားမိပါတယ်။ ကိုယ့်ကိုယ် ကိုယ်စိတ်ကျရောဂါ ဖြစ်သွားမှာတောင် ပူပင်မိပါတယ်။ အဲဒီအချိန်မှာ ကျွန်မသိလိုက်ရတာက သူငယ်ချင်းမိတ်ဆွေ ဆိုတာ စိတ်ကျန်းမာရေးအတွက် အရေးကြီးတယ်ဆိုတဲ့ အချက်ပါပဲ။ တိုင်ပင်ဖော်တိုင်ပင်ဖက် မိတ်ဆွေရှိရင် အားတက်ပြီး စိတ်ထဲမှာ လည်း လုံခြုံတယ်လေ။

စိတ်နဲ့ကိုယ်က ဆက်စပ်နေတော့ စိတ်ကျန်းမာရေး မကောင်းရင် ကိုယ်ကျန်းမာရေးလည်း ထိခိုက်နိုင်တဲ့ သဘော တော့ရှိတာပေါ့။ အဲဒါကို အမေရိကန်နိုင်ငံက ပါမောက္ခတစ်ဦးရဲ့သုတေသနက ဖော်ထုတ်ခဲ့ပါတယ်။ အဲဒီတွေ့ရှိချက်ကတော့''တစ်ကိုယ်တည်း အထီး ကျန်ခြင်း''ဟာ ''အဝလွန်ရောဂါ''ကဲ့သို့ပင် အရွယ်မတိုင်မီ သေဆုံးခြင်းဖြစ်စေပါ တယ်တဲ့။ ဒီနေရာမှာ''တစ်ကိုယ်တည်း အထီးကျန်ခြင်း''ဆိုတာ အပျိုကြီးတို့၊ လူပျိုကြီးတို့၊ မုဆိုးဖို၊ မုဆိုးမတို့ကို ဆိုလိုတာ မဟုတ်ပါ။

မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းနဲ့ ဆက်သွယ်ပေါင်းသင်းတာ မလုပ်ဘဲ တစ်ဦးတည်း နေတာကို ဆိုလိုတာပါ။ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းဆိုတာ မိမိရဲ့မိသားစုဝင်၊ ဆွေမျိုးသားချင်းနဲ့ သွေးသားမတော်စပ်သူ သူငယ် ချင်းအားလုံး ပါဝင်ပါတယ်။ သူတို့ရဲ့ သုတေသနမှာ သက်သေပြထားတာတွေကတော့ မိဘမောင်ဖားနဲ့အတူ ကြီးပြင်းရ တဲ့ကလေးတွေထက် မိဘနဲ့အတူ မနေရတဲ့ ကလေးတွေမှာ ကြီးထွားမှုနှုန်း နည်းတာတွေ့ရပြီး ကလေးဘဝမှာပင် စောစောသေတတ်ကြောင်း ဖော်ပြထားပါတယ်။ ''တစ်ကိုယ်တည်း အထီး ကျန်ခြင်းဟာ မိမိလူမှု အသိုင်းအဝိုင်းက အ ဆက်အသွယ် မလုပ်ဘဲ ဖယ်ကြဉ်ထားခြင်း ခံရတာနဲ့ သဘောတရားတူတယ်''လို့ဆိုပါတယ်။

မနှစ်ကတွေ့တဲ့ သုတေသန တစ်ခုမှာတော့''အထီးကျန်ခြင်း''ဟာ အယ်ဇိုင်းမား(ခေါ်) ဥာဏ်ရည်ချို့တဲ့သည့် ရောဂါ တစ်မျိုးနှင့် ဆက်နွှယ်နေကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ရင်သားကင်ဆာ ဖြစ်သူတွေမှာ ''အထီးကျန်ခြင်း ''ဖြစ်ပြီဆိုရင် ရင်သားကင်ဆာဖြစ်ပြီး မိတ်ဆွေ အပေါင်းအသင်းရှိတဲ့ လူတွေနဲ့ အရင်စောပြီး အသက်ဆုံးရှုံး တတ်တာ တွေ့ရပါတယ်တဲ့။ အခြား အထီးကျန်တာ မကောင်းဘူး ဆိုတာပြတဲ့ လေ့လာချက်တွေလည်း တင်ပြလိုပါတယ်။ သုတေသနပေါင်း ၁၅ဝ၊ လူပေါင်း သုံးသိန်းလောက်ပါတဲ့ သူတွေရဲ့ အရွယ်မတိုင်မီ သေ ဆုံးခြင်းနဲ့ ''တစ်ကိုယ်တည်း အထီးကျန် နေထိုင်ပြီး လူမှုပတ်ဝန်းကျင်နဲ့ ကင်းကွာခြင်း''ဆက်နွှယ်ပုံပေါင်းစပ် လေ့လာခဲ့ပါတယ်။

သူတို့ရဲ့ကောက်ချက်ကတော့ အရွယ်မတိုင်မီ သေဆုံးသူတွေရဲ့ ထက်ဝက်ဟာ လူမှုပတ်ဝန်းကျင်နဲ့ ဆက်နွှယ်မှုမရှိဘဲ တစ်ကိုယ်တည်း အထီးကျန်နေထိုင်သူများ ဖြစ်ကြောင်း တွေ့ရပါတယ်တဲ့။ တစ်ဖန် အမေရိက၊ ဥရောပ၊ အာရှနဲ့ သြစတြေးလျဒေသ အားလုံးမှာရှိတဲ့ လူေ ပါင်း သုံးသန်းခွဲပါဝင်တဲ့ လေ့လာမှု ၇ဝ လောက်ရဲ့တွေ့ရှိချက်မှာလည်း လူမှုဆက်ဆံရေး နယ်ပယ်နဲ့ ကင်းကွာသူတွေ၊ တစ်ဦးတည်း အထီးကျန် နေထိုင်သူတွေဟာ အဝလွန်ရောဂါ ရှိသူများ ကဲ့သို့ပင် အရွယ်မတိုင်မီ သေဆုံးကြကြောင်း ဖော်ပြထားပါတယ်။

ဒီလိုဆိုရင် မိတ်ဆွေ အပေါင်းအသင်းနဲ့ ပြောဆိုတာ၊ လူမှုရေးကိစ္စတွေ၊ သာရေးနာရေး ကိစ္စတွေမှာ ပါဝင်တာတွေက ဘယ်လိုများ ကျွန်မတို့ ကိုယ်ခန္ဓာ ကျန်းမာရေးအတွက် အကျိုးရှိပါသလဲလို့ မေးစရာရှိပါတယ်။ ကိုယ့်ကိုယ် ကိုယ်ပြန်ပြီး စဉ်းစားကြည့်ပါ။ ကိုယ်နဲ့အတွေး အခေါ်တူတဲ့ သူငယ်ချင်းရှိသလို သဘောထားမတူတဲ့ မိတ်ဆွေတွေလည်း အများ ကြီးပဲလေ။ တစ်ခါတလေအချို့ ကိစ္စတွေမှာဆို အငြင်းအခုံဖြစ်ပြီး ဒေါသထွက်ရ။ ဒါဆိုသွေးပေါင်ချိန်လည်း တက်သွား နိုင်တာပဲလေ။ ထွက်တဲ့ဒေါသကို အိပ်ရာထဲအထိ သယ်သွားမယ်ဆိုရင် အိပ်မပျော်တာတောင် တိုးလာသေးတာ။  ဒါ ပေမဲ့ သိပ္ပံပညာရှင်တွေက အပေါင်းအဖော်တွေရဲ့ ကျန်းမာရေးအပေါ် ကောင်းကျိုးပေးပုံကို အောက်ပါအတိုင်း ရှင်းပြထားပါတယ်။

အပေါင်းအသင်းတွေနဲ့ အချိန်ဖြုန်းနေတော့ ကျွန်မတို့ရဲ့ သွေးပေါင်ချိန် လျော့ကျစေပါတယ်တဲ့။ အဲတော့ သွေးတိုး ရောဂါဖြစ်လည်း သိပ်အဆိုးကြီး မဟုတ်တော့ဘူးပေါ့။ ဒါ့အပြင် သွေးကြောတွေ၊ ခန္ဓာကိုယ်ရှိဆဲလ် ကလာပ်စည်းတွေ ရောင်ရမ်းတာ လျော့စေပါတယ်တဲ့။ အဲ ဒီတော့ သွေးကြောပိတ်နှုန်း နည်းသွားစေပါတယ်။ နှလုံးသွေးကြောကျဉ်းတာ၊ လေဖြတ်တာ လျော့နည်းစေပါတယ်တဲ့။ ဒါ့အပြင် မိတ်ဆွေတွေနဲ့ ရုပ်ရှင်ကြည့်တာ၊ ထမင်းအတူစားတာ၊ လက်ဖက်ရည်ဆိုင်ထိုင်တာ အစရှိတဲ့ ထမင်းစားရေသောက်လုပ်တာ မျိုးကတောင် အသက် ရလာတဲ့ သူတွေမှာ ကိုယ်ခံအား တက်စေနိုင်ပါတယ်တဲ့။ အဲဒီတော့ နှာစေးချောင်းဆိုး၊ တုပ်ကွေးလိုရောဂါ အသေးအမွှားလေးတွေတင် မကဘူး ကင်ဆာရောဂါကိုတောင် တစ်စုံတစ်ခုသော အတိုင်းအတာအထိ ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီလိုမျိုးလူမှုရေး နယ်ပယ်မှာ ကျင်လည်နေမယ်ဆိုရင် ကျွန်မတို့ရဲ့စိတ်ခွန်အားတွေ ပိုပိုပြီးကောင်းလာပါတယ်တဲ့။ ရေရှည်မှာ ပိုပြီးသိသာပါတယ်တဲ့။ ဥာဏ်ရည်ဥာဏ်သွေးလည်း ပိုမိုထက်မြက်လာပါတယ်တဲ့။ ဒီလိုသူငယ်ချင်းခုံမင်တဲ့ လူတွေမှာ ဒီမန်းရှားလို့ခေါ်တဲ့ မှတ်ဥာဏ်ေ လျာ့ရောဂါ ဖြစ်နှုန်းလည်း နည်းသွားပါတယ်တဲ့။ ဒီလိုဆိုရင် ကျွန်မတို့နဲ့ ကျွန်မ တို့ရဲ့မိတ်ဆွေလို့ပြောရမယ့် ''မိသားစုဝင်တွေ၊ ဆွေမျိုးတွေ၊ အိမ်နီးချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေ'' အားလုံးဟာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ကျေးဇူးပြု နေကြတာပေါ့နော်။

မိတ်ဆွေကြောင့် ကျွန်မတို့တွေက ပိုပြီးကျန်းမာ၊ ကျွန်မတို့ကြောင့် မိတ်ဆွေတွေလည်း ပိုပြီးကျန်းမာမှာပေါ့။ အားလုံး သက်ရှည်ကျန်းမာဖို့ မိတ်ဆွေတွေကို တန်ဖိုးထားကြပါစို့။   ပါမောက္ခ ဒေါက်တာ ခင်ဖြူပြာ

Read 521 times
Rate this item
(0 votes)
Last modified on Monday, 04 September 2017 12:31