SJ WorldNews - шаблон joomla Авто

အပူလောင်ပြီးနောက် အကြောအဆစ် ကာကွယ်ကုသရေး

Monday, 18 February 2019 11:52 Written by  font size decrease font size decrease font size increase font size increase font size

မီးအပူ၊ ရေနွေးအပူ၊နေအပူ၊ ဆီအပူ၊ လျှပ်စစ်အပူနှင့် ဓာတုအပူ အစရှိသည့် အပူလောင်ခြင်း အမျိုးမျိုးတို့ကို အနည်းနှင့်အများ ကြုံဖူးကြသည်။ အဆန်းမဟုတ်သလိုပင် သဘောထားကြသည်။ အရေပြားတွင် ပူလောင်မှု အနည်းငယ်သာ ခံစားရပြီး ပျက်စီးမှုမရှိပါက မပြောပလောက်သော်လည်း အရေပြားအပေါ်နှင့် အောက်လွှာများတွင် ပျက်စီးမှုရှိပါမူ စနစ်တကျကုသရန် လိုအပ်လေသည်။ပေါ့ပေါ့တန်တန် သဘောမထားသင့်ပေ။ ယူနိုက်တက်ကင်းဒန်း(UK)မှ လေ့လာမှုတစ်ခု(DORAS 2001)အရ သိရသည်မှာ ၁၉၉၃ ခုနှစ်နှင့် ၁၉၉၇ ခုနှစ်တို့အတွင်း အပူလောင်ခြင်း ခံရသောလူနာပေါင်း ၄၅၆၃ ဦးတို့ကို ဆေးရုံတင် ကုသပေးခဲ့ရသည်။  တစ်နည်းဆိုရသော် လူဦးရေ တစ်သိန်းရှိတိုင်း ၂၅ ဒသမ ၃ ဦးမှာ ဆေးရုံတက်ပြီး ကုသမှုခံယူရန်အထိ လိုအပ်ခဲ့ပါသည်။ 

အရေပြားသည် ခန္ဓာကိုယ်ရှိ အကြီးဆုံး အင်္ဂါအစိတ်အပိုင်း ဖြစ်သကဲ့သို့ သူ၏အောက်တွင်ရှိသော အစိတ်အပိုင်းများ(underlying tissues)ကို အကာအကွယ်ပေးခြင်း၊ ကိုယ်အပူချိန်ကို ထိန်းညှိပေးခြင်း၊ ကိုယ်တွင်ရှိသော အရည်များ ပျက်စီးဆုံးရှုံးမှု မရှိစေခြင်းနှင့် အာရုံခံစား သိရှိစေခြင်း  အစရှိသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ပေးနေသည်။ သို့ဖြစ်ရာ  အပူလောင်ခြင်းကြောင့် အရေပြားထိခိုက်မှု ဖြစ်သောအခါ ရောဂါပိုးဝင်ခြင်း၊ ခန္ဓာကိုယ်ရှိအရည်များ ဆုံးရှုံးခြင်းနှင့် ကိုယ်အပူချိန် ထိန်းညှိနိုင်မှု ပျက်ယွင်းခြင်း အစရှိသည့်  ဆိုးကျိုးများဖြစ်လာတော့၏။

အပူလောင်ခြင်းအဆင့်အမျိုးမျိုး

အခြေခံအားဖြင့် သုံးမျိုးသုံးစား ရှိသည်။

(၁) ပထမအဆင့် အပူလောင်ခြင်းတွင် အရေပြား ရဲမည်။ အနည်းငယ်နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်း ရှိသည်။ အရည်ကြည်ဖုများကို မတွေ့ရှိရ။

(၂) ဒုတိယအဆင့် အပူလောင်ခြင်းတွင်  နာကျင်မည်။ သိသိသာသာ ရောင်ရမ်းသည်။ အရည်ကြည်ဖုများနှင့် အရေပြားထူအန်းမှု အချို့ကို တွေ့ရသည်။

(၃) တတိယအဆင့် အပူလောင်ခြင်းတွင် အရေပြား ထူအန်းမှုများပြီး  အဖြူရောင် အစက်လေးများကို အရေပြားပေါ်တွင် တွေ့ရသည်။

အမာရွတ်ဖြစ်ခြင်း

အပူလောင်ခြင်း အနည်းအများနှင့် အတိမ်အနက်ပေါ် မူတည်လျက် အရေပြား ပျက်စီးမှုအတိုင်းအဆ ဖြစ်ရသည်။ ဥပမာ-အနည်းအပါး အပူလောင်ပြီး အပူဖုများ မဖြစ်ပါက အမာရွတ်ဖြစ်ခြင်း မရှိဘဲ  အနာကျက်ရန် ယေဘုယျ အားဖြင့် သုံးရက်မှ ခုနစ်ရက်အထိ ကြာတတ်လေသည်။

အပူလောင်ခြင်းကြောင့် ပုံမှန်မဟုတ်သော အမာရွတ်များ ဖြစ်လာတတ်ကြသည်။ ယင်းအမာရွတ်များဖြစ်လာသဖြင့် ရုပ်ဆိုးအကျည်းတန်ခြင်း၊ နာကျင်ခြင်း၊ ယားယံခြင်း၊ အဆစ်လှုပ်ရှားမှု အပြည့်အဝမရခြင်းနှင့် ကိုယ်အင်္ဂါ ပျက်ယွင်းခြင်းများ ခံစားကြရသည်။

အပူလောင်ခြင်းဖြစ်သော လူနာများကို ဆေးရုံတင်လျက် ဆရာဝန်နှင့် သူနာပြုဆရာမများက ဆေးဝါးကုသမှုများ ပေးနေစဉ်နှင့် ဆေးရုံမှ ဆင်းသွားပြီး နောက်ပိုင်းတို့တွင် အောက်ပါ လိုအပ်ချက်များအရ Physiotherapy ခေါ် အကြောအဆစ် ကုသမှုများ ပြုလုပ်ပေးရသည်။ အထူးသဖြင့် ဆေးရုံတွင် လပေါင်းများစွာ သို့မဟုတ် နှစ်ကြာသည်အထိနေကြရသည့် အပူလောင်သောလူနာများအား   အကြောအဆစ်ကု ပညာရှင်များက ဆေးရုံ၌ ရှိနေစဉ်မှာပင် ကုသမှုများ ပေးကြရသည်။

- လူနာအား သူကိုယ်တိုင် ပြုလုပ်သောကြွက်သားနှင့် အဆစ်လှုပ်ရှားမှုများ (Active Range of Motion) သင်ကြားလေ့ကျင့်ပေးရန်၊

-လူနာကိုယ်တိုင် မလုပ်နိုင်သော အပူလောင်သွားသည့် နေရာတစ်ဝိုက်ရှိ  အဆစ်လှုပ်ရှားမှုများကို အကြောအဆစ်ကု ပညာရှင်က လှုပ်ရှားလေ့ကျင့်ပေးခြင်း (Passive  Range of Motion)

-ခြေလက်အစရှိသော ကိုယ်ခန္ဓာအစိတ်အပိုင်းများအား အနေအထားမှန်စွာ ထားရှိပေးရန် (Prevention of  loss of functional structures) ၊

-ကိုယ်ခန္ဓာလှုပ်ရှား သွားလာ အသုံးပြုမှုများကို သင့်လျော်သောအချိန်တွင် စောစီးစွာ စတင်လုပ်ဆောင် လေ့ကျင့်ပေးရန် (Early functional rehabilitation)၊

- နာကျင်မှုနှင့် ရောင်ရမ်းမှုများ သက်သာစေရန်၊

- အနာကျက်မြန်ဆန်စေရန်၊

-ရုပ်ဆင်းအင်္ဂါ ပျက်ယွင်းမှုနှင့် မသန်စွမ်းမှုဆိုင်ရာ စိုးရိမ်ကြောင့်ကြစိတ်များ (Psychological distress)ကို ရှင်းပြဖြေသိမ့်ပေးရန်၊

အချို့သောလူနာများတွင်  ခန္ဓာကိုယ်တစ်နေရာမှ ကောင်းသော အရေပြားကိုရယူလျက်  အပူလောင်ခြင်းကြောင့် ပျက်စီးသွားသည့် နေရာတွင် အရေပြား အစားထိုး ဖုံးအုပ်ပေးခြင်း ကဲ့သို့သော ခွဲစိတ်ကုသမှု ပြုလုပ်ရန် လိုအပ်တတ်သည်။ ထိုသို့ခွဲစိတ်ပြုပြင်ထားသော နေရာတွင်  အကြောအဆစ်ဆိုင်ရာ လေ့ကျင့်လှုပ်ရှားမှုများ ရပ်တန့်ထားပြီး  တစ်ချိန်တည်းမှာ ထောက်ကူထိန်းကိရိယာများ အသုံးပြုလျက် ပုံသဏ္ဌာန် ပျက်ယွင်းမှုမရှိစေရန် ကြိုတင် ကာကွယ် ပေးရသည်။

သုတေသနပြု လေ့လာချက်များအရ သိရှိရသည်မှာ အပူလောင်ခြင်းကြောင့် အမာရွတ်ဖြစ်လျက် ကိုယ်အင်္ဂါအစိတ်အပိုင်း ပုံသဏ္ဌာန် ချို့ယွင်းမှု အများဆုံး ဖြစ်ကြရသော ကိုယ်အင်္ဂါအစိတ်အပိုင်း သုံးမျိုးတွင် လက်ကောက်ဝတ်နှင့် လက်ချောင်းတို့ ပါရှိလေသည်။ သို့ဖြစ်ရာ နိစ္စဓူဝ အသုံးချနေကြရသော  လက်၏ လုပ်ငန်းဆောင်တာများကို မူလကကဲ့သို့ မလုပ်ဆောင်နိုင်တော့ဘဲ တစ်စိတ်တစ်ပိုင်းသာ လုပ်နိုင်ခြင်း သို့မဟုတ် လုံးဝမလုပ်နိုင်တော့ခြင်း များကြုံတွေ့ကြရသဖြင့်  လူ့ဘဝအရည်အသွေး ကျဆင်းကြရတော့သည်။

ဥပမာ- လက်ကို အပူလောင်ခြင်းခံကြရသော လူနာအများစုတွင် အနာကျက်သွားသောအခါ ကုတ်ခြစ်ဟန် လက်ပုံသဏ္ဌာန်မျိုးဖြစ်လျက် ကျန်ရှိတတ်သည်။ သို့ဖြစ်ရာ လက်ကောက်ဝတ်ကို ၃ဝ ဒီဂရီခန့် ကော့လျက် အနေအထား ရှိစေပြီး အဖျားဘက်မှလက်နှစ်ဆစ်တို့ကို  အဖြောင့်ထားကာ လက်ချောင်းရင်း၏ အဆစ်များကို ၇ဝ ဒီဂရီပုံသဏ္ဌာန် ရှိနေစေရန် စနစ်တကျ တွက်ချက်ထားပေးခြင်းဖြင့် ချို့ယွင်းမှုမရှိအောင် ကာကွယ်ပေးနိုင်သည်။

လက်ကိုအပြည့်အဝ သို့မဟုတ် အတတ်နိုင်ဆုံး ပြန်လည် အသုံးချနိုင်စေရန်  အကြောအဆစ်များ သဘာဝအတိုင်း ပျော့ပျောင်းမှုရှိနေပြီး ရာသက်ပန်ကျုံ့သွား၊ ရုန်းတိုသွားခြင်း မဖြစ်မီ အကြောအဆစ်ဆိုင်ရာ ကုသမှုများဖြင့် စောစီးစွာ လက်ဦး ထားရမည်ဖြစ်သည်။

အမှန်က မီးအပူ၊ ရေနွေးအပူ၊ ဆီအပူ၊ လျှပ်စစ်အပူ၊ ဓာတုအပူ အစရှိသည့် အပူလောင်ခြင်း အမျိုးမျိုးတို့ကို ကောင်းစွာသတိထားလျက် ထိထိရောက်ရောက် ကြိုတင်ကာကွယ်နိုင်ပါသည်။ အထူးသဖြင့် အပူလောင်ခြင်း၏ အန္တရာယ်များကို   လုံးဝသိရှိနားလည်ခြင်း မရှိကြသေးသော အပြစ်မဲ့ ကလေးသူငယ်များနှင့် အိုမင်းမစွမ်းသော သက်ကြီးရွယ်အိုများအား ဂရုတစိုက်စောင့်ကြည့် ကာကွယ်ပေးကြရန် အလွန်အရေးကြီးလေသည်။ ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် မိဘဆွေမျိုးများ အားလုံးတို့အနေဖြင့်   ရင်နာစရာအဖြစ်ဆိုးနှင့် မကြုံတွေ့ရန် သတိကြီးကြီး ထားကြစေလိုပါသည်။     

တင်မောင်အေး(ကန့်ဘလူ)

Read 80 times
Rate this item
(0 votes)
Last modified on Monday, 18 February 2019 11:53