SJ WorldNews - шаблон joomla Авто

သွေးဆာနေတဲ့ပန်း သို့မဟုတ် ကင်ဆာ

Tuesday, 26 February 2019 10:01 Written by  font size decrease font size decrease font size increase font size increase font size

စာရေးသူတာဝန်ယူထားသော ကျေးလက်ကျန်းမာရေး ဦးစီးဌာနသို့ လက်ကမ်းစာစောင်လေး လက်ထဲရောက်ရှိလာပါတယ်။ ဖတ်ကြည့်တော့ ''ကင်ဆာ ဂရုပြုပါ၊ မိမိကိုယ်ကို ဂရုစိုက်ပါ''ဆိုတဲ့ စာတန်းလေးကို စာရွက်အပေါ်ဆုံး ဘယ်ဘက်မှာ ရေးပြထားတယ်။

စာစောင်လေးရဲ့ ညာဘက်ထောင့်မှာ  ဆက်ရေးပြထားပါတယ်။''စောစောတွေ့လေ၊ ကုသပျောက်ကင်းနိုင်လေ''ပါပဲတဲ့။ဘယ်ရောဂါပဲဖြစ်ဖြစ်  စောစောသိအောင် ဂရုစိုက်နေရပါမယ်။ဒါမှ ပျောက်ကင်းနိုင်စွမ်းဟာ မြင့်မား လာမှာဖြစ်ပါတယ်။  ဥပမာပြောရရင်ရင်သားကင်ဆာဆိုရင် (အဆင့် ၁ နဲ့ ၂)   ကုသပြီးရင် နောက်ငါးနှစ်အတွင်း လူနာ အသက်ရှင်နှုန်း ၉၉-၁ဝဝ ရာခိုင်နှုန်း၊  ဆီးကျိတ်ကင်ဆာ ဆိုရင်  ၉၉  ရာခိုင်နှုန်း၊ သိုင်းရွိုက်ဂလင်း ကင်ဆာ ၉၈ ရာခိုင်နှုန်း၊ ဝှေးစေ့ကင်ဆာ ၉၅ ဒသမ ၁ ရာခိုင်နှုန်း၊ အရေပြားကင်ဆာ ၉၁ ဒသမ ၇ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။ ရာနှုန်းပြည့် ကုသပျောက်ကင်းနိုင်တာကို တွေ့ရပါတယ်။

ဒီလိုမျိုးစောစောတွေ့နိုင်ဖို့ ဆိုတာလည်း ပုံမှန်ကျန်းမာရေး စမ်းသပ်စစ်ဆေးမှု ခံယူဖို့ ဆက်လက်တိုက်တွန်းထားပါတယ်။ အဲဒီနောက် အရေးကြီးတဲ့ အချက်နှစ်ချက်ကို ရေးပြထားပါတယ်။ ''ရောဂါပျိုးစတွင် ရောဂါအများစုမှာ လက္ခဏာပြလေ့ မရှိပါ၊ လက္ခဏာ မရှိသော်လည်း အဆင့်စောစော တွေ့ရှိရန်   ဆရာဝန်နှင့်  ပုံမှန်ပြသ တိုင်ပင် ဆေးစစ်ပါ''တဲ့။ ရောဂါပျိုးစအချိန်မှာ ရောဂါလက္ခဏာတွေ မပြဘဲ လက္ခဏာတွေ ပေါ်လာတဲ့ အချိန်မှာတော့  ရောဂါအဆင့်က လွန်နေတတ်ပါတယ်။ကင်ဆာဆေးသွင်း၊ ဓာတ်ကင်ရုံနဲ့ မရတော့ပါဘူး။ ဖြတ်လို့တောက်လို့ ရသေးရင် ဖြတ်ရတောက်ရတတ်ပါတယ်။ ဒါမှမဟုတ် ကုသမှုကို လက်လျှော့လိုက်ရတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင် ပါတယ်။

စာစောင်လေးရဲ့တစ်ဖက်မှာ သံသယဖြစ်ဖွယ် လက္ခဏာများဆိုပြီး      ရှင်းပြထား ပါသေးတယ်။ ဒါလေးတွေ တွေ့ရရင် ကင်ဆာလားဆိုပြီး သတိထားဖို့ပေါ့။

''ဆီး၊ဝမ်း အလေ့အထ ပြောင်းခြင်း၊  သွေးပါခြင်း'' လို့ ပထမဆုံး သတိပေးထားပါတယ်။ ဆေးလောကသားတွေ ကတော့ Bowel Habit ပြောင်းသွားသလားလို့ သိမှာပေါ့။

နံနက်တိုင်း သွားနေကျဝမ်းဟာ  အချိန်ပြောင်းသွားတာ၊ အကြိမ်ပြောင်းသွားတာ၊ အရောင်ပြောင်းသွားတာ၊ အပျော့အမာ ပြောင်းသွားတာ စသည်ဖြင့်ပေါ့လေ ချဲ့တွေးသင့်ပါတယ်။ အရေးကြီးတာကတော့ ဆီး၊ဝမ်းထဲ သွေးပါခြင်း ပါပဲ။ ဒါဟာ ဆီးအိမ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊  အူမကြီးကင်ဆာတွေ ဖြစ်နေတတ်ပါတယ်။    နောက်ပြီး ဆီးသွားတဲ့အခါ ပြဿနာတွေ ရှိနေတတ်ပါတယ်။ ဆီးခဏခဏ သွားရတာ၊ ဆီးမထိန်းနိုင်တာ၊ ဆီးလုံးသေးသွားတာ၊ ဆီးကို ညှစ်ပေါက်ရတာတွေဟာ ဆီးကျိတ်ရောင်(BPH= Benign Prostate Hypertrophy) ကြောင့်လည်း ဖြစ်နိုင်သလို ဆီးကျိတ်ကင်ဆာ (Ca Prostate) ကြောင့်လည်း ဖြစ်နေတတ်ပါတယ်။

နောက်ပြီး အနာ၊ အနာစိမ်းများ အလွယ်တကူ မကျက်ခြင်းကို သတိပေးထားပါတယ်။  အရေပြားကင်ဆာမှာ ကုသဖို့ခက်ခဲတဲ့ အဖုအကျိတ်တွေ ထွက်လာတတ်တယ်၊ အရေပြားအရောင် ပြောင်းလဲလာတတ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့လို့    ပျောက်ခဲတဲ့ အနာတွေ ရှိနေပြီဆိုရင် ကိုယ့်မှာ ဆီးချိုရှိနေလား၊ ကင်ဆာရှိနေလားလို့ ကွဲပြားအောင် ကျန်းမာရေး ဝန်ထမ်းတွေနဲ့  ပြသစစ်ဆေးသင့်ပါတယ်။

နောက်တစ်ခုက ပုံမှန်မဟုတ်သောသွေးဆင်းခြင်း၊ အဖြူဆင်းခြင်းကလည်း အရေးကြီးကြောင်း တင်ပြထားပါတယ်။ အရွယ်ရောက်ပြီး သွေးမဆုံးသေးတဲ့ အမျိုးသမီးတွေဟာ   ဓမ္မတာရာသီသွေး မှန်နေရပါမယ်။   အချို့တားဆေး သုံးစွဲတဲ့သူတွေက လွဲလို့ပေါ့။ ဒီလိုပုံမှန်လာနေရမယ့် ရာသီသွေးဟာ ပုံမှန်မဆင်းတာ၊ ခဏခဏဆင်းတာဟာ သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ပြီးတော့   သွေးဆုံးချိန် ရောက်လို့ သွေးဆုံးပြီးမှ သွေးပြန်ပေါ်လာတာဟာလည်း ဂရုပြုရမယ့် လက္ခဏာဖြစ်ပါသတဲ့။

ပုံမှန်မဟုတ်သော အလုံး၊အကျိတ် တွေ့ရှိခြင်းကိုလည်း ဖော်ပြပေးထားပါတယ်။ ပြန်ရည်ကျိတ်တွေဟာ လည်ပင်းတို့၊ ချိုင်းကြားတို့၊ ပေါင်ခြံကြားတို့ နေရာတော်တော်များများမှာ ရှိနှင့်ပြီးသားပါပဲ။ သွေးပြန်ကြောထဲ ပြန်မရောက်နိုင်တဲ့ ဆဲလ်အရည်တွေ၊ ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကို  စုဆောင်းပေးရတဲ့ အဖွဲ့အစည်းလို့ ဆိုပါတယ်။  

ဒီအကျိတ်ကလေးတွေဟာ  သာမန်အားဖြင့်   ရှိမှန်း မသိအောင် သေးငယ်ပါတယ်။   ရောဂါတစ်ခုခုဖြစ်ပြီ ဆိုမှ ရောင်ရမ်းလာတတ်ပါတယ်။ ဥပမာ ခြေထောက်မှာ အနာပေါက်လို့ ပေါင်မွေးခုသလို၊ အဆုတ်တီဘီဖြစ်ရင် လည်ပင်းအကျိတ်တွေ ထွက်သလိုပေါ့။    အဲသလို အောက်ခံရောဂါမရှိဘဲ ရင်သားမှာ အကျိတ်တွေ ထွက်လာရင်၊ ချိုင်းကြား အကျိတ်တွေကြီးလာရင် ရင်သားကင်ဆာ ဖြစ်နေတတ်ပါတယ်။ လင်ဖိုးမားလို့ခေါ်တဲ့ လင့်ကျိတ်ကင်ဆာ၊ လူကီးမီးယားလို့ခေါ်တဲ့  သွေးကင်ဆာတွေမှာလည်း အကျိတ်ကလေးတွေ ပေါ်လာတတ်ပါတယ်။

အမြဲတစေ အစာမကြေခြင်း၊   အစာနင်ခြင်းတဲ့။ ကျွန်တော်တို့ဖြင့်   အစာမကြေတာကို တွေးမကြောက်တတ်ပါဘူး။  ဖြစ်လေ့ဖြစ်ထလို့ပဲ ဘာသိဘာသာ နေတတ်ကြပါတယ်။ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အစာရေမျိုပြွန် ကင်ဆာတွေမှာ လည်ချောင်းထဲ တစ်ဆို့ဆို့ ဖြစ်နေတတ်ပါသတဲ့။  ဒါကြောင့်  အစာနင်တာတွေ ဖြစ်ပေါ်တတ်ပါတယ်။  အစာစားပြီးတိုင်း အစာမကြေဖြစ်ရင်၊ မကြာခဏ ဗိုက်အောင့်နေရင် အစာအိမ် ကင်ဆာများလားလို့ သံသယဖြစ်ရမယ်လို့ ဆိုပါတယ်။

နောက်တစ်ခုက  ပုံမှန်မဟုတ်သောမှဲ့၊  အသားပို သိသာစွာ ပြောင်းလဲခြင်းလို့ ရေးထားပါတယ်။ အရေပြားပေါ်မှာ (အထူးသဖြင့် ကျောကုန်း၊ ဦးရေပြား၊  ဝှေးစေ့ အရေပြား၊ ခြေချောင်းကြားတွေမှာ)အရောင်ရင့်ပြီး အရွယ်ကြီးတဲ့ အဖုတွေ၊   အသားဖတ်တွေ ထွက်လာရင် ကင်ဆာသံသယ ရှိရမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အစက်တွေ၊ အမှတ်တွေ ပေါ်လာရင်လည်း သတိပြုရမယ်တဲ့။

မိဘမျိုးရိုးထဲမှာ ကင်ဆာဖြစ်ဖူးရင်လည်း ပိုပြီး သတိထားသင့်ပါတယ်။

နာတာရှည်ချောင်းဆိုးခြင်း၊   အသံပြောင်းခြင်းကလည်း  ကင်ဆာ သံသယထဲမှာ ပါပါသတဲ့။  ဆေးလိပ်သောက်တဲ့သူလည်း ဖြစ်မယ်၊ ချောင်းဆိုးသွေးပါ လာတယ်ဆိုရင်  သံသယကြီးကြီး ထားသင့်တယ်လို့ ဆိုပါတယ်။ ဒါဟာ အဆုတ်ကင်ဆာ၊ လည်ချောင်းကင်ဆာ ဖြစ်နိုင်ခြေရှိပါတယ်။ မကြာခဏ အဆုတ်ရောင်၊ အဆုတ်ပွဖြစ်တာ၊ အသက်ရှူမဝသလို ခံစားနေရတာတွေကလည်း ကင်ဆာတွေရဲ့ ရှေ့ပြေး လက္ခဏာတွေဖြစ်ပါတယ်။

အထက်ပါ     သံသယ လက္ခဏာ တစ်ခုခုရှိလာရင် ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ပြသတိုင်ပင်သင့်ပါတယ်။

ကာကွယ်ခြင်းဟာ ကုသခြင်းထက် ကောင်းပါတယ်။ လူပန်း၊  ငွေပန်းစတဲ့  ပင်ပန်းမှုတွေမရှိနိုင်တော့ပါဘူး။ ဒါကြောင့် ကင်ဆာကာကွယ်ရန် ဆိုပြီး ဆေးလိပ်၊ ဆေးရွက်ကြီး၊ အရက်၊ ကွမ်းယာရှောင်ဖို့၊ အသည်းရောင် ဘီပိုး ကာကွယ်ဆေးထိုးဖို့၊ သားအိမ်ခေါင်းဗိုင်းရပ်ပိုး ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းထားပါတယ်။ ကာကွယ်ဆေးထိုးပြီး ကင်ဆာရောဂါ အချို့ကို ကာကွယ်နိုင်ပါတယ်။ အသည်းရောင်ဘီပိုး ကြောင့် သည်းရောင်ရာက အသည်းကျုံ့တာ၊ အသည်းကင်ဆာ အဆင့်ထိ ရောဂါဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် ဘီပိုး ကာကွယ်ဆေး ထိုးထားသင့်ပါတယ်။

သားအိမ်ခေါင်းကင်ဆာဟာ Human Papilloma Virus (HPV) ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။   လိင်ဆက်ဆံမှု မစသေးခင်   ကာကွယ်ဆေး ထိုးထားသင့်ပါတယ်။ အသက် ကိုးနှစ်၊ ၁၄ နှစ်အရွယ်တွေကို နှစ်ကြိမ် (ပထမအကြိမ် ထိုးပြီးနောက် ခြောက်လအကြာမှာ ဒုတိယအကြိမ်)၊ အသက် ၁၅ နှစ်ကျော်တဲ့ မိန်းကလေးတွေကို သုံးကြိမ် (ပထမအကြိမ်ထိုးပြီး တစ်လအကြာမှာ ဒုတိယအကြိမ်၊ နောက် ပထမအကြိမ်ထိုးပြီး ခြောက်လအကြာမှာ တတိယအကြိမ်) ထိုးရမှာဖြစ်ပါတယ်။

ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချဖို့ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာ စားသောက်တတ်ဖို့ လိုပါတယ်။ ဟင်းသီးဟင်းရွက်၊ အသီးအနှံ လတ်လတ်ဆတ်ဆတ်တွေ စားပေးရပါမယ်။ ငါးကို ပိုစားပေးဖို့လိုပါတယ်။ အဆီ၊ အချိုလျှော့စားရပါမယ်။

အချို့သောအစားအစာတွေက စားချင်လာအောင်၊ စားကောင်းအောင် အနံ့တု၊ အချိုတု၊ အရောင်တုတွေနဲ့ ဖန်တီးထားတာဖြစ်ပါတယ်။ ကြော်လှော်ထားတဲ့ အကြော်တွေမှာ အငန်၊ ဟင်းချိုမှုန့်တွေအပြင် ဆေးလိပ်ငွေ့မှာ ပါတဲ့ Acrylamide ဓာတ်တွေလည်း ပါတယ်လို့ ဆိုကြပါတယ်။ အဲဒီဓာတ်က    ကင်ဆာဖြစ်စေပါတယ်။

ဖြူဖွေးအောင် ပြုပြင်ထားတဲ့ သကြားနုတွေ၊ ဆိုဒါတွေကလည်း  ကင်ဆာဆဲလ်တွေကို   ပွားများစေတတ်ပါတယ်။

ပြောင်းဖူးပေါက်ပေါက် ပြုလုပ်ရာမှာ သုံးတဲ့ ပြုပြင်ထားတဲ့ ထောပတ်အဆီနဲ့ Perfluorooctanoic Acid က လည်း  ကင်ဆာဖြစ်စေတတ်ပါတယ်။  ပြုပြင်ထားတဲ့ အသားတွေနဲ့ လုပ်ထားတဲ့ကြက်အူချောင်း၊ ဟော့ဒေါ့တွေကလည်း ပန်ကရိယ ကင်ဆာဖြစ်နိုင်ခြေ ၆၇ ရာခိုင်နှုန်း အထိ ပိုတိုးလာနိုင်စေပါတယ်။ အချိုလျှော့၊ အဆီလျှော့ချ

ဖို့ အလွယ်ပြုပြင်ထားတဲ့  Diet Food တွေကလည်း ကင်ဆာဖြစ်စေနိုင်ပါသတဲ့။ ပိုးသတ်ဆေး၊ ဓာတုဗေဒ အားဆေးဖျန်းထားတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ဖြူဖွေးအောင် ချွတ်ထားတဲ့ ဂျုံမှုန့်တွေ စားသုံးမိရင်လည်း ကင်ဆာဖြစ်လာစေပါတယ်။ ဒါကြောင့်  စားတဲ့အစာဟာ အားဖြစ်စေရုံမက အမှားမဖြစ်အောင်   ဆင်ခြင် သုံးသပ်နေရမှာ ဖြစ်ပါတယ်။ လျှာကိုအလို မလိုက်သင့်ပါဘူး။

နေ့စဉ်နာရီဝက်လောက် ပုံမှန်ကိုယ်လက် လှုပ်ရှားသင့်ပါတယ်။ အချို့က တစ်နေကုန် အလုပ်လုပ်ထားတာပဲ၊ ထပ်ပြီးလေ့ကျင့်ခန်း လုပ်စရာမလိုဘူးလို့ ထင်နေကြပါတယ်။  ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်မှသာ တစ်ကိုယ်လုံးက အကြောတွေပြေ၊ သွေးလေညီညွတ်မှာ ဖြစ်ပါတယ်။ ကာယပိုင်းသာမက တရားထိုင်ခြင်း စတဲ့ စိတ်လေ့ကျင့်ခန်းတွေလည်း   လေ့ကျင့်ပေးရမယ်လို့ ဆိုပါတယ်။ဒါမှ  လောကဓံလှိုင်း ပုတ်ခတ်မှုတွေကို ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေကိုလည်း လျှော့ချနိုင်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ရှိအောင် ထိန်းထားသင့်ပါတယ်။ အဝလွန်ခြင်းဟာ ရောဂါ တော်တော်များများကို ဖိတ်ခေါ်နေသလိုပါပဲ။သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကင်ဆာရောဂါတွေလည်း  ဖြစ်နိုင်ခြေ မြင့်တက် လာပါတယ်။ ဒါကြောင့် မပိန်လွန်း၊ မဝလွန်းတဲ့ကိုယ်အလေးချိန် ရှိအောင် ထိန်းထားရပါမယ်။

နောက်ပြီး အဲဒီလက်ကမ်း စာစောင်ထဲမှာ ကင်ဆာလေးမျိုးကိုပဲ ရေးပြထားပါတယ်။   ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ခံတွင်းကင်ဆာ၊ အူမကြီးနဲ့ အစာဟောင်းအိမ် ကင်ဆာတို့ပဲဖြစ်ပါတယ်။   ရင်သားကင်ဆာမှာ အမျိုးသမီးတိုင်း အသက် ၂ဝ မှအစပြု၍ မိမိရင်သားကိုမိမိ တစ်လတစ်ကြိမ် ပုံမှန်ကြည့်ရှု စမ်းသပ်ပေးရမယ်လို့ ပြောထားပါတယ်။  

ကြည့်ရှုတဲ့အခါမယ် မှန်တွင်းမှ   မိမိရင်သားကို အရွယ်အစား၊   ပုံသဏ္ဌာန်ပြောင်းလဲခြင်း၊ အရေပြား အရောင်ပြောင်းခြင်း၊ ရှုံ့၍ချိုင့်ဝင်ခြင်းရှိ၊မရှိ သေချာ ကြည့်ဖို့လိုပါတယ်။နို့သီးခေါင်း  အတွင်းသို့ ချိုင့်ဝင်ခြင်းရှိ၊မရှိ ကြည့်ဖို့လို့ ပါတယ်။  နို့သီးခေါင်း တစ်ဖက်စီကို   သွေးထွက်ခြင်း၊ အရည်ထွက်ခြင်း ရှိ၊မရှိ   ညှစ်ကြည့်ရမယ်လို့ ပြောပါတယ်။နောက် စမ်းသပ်တဲ့အခါ သက်သောင့်သက်သာ ပက်လက်လှန် အိပ်ပြီး ရင်သားတစ်ဖက်စီနဲ့ ချိုင်းတွင်းအကျိတ် ရှိ၊ မရှိ စမ်းသပ်ရမှာပါ။ ရင်သားပတ်ပတ်လည်မှာ လက်ချောင်းများနဲ့ ခရုပတ်ပုံအတိုင်း တဖြည်းဖြည်း စမ်းသပ်ပေးရမယ်လို့လည်း ရေးသားထားပါတယ်။

သားအိမ်ခေါင်းကင်ဆာအကြောင်း ပြောပြတဲ့အခါ အသက် ၃ဝ နှစ်မှ ၆၅ နှစ်ကြား အိမ်ထောင်ရှိ အမျိုးသမီးများ၊  လိင်ဆက်ဆံဖူးသူ အမျိုးသမီးများ  သုံးနှစ်လျှင် တစ်ကြိမ် သားအိမ်ခေါင်းစစ်ဆေးမှု ပုံမှန်ခံယူဖို့ တိုက်တွန်းထားပါတယ်။ ကြွက်နို့ဗိုင်းရပ်(HPV)ရောဂါပိုး ကူးစက်ခြင်းကြောင့် ဖြစ်ပေါ်လာတာဖြစ်ပြီး ကြိုတင်စစ်ဆေး ကုသမှု ခံယူမယ်ဆိုရင် ကင်ဆာအဆင့် မရောက်ခင် ကာကွယ်နိုင်ပါသတဲ့။ အဲဒီဗိုင်းရပ်ပိုး ကူးစက်ခံရချိန်မှ ကင်ဆာအဆင့် ရောက်ရှိရန် ပျှမ်းမျှ ၁ဝ နှစ်ကနေ ၁၅ နှစ်အထိ ကြာမြင့်နိုင်တယ်လို့ ရှင်းပြပေးထားပါတယ်။

ခံတွင်းထဲမှာရှိတဲ့ လျှာ၊ သွားဖုံး၊ ပါးစောင်၊ အာခေါင်တွေမှာ ဂွမ်းနဲ့ဖယ်ရှားပေမယ့် မရတဲ့ အဖြူကွက်၊ အနီကွက်တွေ ဖြစ်လာတယ်ဆိုရင်၊ ပါးစောင်အတွင်းသား မာကျောလာတယ်၊ မေးရိုးလှုပ်ရှားရာမှာ ခက်ခဲလာတယ် ဆိုရင် ကင်ဆာအကြိုအဆင့်ဖြစ်နိုင်တာကြောင့် အချိန်မီခံတွင်းစစ်ဆေးကုသမှု ခံယူသင့်ပါသတဲ့။

မိသားစုထဲမှာ အူလမ်းကြောင်းအသားပို၊ ကင်ဆာဖြစ်ဖူးသူ ရှိတယ်ဆိုရင်ဆရာဝန်နဲ့တိုင်ပင်ပြီး  ဝမ်းနဲ့အူလမ်းကြောင်း ကြိုတင်စစ်ဆေးမှု ခံယူရပါမယ်။ အသက် ၄၅ နှစ်အထက်လူတိုင်း  ဝမ်းနဲ့အူလမ်းကြောင်း   ပုံမှန်စစ်ဆေးနေဖို့ လိုပါတယ်။

ကင်ဆာလက်ကမ်း စာစောင်လေးထဲမှာတော့ အဓိက အချက်လေးတွေပဲ တင်ပြထားတာပါ။ ကျွန်တော်ကတော့ ပိုပြီးနားလည် သဘောပေါက်အောင် ကိုယ်တွေ့ကြုံရတဲ့ အချက်အလက်ကလေးတွေ ဖြည့်စွက် တင်ပြထားပါတယ်။ 

မည်သည့်ရောဂါမဆို ကြိုတင်ကာကွယ်မှုနဲ့ အနိုင်ယူနိုင်ကြပါစေ ခင်ဗျား။  

ဇော်သစ်ကြည်

Read 217 times
Rate this item
(0 votes)
Last modified on Tuesday, 26 February 2019 10:06