SJ WorldNews - шаблон joomla Авто

သွားနှင့်မေးရိုးအတွက် ရှေးဦး သူနာပြုစုနည်း

Sunday, 03 September 2017 17:17 Written by  font size decrease font size decrease font size increase font size increase font size

ရှေးဦးသူနာပြုစုခြင်းဆိုသည်မှာ ရုတ်ရက်    ထိခိုက်ဒဏ်ရာရသော  လူနာကို ဆရာဝန်၏ ကုသမှု  မရမီအချိန် အတွင်း ပိုမိုဆိုးရွား မသွားစေရန်အတွက် ပြုစုပေးရ ခြင်းဖြစ်သည်။

စနစ်ကျမှန်ကန်သော ရှေးဦးသူနာပြုစုခြင်းသည် ကုသမှုအတွက် များစွာအရေးကြီး လှသည်။ ရှေးဦးသူနာပြုစုမှု ကောင်းမှသာ ကုသမှုကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ရှေးဦးသူနာပြုစုမှု မှားယွင်းပါက သို့မဟုတ်   မှန်ကန်စနစ် ကျသောပြုစုမှု မရရှိပါက ကုသမှု၌ အပ်ဖြင့်ထွင်းရမည့် ကိစ္စကို ပုဆိန်ဖြင့်ပေါက်ရသည့် အဖြစ်မျိုး လည်း ဖြစ်တတ်လေသည်။

ထို့ကြောင့် ခံစားရသူ လူနာအတွက်လည်း အကျိုးရှိစေရန်၊ ကုသပေးသူဆရာဝန် အတွက်လည်း အထောက် အကူ ဖြစ်စေရန်၊ ပြုစုပေးသူ အတွက်လည်း စေတနာမှ ဝေဒနာ မဖြစ်စေရန် ရည်ရွယ်၍ ဤဆောင်းပါးကို ရေးသားလိုက်ရခြင်းဖြစ်သည်။ လူတိုင်း နားလည်ထားသင့်သော အခြေခံရှေးဦး သူနာပြုစုနည်းများထဲမှ သွား၊ မေးရိုးနှင့် သက်ဆိုင်သည့် ရှေးဦးသူနာပြုစုနည်းအချို့ ကို ဖော်ပြလိုက်ပါသည်။

သွားနှင့်ပတ်သက်၍ အရေးပေါ်ကြုံတွေ့ ကြရသည်မှာ သွားကိုက်ခြင်းနှင့် သွားနုတ် ပြီးနောက် သွေးထွက်ခြင်း ပင်ဖြစ်သည်။ သွားကိုက်သည်ဆိုလျှင် သွားဘက်ဆိုင်ရာ ဆရာဝန်ထံမပြသမီ ကောင်းနိုးရာရာဆေး

များထည့်ခြင်း၊ အကိုက်အခဲ ပျောက်ဆေးများ သောက်ခြင်းများပြုလုပ်ကြသည်မှာ ထုံးစံ ကဲ့သို့ပင်ဖြစ်နေသည်။  ဤသည်မှာလည်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရှေးဦးသူနာပြုစု နည်းမှန်ကန်သဖြင့်   သွားကိုက်ဝေဒနာ သက်သာ သွားသော်လည်း သွားဘက်ဆိုင်ရာ ဆရာဝန်ထံ၌ ကုသမှုကိုမခံယူ၍ ပိုမိုဆိုးရွား သောသွားကိုက်ဝေဒနာကို ပြန်လည်ခံစား ကြရသည်။

ယင်းသို့ဖြစ်ရသည်မှာ ရှေးဦးသူနာပြုစု နည်းမှန်ကန်သော်လည်း စနစ်မကျသော ကြောင့်ဖြစ်သည်။  သွားကိုက် သက် သာသွား ခြင်းသည် ဒုက္ခဝေဒနာ သက်သာသွားခြင်း မျှသာဖြစ်၍ ရောဂါပျောက်ခြင်း မဟုတ်ချေ။ ဒုက္ခဝေဒနာ ခံစားရသည်ဆိုလျှင်  ရောဂါ အကြောင်းရင်း ရှိရမည်ဖြစ်သည်။ ထို့ကြောင့် သွားကိုက် ဝေဒနာ သက်သာ ပျောက်ကင်း သွားသည့်တိုင်အောင် သွားကိုက်ရသည့် အကြောင်းရင်းကို သွားဘက်ဆိုင်ရာ  ဆရာဝန် ထံတွင် စစ်ဆေးကုသမှု ခံယူမှသာ မှန်ကန်စနစ်ကျသော ပြုစုခြင်းဖြစ်မည်။

အချို့မှာ သွားကိုက်သည်ဆိုလျှင် သွား နှင့်သွားဖုံးတစ်လျှောက်လုံးကို  ပူလောင် စပ်ခါးသောဆေးပြင်းများ  သိပ်ပေးခြင်း၊ သွားပေါက်ထဲသို့ မီးခြစ် ယမ်းစိမ်းများထည့် ခြင်း၊ အက်စစ်တို့ခြင်း စသည့်အန္တရာယ်များ လှသည့် နည်းများဖြင့် မှားယွင်းစွာ ပြုစုတတ်ကြသည်။ ထိုသို့ရှေးဦးပြုစုနည်း မှားယွင်းသောကြောင့် ''ဆေးအတွက် လေး''ဆိုသကဲ့သို့ ဆေးထည့်ပြီးနောက် ပိုမိုဆိုးရွား ရောင်ရမ်း လာသူများကိုလည်း တွေ့မြင်နေရသည်။

အမှန်အားဖြင့် သွားကိုက်ဝေဒနာ သက်သာ သွားစေရန်အတွက် အလွယ်ကူဆုံးနှင့် အရှင်းဆုံးနည်းမှာ သွားကိုက် ခြင်းကို ဖြစ်စေသည့် အကြောင်းရင်းကို ဖယ်ရှားပေး ခြင်းပင်ဖြစ်သည်။ ယင်းအကြောင်းရင်း ဆိုသည်မှာ အဓိကအားဖြင့် သွားပိုးပေါက် ခေါ်  သွားဆွေး ပေါက်အတွင်းရှိ  အစာ ဟောင်းများပင်ဖြစ်သည်။ ထိုအစာ ဟောင်းများက သွားအတွင်းပိုင်းရှိ အာရုံကြောများ ကို ထိခိုက်နှိုးဆွပေးသဖြင့် နာကျင်သော ဝေဒနာကို ဖြစ်ပေါ် လာစေခြင်းဖြစ်သည်။ ထို့ကြောင့် အစာဟောင်းများကို စင်ကြယ် အောင် ထုတ်ပစ်ပြီးလျှင် နောက်ထပ် အစာ သစ်များ မဝင်စေရန် သွားဆွေးပေါက်ကို ဝါဂွမ်းနှင့် ခပ်ဖွဖွလေး ပိတ်ထားလိုက်ပါက အတော်အတန် သက်သာသွား လိမ့်မည်ဖြစ်သည်။ ဆေးထည့်ခြင်း၊ သောက်ဆေးသောက် ခြင်းများမှာမူ ကုသသော အပိုင်းဖြစ်သဖြင့် ဆရာဝန်ထံမှ အကြံဥာဏ် အကူအညီယူမှသာ သင့်လျော်ပါမည်။

သွားနှင့်ပတ်သက်၍ နောက်ထပ်အရေးပေါ် ကြုံတွေ့ကြရသည်မှာ  သွားနုတ်ပြီးနောက် သွေးမတိတ်သည့် ပြဿနာ ပင်ဖြစ်သည်။ သွားနုတ်ခြင်း ဆိုသည်မှာလည်း ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုကို ထုတ်ပစ် လိုက်ခြင်း ဖြစ်သောကြောင့် ခွဲစိတ်ကုသမှုတစ်မျိုးပင် ဖြစ်သည်။ သို့ဖြစ်၍ သွားနုတ်သည့်အခါ သွေးထွက် သည်မှာလည်း သဘာဝပင်ဖြစ် သည်။ သို့ရာတွင် ထွက်လာသောသွေးများ ကို ခဲသွားအောင် ပြုစုပေးခြင်းဖြင့် သွေး အလွန်အကျွံမထွက်အောင် ကာကွယ်ကြရ သည်။ လူတို့၏သွေး၌ သွေးခဲစေသော အာနိသင်များ ပါရှိပြီးဖြစ်သဖြင့် သွေးခဲစေ ရန် ပြုစုရသည်မှာ သိပ်မခဲယဉ်းလှပါ။ သွားနုတ်ပြီးနောက် ဂွမ်းကိုက်ခိုင်း သည်မှာလည်း သွားနုတ်ထားသည့် နေရာမှ ထွက်လာသော သွေးမျှင်များကိုခဲစေပြီး ယင်းအပေါက်ဝကို သွေးခဲဖြင့် ပိတ်နေစေရန်ဖြစ်သည်။

သို့ရာတွင် အချို့လူနာများက ဂွမ်းကို ထိထိမိမိဖိ၍ မကိုက်ဘဲငုံထားခြင်း၊ ဂွမ်းကိုက်လျက် စကားပြောခြင်း၊ ထွက်လာသော တံတွေးများကို  ထွေးမပစ်ဘဲ ငုံထားခြင်း စသည်တို့ကြောင့်  သွေးမခဲနိုင်ဘဲ  သွေး တစိမ့်စိမ့် ထွက်နေတတ်လေသည်။ အချို့ လူနာများမှာ ဂွမ်းထုတ်လိုက်သော အခါတွင် သွေးခဲနေသော်လည်း ယင်းသွေးခဲကို လက်ဖြင့်  ကိုင်ကြည့်ခြင်း၊  လျှာဖြင့်ထိုးခြင်း၊ စုပ်ကြည့်ခြင်းတို့ကြောင့် သွေးခဲလေးထွက် သွားပြီး သွေးပြန်ထွက်လာတတ်လေသည်။ တစ်ခါတစ်ရံ အစာစားစဉ်တွင် သွေးခဲကို ထိခိုက်မိပြီး သွေးထွက် တတ်ကြသည်လည်း ရှိသေးသည်။ အချို့လူနာများမှာမူ ဝီရိယလွန်ပြီး ဂွမ်းကို တစ်နေ့လုံး တစ်ညလုံးကိုက်ထား ကြပြန်သောကြောင့် သွေးခဲမှာခြောက်ပြီး ဂွမ်း၌ကပ်နေ၍ ဂွမ်းထုတ်လိုက်သောအခါ သွေးခဲပါ သွားပြီး သွေးထွက် တတ်လေသည်။

ယင်းသို့ သွေးထွက်ကြရသည်မှာ အဓိက အားဖြင့် သွေးခဲစေရန် မှန်ကန်စနစ်ကျစွာ ဂွမ်းမကိုက်သော ကြောင့်ပင်ဖြစ်သည်။ သို့ဖြစ်၍ အကြောင်းအမျိုးမျိုးကြောင့် သွားနုတ်သည့် နေရာမှ သွေးထွက်သည်ဆိုလျှင် အလွယ် ကူဆုံးပြုစုနည်းမှာ   ဂွမ်းသန့်သန့်လေးကို အနေတော်လုံးပြီး သွေးထွက်သည့်နေရာ၌  အတိအကျ ထားပြီး တစ်နာရီခန့်ငြိမ်သက်စွာ ကိုက်ထားရန်ပင်ဖြစ်သည်။ ရေခဲအလွယ် တကူရနိုင်လျှင်  တစ်မိနစ်ခြားစီ ခန့်နားပြီး ပါးပေါ်၌    ရေခဲအိတ်တင်ပေးနိုင်သည်။ လွယ်ကူသော အခြားတစ်နည်းမှာ သွေးထွက်သည့်နေရာကို ဂွမ်းခံထားပြီး လက်သန့်သန့်ဖြင့် ညှပ်၍ နာရီဝက်ခန့် ငြိမ်သက်စွာ ဖိထားလိုက်သည်။ သွေးတိတ်သွားနိုင်သည်။ သို့ရာတွင် သွေးထဲ၌ သွေးခဲစေတတ်သော အာနိသင်ချို့ယွင်းသော လူနာဖြစ်ပါက ဤသို့ပြုစုရုံမျှနှင့် သွေးတိတ် နိုင်မည် မဟုတ်ချေ။ ယင်းလူနာများ အတွက်မူ အထက်ပါ နည်းအတိုင်း ပြုစုထားပြီး အနီးဆုံးဆေးရုံ သို့ ခေါ်ဆောင် သွားရမည်ဖြစ်သည်။

ခန္ဓာကိုယ်တွင်း ချို့ယွင်းချက်ကြောင့် သွားဖုံးသွေးထွက်ရခြင်းမှာလည်း အကြောင်း အမျိုးမျိုးရှိသည်။      ဗီတာမင်စီချို့ တဲ့၍ သွေးကြောငယ် ကလေးများ အားနည်းသော ကြောင့်လည်းကောင်း၊ သွေးထဲ၌ သဘာဝ အလျောက်ရှိ ရမည့် သွေးခဲစေသော ဓာတ် များချို့ယွင်း၍လည်းကောင်း၊ သွေးခဲခြင်းကို အထောက် အကူဖြစ်စေသည့် ဗီတာမင်ကေကို ခန္ဓာကိုယ်အတွင်းမှ လုံလောက်စွာ မထုတ်လုပ်နိုင်၍ လည်းကောင်း၊   သွေးမတိတ်သောရောဂါ၊ သွေးကင်ဆာရောဂါ များရှိသည့်အခါ၌လည်းကောင်း၊ ကလေးများ သွေးလွန်တုပ်ကွေး ရောဂါဖြစ်သော အခါ၌လည်းကောင်း သွားဖုံးမှ သွေးထွက် တတ်သည်။ ထို့ပြင် အကိုက်အခဲပျောက် ဆေးများကို အလွန်သောက်သောကြောင့် လည်းကောင်း၊ သွေးကျဲစေတတ်သောဆေး များကို သောက်ထား သောကြောင့်လည်း ကောင်း သွားဖုံးမှ သွေးအလွယ်တကူထွက် တတ်ပြန်သည်။

နောက်ထပ်ဖြစ်တတ် သည်မှာ ရုတ်တရက် ထိခိုက်ပြီး အမြစ်ပါမကျန် သွားတစ်ချောင်း လုံးကျွတ်ထွက်သွား တတ်သည်။  ထိုအခါ လူနာကို သွားနှင့်အတူတကွ ဆရာဝန်ထံသို့ နာရီပိုင်းအတွင်း ပို့ပေးနိုင်ပါက ကျွတ်သွား သည့်သွားကိုပြန်တပ်၍ ကုသပေးနိုင်ရန် အခွင့်အလမ်းရှိသည်။ သို့ရာတွင် သွားကို ပိုးမွှားကင်းစင်စွာ ယူဆောင် သွားရမည်ဖြစ် သဖြင့် အလွယ်ကူဆုံးနည်းမှာ ကျွတ်သွား သောသွားကို လူနာ၏ လျှာအောက်၌ ငုံလျက်ယူ ဆောင် သွားရမည်ဖြစ်သည်။ ဤအချက်သည်လည်း သွားနှင့်ပတ်သက်သော ရှေးဦးပြုစုနည်း တစ်မျိုးပင်ဖြစ် လေသည်။

မေးရိုးနှင့်ပတ်သက်ပြီး မေးရိုးအဆစ်လွဲ သည့်အခါ ပါးစပ်ပြန်ပိတ်၍ မရတော့ဘဲ ဟလျက်ဖြစ်နေသောကြောင့်  အကြောင်း မသိလျှင် ထိတ်လန့်စရာပင်ဖြစ်သည်။ ပြုစု နည်းသိပါက မေးရိုးအဆစ်ကို နေသားတကျ ဖြစ်အောင် စက္ကန့်ပိုင်းအတွင်း  လုပ်နိုင်သည်။ အမှန်အားဖြင့် မေးရိုးအဆစ်လွဲခြင်းမှာလည်း အလွန်ဖြစ်ခဲလှသည်။  မေးရိုး  အဆစ် ကြွက်သားများ အားနည်းသည့်အခါမှသာ ဖြစ်လေ့ရှိတတ်ကြသည်။ အထူးသဖြင့် ပါးစပ်ဟပြီး  သမ်းဝေ လိုက်သည့် အခါနှင့် စကားအော်ပြော လိုက်သည့်အခါ၌ ဖြစ်လေ့ ရှိသည်။ကြုံဖူးသောလူနာတစ်ဦးမှာမူ ဘောလုံး ပွဲကြည့် ရင်း အော်လိုက်စဉ်  ပါးစပ် ပြန်ပိတ် မရတော့ဘဲ ကြောက်လန့်တကြား ရောက်လာ ဖူးသည်။

(ပြုစုနည်းမှာ) ပြုစုသူသည် လူနာ၏ ရှေ့တည့်တည့်၌နေရာယူပြီး လက်မနှစ်ဖက် ကို လူနာ၏ပါးစပ်ထဲ ဘယ်ညာသွားတန်းပေါ် ထည့်၍ အောက်မေးရိုးကို လက်ချောင်းများဖြင့် ညှပ်ကိုင်ပါ။ ပြုစုသူ၏လက်ဖျံနှင့် တံတောင်ဆစ်သည် လူနာ၏ မေးရိုးနှင့် ရေပြင်ညီ တစ်တန်းတည်းရှိရမည်။ အကြမ်း အားဖြင့်ပြောရလျှင်    အရပ် အမောင်းတူသည့် လူနှစ်ယောက်ဆိုပါက လူနာသည် တင်ပျဉ်ခွေထိုင်သော  အနေအထားရှိနေ ပါက ပြုစုသူသည် ဒူးထောက်အနေအထား ရှိရမည်။ ထို့နောက် မေးရိုးကိုအောက်သို့ အသာအယာဆွဲပြီး ရှေ့သို့တွန်းလိုက်ပါက မေးရိုးအဆစ်သည် မူလနေရာသို့ အလွယ် တကူကျသွားပါလိမ့်မည်။

မေးရိုးအဆစ်လွဲပါက ဖြစ်လျှင်ဖြစ်ချင်း ပြုစုပေးနိုင်လျှင် အလွယ်တကူပြန်တပ်နိုင် သော်လည်း အချိန်ကြာ သွားသည်နှင့်အမျှ ပြန်တပ်ရခက်ခဲသည့်အပြင် လူနာလည်းနာကျင်သောဝေဒနာကို  ခံစားရသည်။

ထို့ကြောင့် မေးရိုးအဆစ်လွဲသူကို  ရှေးဦး သူနာပြုစုသည့်နည်း  သိထားပါက ချက်ချင်း ပြုစုပေးနိုင်သဖြင့်  ဆေးရုံ၊ ဆေးခန်းသို့ တကူးတကသွားနေရန်ပင်  မလိုတော့ချေ။ သို့ရာတွင် အထူးသတိပြုရမည်မှာ ထိခိုက် ဒဏ်ရာရ၍ မေးရိုးကျိုးပြီး အဆစ်လွဲသည့် လူနာဖြစ်ပါက ယခုကဲ့သို့ မေးရိုးကိုဆွဲရန်၊ တွန်းရန်မဆိုထားနှင့် မေးရိုးလှုပ်ရှားမှုပင် မရှိစေရန် မေးရိုးကို ပတ်တီးစည်းပြီးလျှင် အနီးဆုံးဆေးရုံသို့ ခေါ်ဆောင်သွားရမည် ဖြစ်သည်။

ဤမျှဆိုလျှင် သွား၊ မေးရိုးနှင့်သက်ဆိုင် သော ရှေးဦးသူနာပြုစုနည်းများကို အတော် အသင့်ဗဟုသုတရရှိ လိမ့်မည်ဟု မျှော်လင့် မိပါသည်။                    

               

 

 

 

Read 951 times
Rate this item
(0 votes)
Last modified on Monday, 04 September 2017 12:30