SJ WorldNews - шаблон joomla Авто

လူနာများအတွက် မရှိမဖြစ် ဘေးကင်း လုံခြုံရေး

Thursday, 21 February 2019 09:43 Written by  font size decrease font size decrease font size increase font size increase font size

ယနေ့ခေတ်မှာ Safety ဆိုတဲ့ဝေါဟာရကို တွင်တွင်သုံးလာကြတယ်။ အလုပ်တာဝန်တစ်ခုကို  စတင်တော့မယ်ဆိုရင်  အဲဒီလုပ်ငန်းမှာ ပါဝင်ထမ်းဆောင်ကြမယ့် သူတွေ၊ ဦးတည်တဲ့ သူတွေကို အန္တရာယ် မဖြစ်စေရန် လုံခြုံရေးသတိရှိဖို့လိုတယ်လို့   အရင်ခေတ် ကာလများကတည်းက သိရှိလာခဲ့ကြပါတယ်။  အဆောက်အအုံ တစ်လုံး ဆောက်တော့မယ်ဆိုရင်   Safety First လို့ ရေးထားတယ်။ ဘယ်အလုပ်ကိုပဲ လုပ်လုပ်   မလိုလားအပ်တဲ့ အမှားအယွင်း၊ ထိခိုက်နစ်နာမှုတွေ မဖြစ်အောင် လုံခြုံရေးအမြင်နဲ့ ပြုလုပ်ကြရမယ်လို့ ဆိုလိုတာပါ။

ယနေ့ခေတ်ကာလများမှာ   လူတစ်ဦး တစ်ယောက်ချင်းစီရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်ကိုပိုပြီး ပြောဆိုလာကြတယ်၊ ရှေ့တန်းတင်လာကြတယ်။ Safety ဆိုတဲ့ လုံခြုံမှုဟာ  လူတစ်ဦး တစ်ယောက်ချင်းစီရဲ့    ရပိုင်ခွင့်ဖြစ်လာတယ်။ အစားအသောက်တွေ သန့်ရှင်းပြီး   စိတ်ချရဖို့ Food Safety ရှိရမယ်လို့ ဆိုတယ်။ ဒီလိုပဲလူတိုင်း လူနာဖြစ်ဖူးကြတယ်၊ ဖြစ်ကြရဦးမယ်ဆိုတဲ့ အနေအထားမှာ Patient Safety ခေါ်တဲ့ လူနာဘေးကင်း လုံခြုံမှုကိုလည်း ဦးစားပေးလာကြပါတယ်။

Patient Safety လို့ဆိုလိုက်ရင်  သူ့ရဲ့ဆန့်ကျင်ဘက်က Medical Errorပါ။ ဆေးကုသမှု အမှားအယွင်း၊ ဆေးဘက်ဆိုင်ရာ အမှားအယွင်းတွေကြောင့် လူနာများရဲ့ လုံခြုံရေးကို ထိခိုက်လာကြတာပါ။ လူနာလုံခြုံ ဘေးကင်းမှုဟာ ယနေ့ကမ္ဘာပေါ်က ပြည်သူ့ကျန်းမာရေး စနစ်များရဲ့ အဓိက အရေးကြီးဆုံး အချက်လည်းဖြစ်နေပါတယ်။

ယနေ့လေယာဉ်စီး ခရီးသည် ပျမ်းမျှတစ်သန်းလျှင် တစ်ယောက်လောက်ပဲ  ဘေးအန္တရာယ် ကြုံတွေ့ရနိုင်ခြေရှိတယ်။  ဆေးကုသနေစဉ်အချိန်မှာ  ဘေးဖြစ်နိုင်တဲ့ ရာခိုင်နှုန်းကတော့ လူနာသုံးရာမှာ တစ်ယောက်လောက် ရှိနေ ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ  လူများကိုသေကျေမှု အများဆုံး အကြောင်းရင်းတွေထဲမှာ ကင်ဆာရောဂါများနဲ့ နှလုံးသွေးကြောများပြီးရင် Medical Error ဆိုတဲ့ ဆေးဘက်ဆိုင်ရာ အမှားများက တတိယနေရာ လိုက်နေပါတယ်။

ဒါကြောင့်    မသေသောဆေးသမား (လူတိုင်းကို ရှင်အောင်ကုနိုင်တဲ့ ဆရာဝန်မရှိ)လို့ ဆိုကြပေမယ့် မမှားသော ဆေးသမားမရှိအောင် လုပ်ကြဖို့လိုပါတယ်။ မျက်မှောက်ကာလ ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ်မှာ လူနာများရဲ့ ဘေးကင်းလုံခြုံမှုကို  ခြောက်လှန့်နေတာ ဘယ်လိုအကြောင်းရင်းတွေလဲ ဆိုတာကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ထုတ်ပြန်ထားတဲ့ အတိုင်း လေ့လာကြည့်ကြပါမယ်။

(၁)ကမ္ဘာကြီးတစ်ခုလုံး အနေအထားနဲ့ ကြည့်မယ်ဆိုရင် ကမ္ဘာကြီးကို ဝန်ပိနေစေတဲ့ ရောဂါဘယတွေထဲမှာ လူနာတွေအတွက် လုံခြုံမှုမရှိခြင်းဆိုတဲ့ အကြောင်းရင်းက နံပါတ် ၁၄ နေရာမှာရှိနေတယ်။

ကမ္ဘာပေါ်က ဒေသအသီးသီးမှာ  တစ်နှစ်ကို ဆေးရုံတက်ကြတဲ့ အကြိမ်ပေါင်း ၄၂၁ သန်းရှိတယ်။ လူပေါင်း ၄၂၁ သန်း ဆေးရုံတက်တာတော့ မဟုတ်ပါဘူး။ လူနာတစ်ယောက်ထဲကို သုံး၊လေးခါ ဆေးရုံတက်ကြတာလည်း ရှိနိုင်တယ်။ ကမ္ဘာတစ်ခုလုံးက ဆေးရုံတွေပေါ်မှာ ဆေးဘက်ဆိုင်ရာ အမှားအယွင်းဖြစ်သွားတဲ့ အကြိမ်က ပျမ်းမျှတစ်နှစ်ကို ၄၂ ဒသမ ၇ သန်းလောက် ရှိနေတယ်။ ဒီကိန်းဂဏန်းကို ကြည့်လိုက်တာနဲ့   လူနာတွေရဲ့ ဘေးကင်းလုံခြုံမှု ဘယ်လောက် အားနည်းလဲဆိုတာ မြင်နိုင်တယ်။

ထူးခြားချက်တစ်ခုက အဲဒီဆေးဘက်ဆိုင်ရာ အမှားတွေကြောင့် သေကျေထိခိုက်ရတဲ့ အချိုးအစားဟာ ငှက်ဖျားနဲ့ တီဘီရောဂါများကြောင့် ဖြစ်ရတဲ့ အချိုးအစားနဲ့ အတူတူပါပဲတဲ့။

(၂) ဆေးရုံအတွင်း လူနာ ၁ဝ ဦးမှာ တစ်ဦးဟာ မလိုလားအပ်တဲ့ ထိခိုက်ခံစားမှုတွေ ဖြစ်ကြရတယ်။

ဆေးရုံတက်နေတုန်း ချော်လဲပြီး ခေါင်းကွဲတာ၊ကျိုးပဲ့တာမျိုးကစလို့ ဆေးရုံပေါ်မှာ ကူးစက်ရောဂါများအလယ် ဆေးမှားထိုးခံရ၊ ဆေးမှားပေးခံရတဲ့ ဆေးကုသမှု အမှားတွေအဆုံး လူနာကိုသေစေနိုင်၊ အနာတရဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေပါပဲ။အဲဒီ အကြောင်းရင်းတွေ ထဲက ၅ဝ ရာခိုင်နှုန်းဟာ ကြိုတင်ကာကွယ်လို့ ရနိုင်ပါသတဲ့။ အဲဒီလိုမတော်တဆ အမှားအယွင်းများရဲ့ သုံးပုံနှစ်ပုံလောက်ဟာ ချို့တဲ့တဲ့တိုင်းပြည်တွေမှာ ဖြစ်ကြရတာပါ။

(၃)ဆေးဝါးတွေကို စနစ်တကျ မကိုင်တွယ်၊   မညွှန်ကြား၊ မဖြန့်ဖြူးခြင်းဟာ နှစ်စဉ် လူပေါင်းသန်းချီကို ဒုက္ခရောက်စေနိုင်ပြီး အမေရိကန် ဒေါ်လာသန်းထောင်ချီပြီး ဆုံးရှုံးလေလွင့်မှုတွေဖြစ်စေတယ်။

ဆေးပေး မှားယွင်းမှုကြောင့် ကမ္ဘာပေါ်မှာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၄၂ ဘီလီယံဖိုးလောက် ဆုံးရှုံးနေကြရတယ်။ ဒီပမာဏဟာ ကမ္ဘာပေါ်က ကျန်းမာရေး စောင့်ရှောက်မှုအတွက် သုံးတဲ့ငွေကြေးတန်ဖိုး စုစုပေါင်းရဲ့ ၁ ရာခိုင်နှုန်းရှိနေတယ်။ ဆေးမှားပေးမိတယ်ဆိုတဲ့ နေရာမှာဆေးကိုကိုင်တွယ် ဖြန့်ဖြူးတဲ့ ဌာနအဆင့်ဆင့်မှာ မှားယွင်းတာ၊ ကျန်းမာရေး ဝန်ထမ်းများ မနိုင်ဝန်ဖြစ်လို့ မစစ်ဆေးလိုက်ရတာ၊ ဆေးထောက်ပံ့မှု မလုံလောက်တာကြောင့် လိုချင်တဲ့ ဆေးမရဘဲ အစားထိုး ပေးလိုက်ရလို့ ထိခိုက်တာ၊ ဆေးကိုညွှန်လိုက်ပြီးတဲ့နောက် စောင့်ကြည့်စစ်ဆေးတဲ့ စနစ်တွေ အားနည်းတာကြောင့် ဖြစ်ကြရပါတယ်။ ဆေးဝါး မှားယွင်းမှုဟာ လူနာများအတွက် အန္တရာယ် အလွန်ကြီးပြီး ဒုက္ခိတ ဘဝကနေ အသက်သေဆုံးသည် အထိ ဖြစ်သွားစေနိုင်တယ်။

(၄)ကျန်းမာရေး အသုံးစရိတ်ရဲ့ ၁၅ ရာခိုင်နှုန်းဟာ ဆေးရုံပေါ်ရောက်မှ ရတဲ့ နောက်ဆက်တွဲ ပြဿနာတွေအတွက် အသုံးပြုနေရတယ်။

ကျန်းမာရေး ချို့ယွင်းမှုကြောင့် ဆေးရုံတက်ရတာ ဆိုပေမယ့် ဆေးရုံပေါ်မှာ အနေကြာလာတဲ့အခါ လူတို့ရဲ့ မှားယွင်းမှုကြောင့် မဟုတ်ဘဲ အလိုလိုဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေရှိပါတယ်။ လှုပ်ရှားမှုနည်းပြီး ခြေထောက်သွေးကြော ပိတ်သွားတာ၊ အိပ်ရာပေါ် လှဲနေရလို့ ကျောမှာ အပူနာတွေဖြစ်လာတာ၊ ဆေးရုံထဲက ရောဂါပိုးတွေ ကူးစက်ခံရတာမျိုးတွေဟာ  အမြဲတမ်း ရှောင်လွှဲလို့မရနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေဖြစ်ပါတယ်။ အဲဒီပြဿနာတွေ ဖြစ်လာတဲ့အခါ  ပြန်လည်ကုသရတဲ့ ကုန်ကျစရိတ်က ကျန်းမာရေး အသုံးစရိတ် အားလုံးရဲ့ ၁၅ ရာခိုင်နှုန်းလောက်ထိ ရှိနေတာပါ။

(၅) ဆေးရုံ၊ဆေးခန်းတွေက လူနာများရဲ့လုံခြုံဘေးကင်းမှု အတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းဖြင့် ရေရှည်မှာ ကုန်ကျစရိတ်တွေ သက်သာလာတယ်။

ဆေးရုံပေါ်မှာ လူနာတွေ ချော်မလဲအောင်၊ ကြမ်းပြင်တွေ စိုမနေအောင် သန့်ရှင်းရေး ဝန်ထမ်းတွေ ပိုခန့်ထားတာမျိုး၊  ဆေးဝါးကျွမ်းကျင် ဝန်ထမ်းတွေ တိုးခန့်ပြီး ဆေးညွှန်း စစ်ဆေးမှု တိုးမြှင့်လိုက်တာမျိုး စသည်ဖြင့် လူ့စွမ်းအား၊ပစ္စည်းစွမ်းအား တိုးမြှင့်လိုက်ခြင်းဖြင့် မဖြစ်သင့်တာတွေ မဖြစ်ရဘဲအပိုကုန်ကျစရိတ်တွေကို လျှော့ချပေးနိုင်ကြောင်းသုတေသနစစ်တမ်းတွေက ဖော်ပြပါတယ်။လူနာဘေးကင်းမှု စီမံချက်တွေ တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့်  အမေရိကန် ဆေးရုံတွေမှာ ငါးနှစ်အတွင်း    ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံလောက် သက်သာသွားတာကို တွေ့ကြရပါတယ်။

(၆) ဆေးရုံအတွင်း လူနာအယောက် ၁ဝဝ မှ ၁၄ ဦး (၁၄ ရာခိုင်နှုန်း)ဟာ ဆေးရုံပေါ်ကရတဲ့ ကူးစက်ရောဂါတွေကို ခံစားကြရတယ်။

ယေဘုယျအားဖြင့်  ဆေးရုံထဲမှာ ရှိနေတဲ့ ကူးစက် ဗက်တီးရီးယားပိုးတွေဟာ  ပဋိဇီဝ ဆေးယဉ်ပါးပိုးတွေ ဖြစ်နေတတ်တယ်။ အဲဒီပိုးတွေ ကူးစက်ခံစားကြရပြီ ဆိုရင် ကုသရ ခက်ခဲတတ်ပါတယ်။ ဥရောပသမဂ္ဂနိုင်ငံ များမှာ တစ်နှစ်ကို လူပေါင်း ၃ ဒသမ ၂  သန်းလောက် ဆေးရုံပေါ်က ပိုးတွေ ကူးစက်ခံကြရတယ်။  အဲဒီထဲက လူနာ ၃၇ဝဝဝ ခန့်ဟာ အဲဒီကူးစက်ရောဂါပိုးတွေကြောင့်ပဲ ကွယ်လွန်ခဲ့ကြရပါတယ်။

ဆေးရုံထဲမှာ၊ လူနာဆောင်ထဲမှာ လက်ဆေးရည်ဘူးလေးတွေ နေရာတိုင်းမှာ ချိတ်ဆွဲလို့ ကျန်းမာရေးဝန်ထမ်း၊ လူနာ၊ လူနာစောင့်အားလုံး လက်ခဏခဏ ဆေးတဲ့ အကျင့်ပြုလုပ်ခြင်းဖြင့်  ဆေးရုံ ကူးစက်ရောဂါများကို ထက်ဝက်ထိ  လျှော့ချနိုင်တယ်လို့ သုတေသနများက ဆိုပါတယ်။

(၇)ကမ္ဘာပေါ်မှာ နှစ်စဉ်လူဦးရေ ၁ဝ သိန်းလောက်ဟာ ခွဲစိတ်ကုသမှုကြောင့်  ဖြစ်ရတဲ့ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် သေဆုံး နေကြရတယ်။

ခွဲစိတ်ကုသမှုတွေဟာ ဒီကနေ့အထိ လူနာတွေကို မစွမ်းမသန်ဖြစ်စေနိုင်၊ သေစေနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို  ဖြစ်စေတုန်းလို့ ဆိုပါတယ်။ ခွဲစိတ်ကုသမှုတွေကြောင့် တစ်နှစ်ကို လူနာခုနစ်သန်းလောက် မစွမ်း မသန်ဖြစ်ကြရ၊  ထိခိုက်နစ်နာမှုတွေဖြစ်ကြရပြီး လူတစ်သန်းလောက်  သေဆုံးကြရတယ်လို့ သုတေသနများက ဆိုပါတယ်။ ခွဲစိတ်ကုသလို့ အန္တရာယ်ဖြစ်ကြတယ်ဆိုတဲ့ နေရာမှာ ခွဲစိတ်မှုနဲ့ သက်ဆိုင်တဲ့ အန္တရာယ်နဲ့ မေ့ဆေးကြောင့်ဖြစ်ရတဲ့ အန္တရာယ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ အတွင်း ခွဲစိတ်ကုသမှုကြောင့် ဖြစ်ရတဲ့ ဘေးထွက် ဆိုးကျိုးတွေဟာ သိသိသာသာ ကျဆင်းလာခဲ့တယ် ဆိုပေမယ့် ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေမှာတော့ ဖွံ့ဖြိုးပြီး နိုင်ငံတွေထက် နှစ်ဆ၊ သုံးဆ ပိုများနေတုန်းပဲလို့ ဆိုပါတယ်။

(၈)ရောဂါအမည်တပ် မှားယွင်းတာ၊ ရောဂါရှာဖွေမှု နောက်ကျနေတာတွေဟာ လူနာတွေကို ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်စေနိုင်တယ်။     

အမေရိကန်ပြည်ထောင်စုလို နိုင်ငံမှာတောင် ပြင်ပလူနာ ဌာနများမှာ ရောဂါမှားပြီး ကုသခံရတဲ့   လူနာ ၅ ရာခိုင်နှုန်းလောက် ရှိနေတယ်လို့ ဆိုပါတယ်။သေဆုံးပြီးမှ သုတေသနပြု ခွဲစိတ်ပြီး ရောဂါရှာဖွေတဲ့ သုတေသနများ အရ အမေရိကန် လူနာများရဲ့၁ဝ ရာခိုင်နှုန်းလောက်ဟာ ရောဂါမှားယွင်းပြီး   ကုသခံခဲ့ကြရတယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံက သုတေသန တစ်ခုမှာတော့ ရောဂါမှားယွင်း ကုသမှုက ၃ ဒသမ ၆ ရာခိုင်နှုန်း ရှိတယ်ဆိုပါတယ်။

ပြည့်စုံတဲ့ တိုင်းပြည်တွေမှာပဲ အမှားတွေဖြစ်ကြသလား လို့ မထင်လိုက်ပါနဲ့။   ချို့တဲ့တဲ့ တိုင်းပြည်တွေမှာတော့ စာရင်းဇယား မှတ်တမ်းမရှိလို့  ဘယ်လောက်မှားပြီး ကုနေကြသလဲ မသိနိုင်ကြတာဖြစ်ပါတယ်။

(၉)ဓာတ်ရောင်ခြည် ကင်ဆာကုသစက်များရဲ့ အန္တရာယ်

 ဓာတ်ရောင်ခြည်သင့်မှာကို    လူတိုင်းကြောက်ကြတယ်။ ဓာတ်ရောင်ခြည်တွေဟာ ကင်ဆာရောဂါတွေကို ဖြစ်လာစေနိုင်တယ်။ တစ်ဖက်ကလည်း ကင်ဆာရောဂါများရဲ့ ကုထုံးတွေထဲမှာ ဓာတ်ရောင်ခြည် ကုထုံးကမပါမဖြစ်။ ယနေ့ကမ္ဘာပေါ်က လူသားတွေကို အန္တရာယ် အပေးနိုင်ဆုံး  ဓာတ်ရောင်ခြည် သင့်မှုတွေဟာ ကင်ဆာကုတဲ့ ဓာတ်ရောင်ခြည်စက်ကြီးတွေနဲ့ ဓာတ်မှန်၊ ကွန်ပျူတာ ဓာတ်မှန်စက်ကြီးတွေက တစ်ဆင့် ဖြစ်ရပါတယ်တဲ့။

တစ်နှစ်ကို ကမ္ဘာပေါ်မှာ ဓာတ်မှန်ရိုက်တဲ့ အကြိမ်သန်းပေါင်း ၃၆ဝဝ လောက်ရှိရာမှာ အဲဒီထဲက ၁ဝ ရာခိုင်နှုန်းက ကလေးတွေကို ရိုက်တာဖြစ်ပါတယ်။ အဏုမြူ ပုံရိပ်ဖော်ဌာနက ရိုက်တဲ့ဓာတ်မှန်က   တစ်နှစ်ပျမ်းမျှ အကြိမ်ပေါင်း ၃၇ သန်း၊ ဓာတ်ရောင်ခြည်ကင်ဆာ  စက်ကြီးတွေနဲ့ ကုသတဲ့ အကြိမ်ပေါင်း ၇  ဒသမ ၅ သန်းလောက် ရှိနေပါတယ်။

အဲဒီဓာတ်ရောင်ခြည် ထုတ်လွှင့်စက်မျိုးစုံက  ထွက်လာတဲ့ ရောင်ခြည်တွေကြောင့် လူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ   အန္တရာယ် ရှိစေနိုင်တယ်ဆိုတာကိုလည်း သတိထားမိဖို့ လိုပါတယ်။

''မမှားသော ဆေးသမား''တွေ မဖြစ်ကြရစေဖို့၊ ကျန်းမာရေး ဝန်ထမ်းတွေနဲ့မိဘပြည်သူတွေ သတိထားမိစေဖို့ လူနာများအတွက် ဘေးကင်း လုံခြုံမှုဆိုင်ရာ   အချက်အလက်တွေကို တင်ဆက်လိုက်ရခြင်း ဖြစ်ပါတယ်။ 

ဒေါက်တာ လွှမ်းမိုးဟန်

 

Read 65 times
Rate this item
(0 votes)
Last modified on Thursday, 21 February 2019 09:44