SJ WorldNews - шаблон joomla Авто

အဖြစ်များသည့် အဆုတ်ကင်ဆာနှင့် သတိပြုဖွယ် ဆေးလိပ် အန္တရာယ်

Friday, 22 February 2019 10:23 Written by  font size decrease font size decrease font size increase font size increase font size

ကင်ဆာရောဂါသည်    ကြိုတင်သတိထားမိရန် မလွယ်ကူသော ရောဂါမျိုးဖြစ်သည်။  လူမှန်သမျှ မိမိအလုပ်နှင့်မိမိ နေ့စဉ်လှုပ်ရှား သွားလာနေကြရင်း ပုံမှန်စားချိန်စား၊  အိပ်ချိန်အိပ်နှင့်  နိစ္စဓူဝ ကျင့်သုံးနေကြသည်။

အချို့ဆိုလျှင် ကျန်းမာရေးအတွက် လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ လေကောင်းလေသန့်ရှူခြင်း၊  အိပ်ချိန်၊ စားချိန်မှန်အောင် ဂရုစိုက်ခြင်းများ ရှိနေပါလျက် မမျှော်လင့်သော အချိန်တွင် ကုသ၍မရနိုင်သော ခက်ခဲသော ကင်ဆာရောဂါက  မဖိတ်ခေါ်ဘဲ၊ တံခါးမခေါက်ဘဲ မိမိကိုယ်တွင်း ရောက်ရှိနေပြီကို သိလိုက်ကြရသောအခါ သေမင်းကို မမျှော်လင့်ဘဲ တွေ့လိုက်ရသကဲ့သို့ မင်သက်မိသွားကြရလေသည်။ ထိုသူများသည် မကြာလိုက်သော အချိန်အတွင်းမှာပင်  ကင်ဆာကုသသည့် ဆေးဝါးအမျိုးမျိုး၏  ပြင်းထန်သော ဘေးထွက်ဆိုးကျိုးကို ခံယူပြီးနောက် လပိုင်း၊ နှစ်ပိုင်းအတွင်းမှာပင် မိသားစုနှင့် မိတ်ဆွေများ ရှေ့မှောက်မှ ပျောက်ကွယ်သွားကြရလေသည်။

စာရေးသူ၏မိတ်ဆွေ ကုန်သွယ်ရေးဌာနမှ အရာရှိကြီးတစ်ဦး ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားရသည်ကို  ပြန်လည်အမှတ်ရမိသည်။  ထိုသူသည် လွန်ခဲ့သော နှစ်ပေါင်း ၂ဝ ကျော်ကပင် စာရေးသူ၏ လူနာလည်းဖြစ်  မိသားစုချင်းခင်မင်သော မိတ်ဆွေလည်းဖြစ်သည်။

သူသည် ရိုးဖြောင့်သောသူ တစ်ဦးဖြစ်ပြီး ဥပဓိရုပ်မှာ အသားညိုညိုနှင့်   မသိလျှင်တောသားရုပ် ပေါက်သူတစ်ဦးဖြစ်သည်။ သူ၏ အမူအကျင့်မှာလည်း  ဆေးပေါ့လိပ်ခပ်ကြီးကြီး တစ်လိပ်ကို ဖွာရှိုက်ပြီး  အားလပ်ချိန်တွင်စာဖတ်ကာ အေးအေးလူလူ နေတက်သူတစ်ဦး ဖြစ်သည်။

စာရေးသူသည် ထိုမိတ်ဆွေနှင့် ဆယ်စုနှစ်ကျော် ကွဲကွာသွားပြီးနောက် ပြန်လည်ဆုံတွေ့သောအခါ သူသည် အရာရှိကြီးတစ်ဦး ဖြစ်နေပြီဖြစ်သည်။  သူသည်ပို၍ ဝဖြိုးပြီး ခံ့ညားလာသည်။  သို့သော် သူ့အမူအကျင့်မှာ မပြောင်းလဲ။ ယခင်ကလိုပင်   အသားညိုညိုနှင့် စကားပြောလျှင် မောက်မာခြင်းမရှိ အေးအေးဆေးဆေးပင်ဖြစ်သည်။ ပြောင်းလဲသွားခြင်း မရှိသည်မှာသူ၏ လက်ကြားတွင် ရှေးယခင်ကအတိုင်း ဖက်ဆေးပေါ့လိပ် ကြီးကိုမီးညှိလျက် တွေ့ရခြင်းဖြစ်သည်။

ကင်ဆာရောဂါ၏ ဇာတ်လမ်းအစမှာ ထိုဆေးပေါ့လိပ်ကြီးပင် ဖြစ်မည်ထင်သည်။ ဂေါက်သီးရိုက်ကစားကြရင်း တစ်ခါတစ်ရံ အသက်ရှူမဝ ဖြစ်ဖြစ်လာသဖြင့် ကစားဖော်များတွင် ပါဝင်သော ဆရာဝန်ကြီးတစ်ဦးက  အဆုတ်ကို စစ်ဆေးကြည့်ဖို့ တိုက်တွန်းသည်။ တော်တော်နှင့်မစစ်ဖြစ်။ နောက်ပိုင်းအလုပ်များသည့် အခါတိုင်း အသက်ရှူကျပ် မောလာသဖြင့် အထူးကုဆရာဝန်ကြီး တစ်ဦးနှင့်ပြသပြီး အဆုတ်ကို ဓာတ်မှန်ရိုက် စစ်ဆေးသောအခါ  ဘယ်ဘက်ခြမ်း အဆုတ်အတွင်း သွေးကြောမကြီးအနီးတွင် အကျိတ်ငယ်လေး တစ်ခုတွေ့ရသည်။ သာမန်နေရာတွင်ဆိုလျှင် ထိုအကျိတ်ကို ချက်ချင်းခွဲစိတ် ထုတ်လိုက်နိုင်သော်လည်း သူ၏အကျိတ်မှာ အဆုတ် အတွင်းတွင်ဖြစ်နေခြင်း၊ အဆုတ်သွေးကြောမကြီးနှင့် ကပ်လျက် တည်ရှိနေခြင်းတို့ကြောင့်  ခွဲစိတ်ကုသရန်    မလွယ်ကူကြောင်း ဆရာဝန်ကြီးများက ပြောသည်။

အလုပ်တာဝန် များပြားသောကြောင့် သူ၏အဆုတ်မှ အကျိတ်ငယ်ကို စောစောမကုဖြစ်ခဲ့။ ရုတ်တရက်လည်း ဘာမှမဖြစ်နိုင်ဟုသိသဖြင့် ပေါ့ဆမိခြင်းလည်း ပါသည်။

နောက်ပိုင်း သူဂေါက်သီးရိုက်လျှင် ယခင်ကကိုးကျင်း ရိုက်နိုင်သော်လည်း မောပြီး နှစ်ကျင်းပင် မရိုက်နိုင်တော့သော အခြေအနေသို့ ရောက်လာသည်။ ခွဲစိတ်ကုသရန်လည်း မဖြစ်နိုင်သဖြင့်  အလုပ်ပါးသောအခါ ရက်တိုခွင့်ယူပြီး ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ နာမည်ကြီး ဆေးရုံကြီးတစ်ရုံသို့ သွားရောက်ပြသဖြစ်သည်။ ထိုဆေးရုံကြီးမှ သွေးစစ်ချက်နှင့် သံလိုက်ဓာတ်မှန် အဖြေတို့အရ သူ့အဆုတ်အတွင်းမှ အကျိတ်မှာ  ကျိန်းသေကင်ဆာ အကျိတ် ငယ်ဖြစ်ကြောင်း သိရသည်။  ထိုအကျိတ်ငယ်ကို ကုသရန်အတွက်  ခွဲစိတ်ရန်မလို ကီမိုဆေးသွင်းရုံနှင့် အကျိတ်မှာကျုံ့ပြီး ပျောက်သွားနိုင်သည်ဟု ဆိုသည်။

ထိုအချိန်က   ကီမိုဆေးမှာ ပေါ်ခါစအချိန်ဖြစ်ပြီး ဈေးအလွန်ကြီးသည်။ ဆေးတစ်ပုလင်းလျှင် မြန်မာငွေဖြင့် ကျပ်သိန်းတစ်ရာကျော် ကျသင့်သည်။

အဆုတ်ကင်ဆာ အကျိတ်ငယ် ကိုကီမိုဆေး လေးပုလင်း သွင်းရသည်ဟု ဆိုသည်။ အလုပ်တာဝန်များကြားမှ ဗန်ကောက်သို့ အကြိမ်ကြိမ် အခေါက်ခေါက် သွားလိုက်ပြန်လိုက် လုပ်ရသည်။ ပထမတွင် ထိုအကျိတ်ငယ်သည် သံလိုက်ဓာတ်မှန်တွင် မထင်ရှားတော့။ ပျောက်ကင်းသွားပြီဟုပင်ထင်ရသဖြင့်  မိသားစုများ ဝမ်းသာကြရသည်ဟုဆိုသည်။

စာရေးသူလည်း ထိုသတင်းကိုကြားရသဖြင့် များစွာဝမ်းသာမိသည်။ နိုင်ငံခြားဆေးရုံကြီးများ သွားရောက်ကုသနိုင်သူများအတွက် မပျောက်နိုင်သော ရောဂါမရှိ။

ငွေရှိဖို့သာလိုသည်ဟု တွေးထင်မိသည်။

စာရေးသူ၏ တွေးထင်ချက်မှာ ကြာကြာမခံလိုက်ပါ။ တစ်ရက်တွင် မန္တလေးတွင် ရှိနေသော စာရေးသူထံ ထိုမိတ်ဆွေထံမှ ဖုန်းလာသည်။ သူအသက်ရှူမဝသည့် ရောဂါမှာ မသက်သာကြောင်း ယခုလည်ချောင်း အတွင်းမှ ကျဉ်းသွားသကဲ့သို့ ခံစားရပြီး ထမင်းလုပ်ကိုပင် မျိုမချနိုင်ကြောင်း ထမင်းစားလျှင်တစ်ဇွန်း၏ သုံးပုံတစ်ပုံခန့်ကို ဝင်အောင်ပင် မနည်းမျိုချနေရကြောင်း ပြောသည်။

ဗန်ကောက်ဆေးရုံကြီးကို ပြန်မပြဘူးလားဟု ပြောသောအခါ ဆေးရုံကြီးမှ စစ်ဆေးတွေ့ရှိချက်အရ ကီမိုဆေးအာနိသင်ကြောင့် အဆုတ်အတွင်းမှ အကျိတ်ကျုံ့သွား

သည့် နောက်ဆက်တွဲအနေဖြင့် တစ်ဆက်တည်း ရှိနေသော အစာရေမျိုပြွန်ပါ ကျုံ့သွားသဖြင့် အစာမျိုရခက်ခြင်းဖြစ်ကြောင်းနှင့်  လိုအပ်လျှင် အစာပိုက်ထည့်ပေးမည် ဖြစ်ကြောင်း ပြောရာ ပိုက်မထည့်ချင်သဖြင့် သည်အတိုင်း ပြန်လာခဲ့ခြင်းဖြစ်သည်။ ပါးစပ်နှင့် ဖြည်းဖြည်းဝါးပြီး မျိုချလျှင် ထမင်းတစ်ပန်းကန်ကို တစ်နာရီခန့် ကြာအောင် စားရသည်ဟုဆိုသည်။ ဝဋ်ကြွေးဟုပင်ဆိုရမည်ထင်သည်။

ရေနစ်လျှင်ကောက်ရိုးတစ်မျှင် ဆွဲသည်ဟုဆိုသော စကားအတိုင်း သူ၏လည်ချောင်း အစာမျိုပြွန် ကျဉ်းသွားခြင်းအတွက် မြန်မာတိုင်းရင်းဆေးနှင့် တစ်ဖက်တစ်လမ်းမှ ကုသနိုင်လျှင် ကုသပေးပါရန်  စာရေးသူထံသို့ သူကိုယ်တိုင် ပင်ပြောပြပြီး အကူအညီတောင်းလာသည်။

စာရေးသူသည် တိုင်းရင်းဆေးသိပ္ပံ ဆင်းသောအခါ မန္တလေးတောင်ခြေရှိ တိုင်းရင်းဆေးရုံတွင် အလုပ်သင် ဆရာအဖြစ် ဆင်းရသည်။    ထိုစဉ်က လည်ချောင်းကင်ဆာဟု မဆိုသော်လည်းအစာမျိုမရသည့် ဘုန်းတော်ကြီးတစ်ပါးကို ဆေးရုံတွင် ကုသပေးရဖူးသည်။ 

ထိုဆရာတော်မှာ တိုင်းရင်းဆေးရုံတွင် နှစ်လကျော်ခန့် ကုသပြီးနောက် သက်သာပြီး အစာမျို ရသွားသည့်အပြင် ငုပ်နေသောအသံပါ ပြန်ထွက်လာသည်ကို ပြန်လည်အမှတ်ရမိသည်။ ထိုစဉ်က တိုင်းရင်းဆေးရုံတွင် ဆရာကြီးများဖြစ်ကြသော ဆရာကြီးကျော် (နောင်တိုင်းရင်းဆေး ကောင်စီဝင်)နှင့်   ဆရာကြီး ဦးကျော်စိန်တို့ ပေးသော ဆေးချက်များကို   ပြန်လည်စဉ်းစား ကြည့်မိသည်။

လည်ချောင်းအစာမျိုမရ  အသံဝင်ရောဂါ ရသော ဘုန်းဘုန်းကြီးအတွက် ထိုစဉ်က ဆရာကြီးများပေးသော ဆေးများမှာ ဝံအူမြစ်နှင့် ကြောင်ပန်းရွက်တို့ကို မှတ်မိသည်။  အသံဝင်သော  လည်ချောင်းအသံအိုးနှင့် လည်မျိုအစာရေမျို တစ်လျှောက်ကို ဝံအူမြစ်ကိုသွေးပြီး လိမ်းပေးသည်။ ကြောင်ပန်းရွက်ကို အရည်ညှစ်ပြီး ထိုစဉ်ကကြေးဇွန်းဖြင့် တစ်ကြိမ်တိုက်လျှင် သုံးဇွန်းဖြင့် တစ်နေ့သုံးကြိမ်တိုက်သည်။ ကြောင်ပန်းရွက်ကို ပိတ်စဖြင့်ထုပ်ပြီး ကြပ်ထုပ်ပြုလုပ်ကာ ရေနွေးငွေ့ဖြင့် အငွေ့ခံပြီး  လည်ပင်းတစ်လျှောက် ကြပ်ထုပ် ထိုးပေးသည်။

ဆေးရုံသုံးဆေး အနေဖြင့် နန်းတွင်း လျှာပွတ်ဆေးကြီးကို ပွတ်ပေးသည်ကို အမှတ်ရသည်။

ထိုကဲ့သို့  အမှတ်ရသမျှကို စာရေးသူ၏ မိတ်ဆွေအတွက် ဖုန်းဖြင့်ပြောပြ ညွှန်ကြားသည့်အပြင် မန္တလေးရှိ ပရဆေးဆိုင်များမှ ရှာဖွေဝယ်ယူပြီး ဝံအူမြစ်နှင့် ကြောင်ပန်းရွက်မှာ ပရဆေးဆိုင်များတွင် အခြောက်လှန်းပြီးသားသာ ရသဖြင့် ပြုတ်ပြီး အရည်ကို သောက်ရန်နှင့် အရွက်ခြောက်ကိုပင် ပိတ်စဖြင့်ထုပ်ပြီး ရေနွေးငွေ့ခံ ကြပ်ထုပ်ထိုးပေးရန် ပြောကာ ရန်ကုန်သို့လူကြုံဖြင့် ပို့ပေးလိုက်သည်။

စာရေးသူ၏မိတ်ဆွေ မိသားစုများက အကြောင်းပြန်လာသည်မှာ ပေးပို့လိုက်သည့် ဝံအူမြစ်ကိုကျောက်ပျဉ်ဖြင့် သွေးပြီး တစ်နေ့သုံးကြိမ် လိမ်းပေးသည်။ ကြောင်ပန်းရွက် ပြုတ်ရည်ကိုလည်း ရေနွေးကြမ်းတိုက်သကဲ့သို့ မကြာခဏ တိုက်ပေးသည်။ ကြပ်ထုပ်ပြုလုပ်ပြီးလည်း ထိုးပေးသည်ဟုလည်း ပြောသည်။

ဝမ်းသာစရာကောင်းသည်မှာ စာရေးသူ ပို့ပေးသော ဆေးများဖြင့်ပင် နှစ်ပတ်ကျော်ကြာသောအခါ ယခင်ကထက်ပိုပြီး  သိသိသာသာ အစာမျို၍ ရလာသည်ဟု ဆိုသည်။ မိတ်ဆွေသည် သူ့ကိုယ်သူ အားရှိမှရောဂါဒဏ် ခံနိုင်မည်ဟု ယုံကြည်သဖြင့်   အစာကိုဝင်နိုင်သလောက် ဝင်အောင် ကြိုးစားပြီး စားရှာသည်ဟု သူ၏ ဇနီးကပြောသည်။ ထိုနောက်ပိုင်းတွင် ရက်ချိန်းရှိသဖြင့် သူတို့ဗန်ကောက်ဆေးရုံသို့ သွားရပြန်သည်။ ထို့နောက် ဗန်ကောက်တွင် အတော်ကြာနေရသည်။ ဆေးရုံမှ အဆုတ်ကို အကျိတ်ငယ် ပြန်ဖြစ်လာသည်ဟု မသင်္ကာသဖြင့်  အကြိမ် ၃ဝ ဓာတ်ရောင်ခြည်ဖြင့် ဓာတ်ကင် ကုသရမည်ဆိုသဖြင့်  နောက်ဆုံးဗန်ကောက်တွင်ပင် အိမ်ငှားပြီး နေလိုက်သည်ဟု သိရသည်။

စာရေးသူ၏ မိတ်ဆွေမှာ တစ်နှစ်ကျော် ဆေးကုသမှု ခံယူပြီးနောက် ကွယ်လွန်သွားရသည်။ မကွယ်လွန်မီက လေဖြတ်ကိုယ်တစ်ခြမ်း သေသွားပြီး  လျှာပါစကား မပြောနိုင်ဖြစ်သွားရသည်ဟု စိတ်မကောင်းစရာ သိရသည်။

အဆုတ်တွင် ဓာတ်ကင်ပြီးနောက်မှ ရုတ်တရက် ညာဘက်တစ်ခြမ်း လေဖြတ်သွားသဖြင့် ဦးခေါင်းဓာတ်မှန်ရိုက် စစ်ဆေးသောအခါမှ  ကင်ဆာဆဲလ်များမှာ ဦးနှောက်သို့ ပျံ့နှံ့သွားပြီဖြစ်ကြောင်း သိရသည်ဟုဆိုသည်။ မိတ်ဆွေမှာ  နောက်ဆုံး နိဂုံးမကောင်းခဲ့ပါ။

ဆေးကုသစရိတ် ကုန်ကျငွေမှာလည်း ထိုအချိန်ကပင် သိန်းထောင်ကျော်ဖြစ်သဖြင့်   မိသားစု အတော်ဒုက္ခ ရောက်သွားသည်ဟု သိရသည်။

စာရေးသူမိတ်ဆွေ၏ ဖြစ်စဉ်ကိုပြန်လည် ကောက်ချက်ချရလျှင် မူလတရားခံမှ သူ့ဘဝတစ်လျှောက် စွဲစွဲလမ်းလမ်း သောက်ခဲ့သည့် ဖက်ဆေးပေါ့လိပ် အတုတ်ကြီးကိုပင် မြင်မိသည်။ ဆေးလိပ်သောက်သူတိုင်း အဆုတ်ကင်ဆာ ဖြစ်သည်ဟု မဆိုနိုင်သော်လည်း အဆုတ်ကင်ဆာဖြစ်သူ အတော်များများမှာ  ဆေးလိပ်ကို နှစ်ပေါင်းများစွာ သောက်ခဲ့သူများဖြစ်သည်ဟု   အဆုတ်ဆရာဝန်ကြီးများက ကောက်ချက်ချသည်။

အဆုတ်ကင်ဆာသည်  အဖြစ်အများဆုံး ကင်ဆာတစ်မျိုး ဖြစ်သည်ဟုဆိုသည်။  လေကောင်းလေသန့်ရသော ကျေးလက်တောရွာက  ဆင်းရဲသားများတွင် ဆေးရွက်ကြီးနှင့် လိပ်သော  ဖက်ဆေးပေါ့လိပ်များကြောင့် ဖြစ်ရသည်။ တိုးတက်သော မြို့ကြီးများပေါ်တွင် နေထိုင်သူများတွင် စီးကရက် အလွန်သောက်ခြင်းကြောင့် ဖြစ်နိုင်သကဲ့သို့ အချို့မှာ ဆေးလိပ်သောက်သုံးခြင်း မရှိဘဲ ပတ်ဝန်းကျင်လေထု ညစ်ညမ်းမှုကြောင့် ဖြစ်ရသည်ဟုဆိုသည်။

မြို့ကြီးများတွင် အလွန်ထူထပ်သော ကားအစီးရေ များပြားမှုကြောင့် ထိုကားများ၏ အိတ်ဇောပိုက်မှ ထုတ်လွှတ်သော ကင်ဆာဖြစ်စေနိုင်သည့် ကာဗွန်ကျပ်ခိုး အငွေ့များကို နေ့စဉ်ရှူရှိုက်နေကြရသည်။ ဆေးလိပ် မသောက်သော်လည်း သောက်သူများ မှုတ်ထုတ်သည့် အငွေ့ကို တစ်ဆင့်ခံ ရှူရှိုက်ရသူများမှာလည်း အဆုတ်ကင်ဆာ ဖြစ်နိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် ကျောင်းများ၊ ရုံးများ၊ ဆေးရုံ၊ လေဆိပ် အစရှိသောနေရာများတွင် ဆေးလိပ်မသောက်ရ  ကန့်သတ်သော ဇုန်များအဖြစ် ဥပဒေထုတ် တားမြစ်ထားကြခြင်း ဖြစ်သည်။

ကင်ဆာရောဂါမဖြစ်စေရန် သတိထားရှောင်ရှားကြရမည့် သတိပေးချက်တွင်-

(၁) အဆုတ်အတွက်ဆိုလျှင် ဆေးလိပ်နှင့် ကား အိတ်ဇောအငွေ့များ၊

(၂)  အစာအိမ်အတွက်ဆိုလျှင် ရေခဲရိုက်အစာ၊ အသင့်စား အစားအစာများ၊

(၃) အသည်းအတွက်ဆိုလျှင်  မှိုတက်သော၊ဆိုးဆေးပါသော၊  ရက်လွန်သော၊ မသန့်ရှင်းသော အစားအစာများ၊

(၄) နှလုံးအတွက်ဆိုလျှင် အဆီများသော အစာများ၊  သကြားဓာတ်များသော အစာများ လွန်စွာစားသုံးခြင်း၊

(၅)  ကျောက်ကပ်အတွက် ဆိုလျှင်  မပုပ်မသိုးရန် သုံးသော ဓာတုဆေးများ၊ အငန်၊ အပုပ်ခံ ထားသော အစားအစာများ  စသည်ဖြင့် ရှောင်ကြဉ်စရာများကို သတိထားဆင်ခြင် ရှောင်ကြဉ်ဖို့လိုသည်။  ကင်ဆာရောဂါဟူသည်  တစ်နေ့တစ်ရက် အနေအထိုင်၊ အစားအသောက် မှားရုံဖြင့်မဖြစ်။ သတိကင်းမဲ့စွာ   နှစ်ရှည်လများ စားသောက်   နေထိုင်ခဲ့သည် များကြောင့်ဖြစ်နိုင်သည်ကို   သတိပြုအပ်ပေသည်။   

ကြည်လွင်မြင့် (မုဒြာ)

Read 98 times
Rate this item
(0 votes)
Last modified on Friday, 22 February 2019 10:24