SJ WorldNews - шаблон joomla Авто

စားသုံးသူများကို ကာကွယ်ဖို့ ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့်ဖြစ်စေ မြန်မာဘာသာနှင့် အခြားဘာသာ တွဲလျက်ဖြစ်စေ ဖော်ပြကြပါစို့

Sunday, 17 February 2019 11:54 Written by  font size decrease font size decrease font size increase font size increase font size

ယနေ့မြန်မာနိုင်ငံသည် တိုးတက်ဖွံ့ဖြိုးမှုအရှိန်ယူစပြုနေသည်။ နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်ရန် ကြိုးစားလျက်ရှိသည်။   နိုင်ငံတကာနှင့်  ကူးလူးဆက်ဆံကာ ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသဖြင့် နိုင်ငံတကာ ထွက်ကုန်အမျိုးမျိုးကို ပုံစံအမျိုးမျိုးဖြင့် တင်သွင်းလျက်ရှိ၍  မြန်မာနိုင်ငံရှိ  စားသုံးသူပြည်သူများသည် နိုင်ငံတကာမှ ထုတ်လုပ်ဖြန့်ချိသည့် လူသုံး၊  အိမ်သုံးပစ္စည်းများကို တိုးတက်လာသော ခေတ်ကာလနှင့်အညီ ကျယ်ပြန့်တွင်ကျယ်စွာ ဝယ်ယူသုံးစွဲလျက်ရှိနေပါသည်။ ယနေ့ခေတ်သည် သတင်းခေတ်ဖြစ်၍ ဖြစ်ပျက်မှုသတင်း အစုံစုံကို အချိန်တိုအတွင်းသိရှိရသည်။ အချို့လည်း ဝမ်းသာ ကျေနပ်စရာသတင်း၊ အချို့လည်း ဝမ်းနည်းကြေကွဲဖွယ် သတင်း၊ အချို့လည်း ငိုအားထက် ရယ်အားသန်ဖြစ်ရသော သတင်းများဖြစ်သည်။ မျက်စိနာနေသော ကလေးတစ်ဦးကို မျက်စဉ်းခတ်ရာမျက်စဉ်း ဆေးရည်ဘူးနှင့် စူပါဂလူးဆေးရည်ဘူး မှားခတ်ကာ ဆေးရုံသို့သွား၍ ကုသခဲ့ရတာတွေ၊ ဆပ်ပြာရည်ကို ပိုးသတ်ဆေးအမှတ်ဖြင့် စိုက်ခင်းထဲသုံးတာတွေ၊ ဝက်ပုံ၊   ကြက်ပုံပါသော အတောင့်ခဲများကို ဝက်၊ ကြက်အားဖြည့်စာဟူ၍ မသိဘဲ သရေစာအမှတ်ဖြင့် စားရာမှ မူးဝေအော့အန်ဖြစ်ရတာ တွေ၊  နှလုံးငြိမ်ဆေးကိုသောက်ရမည့်အစား  ပုံစံတူ၊ အရွယ်တူဆေးကို အလွယ်ဝယ်ယူသောက်မိ၍ အသက်သေဆုံးတာတွေ၊  ယားနာလိမ်းဆေးကို မျက်နှာလိမ်းမိ၍ အလှပျက်ရတာတွေ၊ အရက်ပြန်နှင့် အရက်ပုလင်း မှားသောက်မိ၍ သေဆုံးကြရတာတွေ၊ ကင်ဆာပျောက်သည်၊ အေအိုင်ဒီအက်ရောဂါ ပျောက်သည်ဆိုသည့် ဘာတွေရေးသားထားမှန်းမသိ၊ ဘာတွေပါဝင်မှန်း မသိဘဲ ပျောက်ချင်ဇောဖြင့် ဝယ်သောက်မိ၍ အချိန်မတိုင်ဘဲ အသက်ပျောက်ခဲ့တာတွေ စသည်ဖြင့် စုံလင်စွာဖတ်ရှုရသည်မှာ စိတ်မချမ်းမြေ့ဖွယ်ပင်ဖြစ်သည်။ အထက်ပါဖြစ်စဉ် သတင်းများသည် စားသုံးသူပြည်သူ ၅၁ သန်းကျော်ထဲတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်သတင်းများဖြစ်သည်။ ဤသို့ဖြစ်ရခြင်းအများစုမှာ မြန်မာနိုင်ငံအတွင်း  ပြည်တွင်းမှထုတ်လုပ်သော၊  ပြည်ပမှ မှာယူ တင်သွင်းသော လူသုံး၊ အိမ်သုံးပစ္စည်းများတွင် မြန်မာနိုင်ငံသား အများစု နားလည်သော မြန်မာဘာသာဖြင့် ဖော်ပြထားမှုမရှိ၍ ဖြစ်ပွားရခြင်းဖြစ်သည်။ ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်များ ဖြစ်နေခြင်းဖြစ်သည်။ ဤသည်ကို အချိန်မီ တားဆီးခြင်း မပြုလုပ်ပါက စားသုံးသူများအတွက် အန္တရာယ် ကြီးထွားလာနိုင်သည်။ မရှူနိုင်၊ မကယ်နိုင်ဖြစ်မှာ စိုးရိမ်ရသည်။ ဖြစ်မှ ကုစားခြင်းထက် မဖြစ်ခင်ကြိုတင်ကာကွယ်ရန် လိုအပ်နေသည်။ လူသုံး၊ အိမ်သုံးပစ္စည်းများ ရယူသုံးစွဲရာတွင် မြန်မာဘာသာဖြင့် ထင်ရှားစွာရေးသား ဖော်ပြထားခြင်း မရှိသောကြောင့် စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့လာ၍ လည်းကောင်း၊ စားသုံးသူပြည်သူများ၊ လုပ်ငန်းရှင်များကလည်း မိမိထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူးရောင်းချသော ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တွဲလျက်ဖြစ်စေ ဖော်ပြနိုင်ရေး တောင်းဆိုလာကြ၍ လည်းကောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာ ဦးစီးဌာနသည် စားသုံးသူများ စီးပွားရေး ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်သော လုပ်ငန်းရှင်များကို ကာကွယ်စောင့်ရှောက်ရန် အတွက် ၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် စားသုံးသူ အကာအကွယ်ပေးရေး ဗဟိုကော်မတီ၏ အမိန့်ကြော်ငြာစာ အမှတ်(၁/၂ဝ၁၈) ဖြင့် ကုန်စည်များ ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်းတို့ ပြုလုပ်ရာတွင် စားသုံးသူများ ဘေးကင်းလုံခြုံစေရေး အတွက် ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တွဲလျက်ဖြစ်စေ ဖော်ပြရန်ထုတ်ပြန်ခဲ့သည်။ အဆိုပါ ပစ္စည်းများပေါ်တွင် စီးပွားရေး လုပ်ငန်းရှင်များသည် ကုန်စည်များ ထုတ်လုပ်ခြင်း၊ ကုန်သွယ်ရောင်းဝယ်ဖြန့်ဖြူးခြင်းများ ဆောင်ရွက်ရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် သုံးစွဲပုံနှင့် ပတ်သက်သော သတင်း အချက်အလက်များ၊ ညွှန်ကြားချက်များနှင့် အထူးသတိပေးလိုသည့် အကြောင်းအရာများကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တွဲလျက်ဖြစ်စေ   ဖော်ပြပေးရန်အထူးလိုအပ်သည်။ သို့မှသာ စားသုံးသူများသည် မည်သို့သုံးစွဲရမည်၊ ဘယ်လိုထားသို သိမ်းဆည်းရမည်၊ ဘယ်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ကြောင်း၊ ဘေးထွက်ဆိုးကျိုး ဘယ်လိုဖြစ်မည် စသည်ဖြင့် သိရှိနိုင်မည်ဖြစ်သည်။ အဆိုပါ   အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးနောက် မြန်မာနိုင်ငံရှိ  ၅၁ သန်းကျော်သော စားသုံးသူပြည်သူများကို ပိုမိုအကာအကွယ် ပေးနိုင်ရေး မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင်များ စီးပွားရေး ကျင့်ဝတ်နှင့်အညီ နိုင်ငံတကာ သတ်မှတ်ချက်များနှင့် ကိုက်ညီသော လူသုံး၊ အိမ်သုံးပစ္စည်းများ ထုတ်လုပ်၍  နိုင်ငံတကာဈေးကွက်သို့  ဝင်ရောက် တိုးမြှင့်တင်ပို့နိုင်ရေး အတွက် သက်ဆိုင်ရာ ဆက်စပ်ဌာနများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ စားသုံးသူများနှင့် ဆွေးနွေးညှိနှိုင်း တိုင်ပင်၍လည်းကောင်း၊ တွေ့ကြုံရမည့် အခက်အခဲများကို ကျော်လွှားနိုင်ရေး အတွက်လည်းကောင်း၊ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မျှတမှု ရှိစေရေးအတွက် လည်းကောင်း၊ စားသုံးသူများ ထိခိုက်နစ်နာ ဆုံးရှုံးမှု မရှိစေရေး၊ စားသုံးသူ အခွင့်အရေးများ ပြည့်ဝစွာရရှိရေး အတွက်လည်းကောင်း၊ လုပ်ငန်းရှင်များ ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက်လည်းကောင်း၊ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် စားသုံးသူ အကာအကွယ်ပေးရေး   ဗဟိုကော်မတီ၏ ညွှန်ကြားချက်အမှတ်(၁/၂ဝ၁၉)ဖြင့် ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တွဲလျက်ဖြစ်စေ ဖော်ပြရာ၌ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့သည်။ ထိုညွှန်ကြားချက်တွင် စားသုံးသူများ ဘေးကင်းလုံခြုံရေး အတွက် ကုန်စည်များ၌ သုံးစွဲပုံအညွှန်း၊ ထားသိုသိမ်းဆည်းပုံ အညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်၍ စားသုံးသူများ ဘေးဥပဒ် အန္တရာယ်ကင်းရှင်းစွာ၊ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ရန် ထင်ရှားစွာ ဖော်ပြပေးရန်နှင့် လုပ်ငန်းရှင်များ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် ခြောက်လအချိန် သတ်မှတ်ပေးထားပြီး ခြောက်လ နောက်ပိုင်းတွင်မူ လိုက်နာမှုမရှိပါက စီးပွားရေး လုပ်ငန်းရှင်များကို စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ(၂ဝ၁၄) ပုဒ်မ(၁၉)အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသေးစိတ်ဖော်ပြထားသည်။ စားသုံးသူ အကာအကွယ်ပေးခြင်း လုပ်ငန်းသည် စားသုံးသူများ၏ အခွင့်အရေးများအား ပြည့်ဝစွာရရှိရေး၊ ဘေးဥပဒ်အန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရယူသုံးစွဲလုပ်ဆောင်နိုင်ရေး၊ ဆုံးရှုံးနစ်နာမှုများကို ကုစားဖြေရှင်းပေးနိုင်ရန် နိုင်ငံတကာ စားသုံးသူ စံနှုန်းသတ်မှတ်ချက်များနှင့်အညီ စားသုံးသူကာကွယ်ရေး ဥပဒေပါပြဋ္ဌာန်းချက်များအရ ဆောင်ရွက်လျက်ရှိသလို  အခြားတစ်ဖက်မှလည်း လုပ်ငန်းရှင်များအား နိုင်ငံတကာစံနှုန်းသတ်မှတ်ချက် များနှင့်အညီ ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်ဆောင်ရွက်နိုင်ရန် တွေ့ဆုံဆွေးနွေးအကြံပြုခြင်း၊ သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက် ပေးခြင်းဖြင့် ပြည်တွင်းဈေးကွက်၌ သာမက ပြည်ပဈေးကွက်အထိထိုးဖောက်၍ ဈေးကွက်ချဲ့ထွင်ကာ အောင်မြင်မှုများရရှိစေရန် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ စားသုံးသူများသည် လုပ်ငန်းရှင်များ၏ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် အောင်မြင်ရန် အကူအညီပေး နေသော အရှင်သခင်များ ဖြစ်ကြသည်ကို သတိမူသင့်သည်။ ၂၁ ရာစုခေတ် စားသုံးသူများသည် လူသုံး၊ အိမ်သုံးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ရယူသုံးစွဲရာတွင် အကျိုးရှိခြင်း၊ ရေရှည်အသုံးခံခြင်း၊ သတင်အချက်အလက်များ ပြည့်စုံစွာ ပါရှိခြင်း၊ ဘေးဥပဒ် အန္တရာယ် ကင်းရှင်းခြင်း စသည့်အချက်များကို အလေးပေးကာ ရွေးချယ်ဝယ်ယူ ကြသည်ကို တွေ့ရှိရသည်။ သို့ရာတွင် ရည်ရွယ်ချက်ကောင်းများဖြင့် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာ ဖြစ်သော်လည်း ဌာနတစ်ခုတည်း အနေဖြင့် ဆောင်ရွက်ပါက ထိုက်သင့်သလောက် အောင်မြင်မှု ရရှိမည်ဖြစ်သော်လည်း အချိန်ရှည်ကြာပေမည်။ ပြည်သူများ ထိခိုက်နစ်နာ၊ သေဆုံးမှုများ ဆက်လက်ဖြစ်ပေါ်နိုင်သည်။ နိုင်ငံတော်နှင့် ပြည်သူများ အကျိုးအတွက် ထုတ်ပြန်သော ညွှန်ကြားချက်ကို ပြည်သူများဖြစ်သည့် စားသုံးသူများ၊ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ၊ သက်ဆိုင်ရာ ဆက်စပ်ဌာနများ အားလုံးမှ   လက်တွဲ၍ ပူးပေါင်းဆောင်ရွက်မှသာလျှင် အချိန်တိုအတွင်း အောင်မြင်နိုင်မည့် ညွှန်ကြားချက် တစ်ခုဖြစ်၍ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်လိုက်နာ လုပ်ဆောင်ကြရန် လိုအပ်သည်။ သို့ဖြစ်ပါ၍ စီးပွားရေး လုပ်ငန်းရှင်များသည် ၅၁ သန်းကျော်သော ပြည်သူများအကျိုးအတွက် ထုတ်ပြန်ထားသော၊ တိုက်တွန်းထားသော ညွှန်ကြားချက်နှင့်အညီ ကုန်စည်များထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း ပြုလုပ်ရာတွင် စားသုံးသူများ ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် ကုန်စည်များတွင် သုံးစွဲပုံအညွှန်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်၍ သတင်း အချက်အလက်များ၊ ညွှန်ကြားချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တွဲလျက်ဖြစ်စေ ဖော်ပြရာတွင် သာမန်မျက်စိဖြင့်မြင်နိုင်သော အရွယ်အစားဖြင့် ဖော်ပြပေးရန်၊ စားသုံးသူသို့ လက်လီ ရောင်းချမည့် ကုန်စည်ထုပ်ပိုးပစ္စည်းပေါ်တွင် ဖော်ပြပေးရန်၊ ကုန်စည်ပေါ်တွင် အချက်အလက်ဖော်ပြရန် မဖြစ်နိုင်ပါက   လက်ကမ်းစာစောင်၊ အညွှန်းတို့ဖြင့် ဖော်ပြပြီး ကုန်စည်နှင့်အတူ စားသုံးသူသို့တစ်ပါတည်း ပေးအပ်ရန်၊ ပြည်ပမှတင်သွင်း ဖြန့်ဖြူးသည့် ကုန်စည်ဖြစ်ပါက ဈေးကွက်ဖြန့်ဖြူးခြင်း မပြုမီ ထပ်ပိုးကပ်ခြင်း သို့မဟုတ် ထုပ်ပိုးပစ္စည်းအသစ် အသုံးပြုခြင်း ပြုလုပ်၍ ပြုပြင်ရောင်းချရန် သက်ဆိုင်ရာဌာနများ၏ လိုက်နာရန် ညွှန်ကြားချက်များနှင့် ပတ်သက်၍ ဖော်ပြရန်အချက်များအား မြန်မာဘာသာဖြင့် ဖော်ပြရန်လိုအပ်မည်ဖြစ်သည်။ စားသုံးသူများကလည်း မိမိသက်ရှည်ကျန်းမာရေး အတွက်  ထုတ်ပြန်ထားသော ညွှန်ကြားချက်အတိုင်း လိုက်နာကူညီပေးကြရန် တိုက်တွန်းအပ်သည်။ သို့မှသာ စားသုံးသူများ ဘေးဥပဒ်အန္တရာယ် ကင်းရှင်းကာ ဆုံးရှုံးနစ်နာမှုများ ကင်းဝေး၍ ငြိမ်းချမ်းပျော်ရွှင်သော ပတ်ဝန်းကျင်ကောင်းတွင် ကျန်းမာစွာသက်တမ်းစေ့ နေထိုင်သွားနိုင်မည်ဖြစ်ပါကြောင်း စေတနာရှေ့ထား၍ တိုက်တွန်းအပ်ပါသည်။

နိုင်ဦး(DOCA)

Read 71 times
Rate this item
(0 votes)
Last modified on Sunday, 17 February 2019 11:55