SJ WorldNews - шаблон joomla Авто

ကွမ်းယာနှင့် ခံတွင်းကင်ဆာ

Wednesday, 27 February 2019 10:31 Written by  font size decrease font size decrease font size increase font size increase font size

ကွမ်းစားတဲ့ နိုင်ငံတွေပြုစုသမျှမှာ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ မြန်မာ၊ ဘူတန်နိုင်ငံလောက်ပဲ ရှိတယ်။ သည်နိုင်ငံတွေက လွဲရင် မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ထိုင်း အနည်းငယ် စားကြပါတယ်။

ခံတွင်းကင်ဆာဟာ ကမ္ဘာကိုခြိမ်းခြောက်နေတဲ့ ကင်ဆာရောဂါထဲမှာ အဆင့် ၁၁ ရှိပြီး ကင်ဆာရောဂါကြောင့် သေဆုံးမှုတွေမှာ အဆင့်၆ နေရာ ရပ်တည်နေပါတယ်။နှစ်စဉ်ခံတွင်း ကင်ဆာ လူနာသစ် ၄ဝ၅ဝဝ တိုးပွားနေကာ သုံးပုံနှစ်ပုံမှာ မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ခံတွင်းကင်ဆာဟာ အမျိုးသားတွေမှာ အဆင့် ၆၊အမျိုးသမီးတွေမှာ အဆင့် ၁ဝ ရပ်တည်နေတယ်။ ခံတွင်းကင်ဆာ သတ်မှတ်ခံရပြီး ငါးနှစ်အသက်ရှင်မှုဟာ ၂ဝ ရာခိုင်နှုန်းသာ ရှိသောကြောင့် အသေအပျောက် များလှတဲ့ ကင်ဆာရောဂါပဲဖြစ်ပါတယ်။

ခံတွင်းကင်ဆာဖြစ်ပွားရတဲ့ အကြောင်းရင်းတွေက ဆေးငုံခြင်း၊ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်းတို့ ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ ယင်းအချက်တွေကြောင့် ကင်ဆာဖြစ်ပွားမှု ၈ဝ ရာခိုင်နှုန်းမှ ၉ဝ ရာခိုင်နှုန်း ဖြစ်နေတယ်။ အရက်အလွန်အကျွံ သောက်သုံးခြင်းက ဝေဒနာရှင်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းမှ ၈ဝ ရာခိုင်နှုန်းထိ ရှိနေတယ်။ နေရောင်ထိတွေ့မှုများခြင်းမှာ နေရောင်ခြည်ဟာ နှုတ်ခမ်းအပြင်သား ကင်ဆာဖြစ်စေတဲ့ အဓိကအကြောင်းရင်း ဖြစ်တယ်။   ပူစပ်သော အစာများများစားသုံးခြင်း၊ ငရုတ်ကောင်း၊ ငရုတ်သီး လွန်ကြူးစွာ စားသုံးသူတွေမှာ ခံတွင်းကင်ဆာရှိတယ်။အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အမျှင်များတဲ့အစာ နေ့စဉ်စားသုံးမှု နည်းပါးခြင်း၊ ဗီတာမင်အေ၊ စီ၊ အီးနဲ့သံဓာတ်ကြွယ်ဝတဲ့ အစားစားသုံးမှု နည်းပါးရင် ခံတွင်းကင်ဆာ ဖြစ်နိုင်ပါတယ်။ အချို့ဗိုင်းရပ် HPV-Human Papilloma Virus ဟာ ခံတွင်းကင်ဆာနဲ့ ဆက်စပ်နေတယ်။ မျိုးရိုးဗီဇကြောင့် အဘိုးအဘွား၊ မိဘ၊ ညီအစ်ကိုမောင်နှမတွေမှာ ဖြစ်ရင်ဖြစ်နိုင်ခြေ ပိုများနိုင်ပါတယ်။ ထိခိုက်ရှနာ အမျိုးမျိုး ဥပမာ- သွားကျိုးပဲ့နေခြင်း၊ ချွန်နေခြင်း၊ ရှနေခြင်းများ၊ တပ်ဆင်ဖို့မသင့်တော့တဲ့ ကျိုးပဲ့နေတဲ့ အံကပ်၊ အံကပ်ချိတ်များ၊ သွားဖာထားတဲ့နေရာက ကျိုးပဲ့ရှနေတာမျိုး၊ ကျိုးပဲ့ပျက်စီးကာရှနေတဲ့ အသေစိုက် သွားတုတွေမှာ (Crown & Bridge) ဂရုမစိုက် မပြင်ခဲ့ရင် ခံတွင်းကင်ဆာဖြစ်နိုင်ပါတယ်။

ကွမ်းယာမှာ ပါဝင်တဲ့အမယ်ထဲမှ ကင်ဆာဖြစ်စေတဲ့ ဓာတ်ပစ္စည်း (carcenogen)များ ရှိပါတယ်။ ဆေးရွက်ကြီးမှာ ကင်ဆာဓာတ်ကွမ်းသီးထဲမှာ Arecoline, Areuidine,Guvacine  တို့ပါဝင်နေလို့ ခံတွင်းကင်ဆာ ဖြစ်ပွားစေနိုင်သလို ပိုပြီးပြန့်ပွားစေပါတယ်။ ''ရှားဆေး''ကလည်း ခံတွင်းကို ပူလောင်စေရုံမက ကင်ဆာဖြစ်ပွားမှုကို ဆိုးဝါးပျံ့နှံ့စေပါတယ်။ ထုံးမှာ ခံတွင်းကို ကျိန်းစပ်စေခြင်း၊ထုံးပေါက်ခြင်း၊ လောင်စေခြင်းတို့အပြင် ပျော့ပျောင်းနေတဲ့ ခံတွင်းသားကို တင်းမာလာစေတယ်။ ကွမ်းယာနဲ့အရက်ကို တွဲဖက်သုံးစွဲလေ့ ရှိသူတွေမှာအရက်က   ကင်ဆာဖြစ်ပွားစေတဲ့ ဓာတုပစ္စည်းတွေ ခံတွင်းအတွင်းက စုပ်ယူနိုင်မှု ပိုမိုအားကောင်းစေပါတယ်။

ကွမ်းစားဆေးအမျိုးမျိုးအရ အစစ်အမျိုးမျိုး၊ ဓာတုဆိုးဆေးနဲ့ မွှေးရနံ့ထည့်ကာ သုံးစွဲလာကြတယ်။ကွမ်းယာ လွန်လွန်ကဲကဲ စားသုံးလို့ ခံတွင်းကင်ဆာဖြစ်နှုန်း သိသာစွာ မြင့်လာပါတယ်။

ခံတွင်းကင်ဆာရဲ့ ကြိုတင်လက္ခဏာတွေက ရက်သတ္တပတ်နှင့် တစ်ပတ်ကျော်ကြာတဲ့အထိ ပျောက်ကင်းခြင်းမရှိဘဲ ခံတွင်း အတွင်းသားအနာများ ရှိခြင်း၊ လျှာ၊ လျှာခေါင်း၊ ပါးစောင်၊ အာခေါင်၊ သွားဖုံး  စတဲ့နေရာတွေ မှာ ကင်ဆာအကြိုအနာအဖြစ် သံသယဖြစ်ဖွယ် မလိုင်ဖတ်လို အဖြူရောင် သို့မဟုတ် အနီရောင်အလွှာတွေ ကပ်ငြိနေခြင်း၊ ခြင်ထောင်''ဇာ''လိုအကွက်များ ခံတွင်းအတွင်းပေါ်လာခြင်း၊ မူလက ပျော့ပျောင်းနေတဲ့ ခံတွင်း အတွင်းသားတွေ တင်းမာလာခြင်း၊ အရောင်ပြောင်းလာခြင်း၊ ဖြူလာခြင်း၊ ပါးစပ်ကို မူလလောက် မဟနိုင်တော့ခြင်း၊   ပါးစောင်အတွင်းသားတွေမှာ အလုံးအကျိတ် စမ်းမိခြင်း၊ ခံတွင်းထဲမှာ အနာတစ်ခုခု ရှိနေပြီး မေးရိုးအောက် တစ်လျှောက်နဲ့ လည်ပင်းအရှေ့ပိုင်း တစ်လျှောက်မှညှပ်ရိုးအထိ လက်နဲ့စမ်းကြည့်ရာမှာ အလုံးအကျိတ် စမ်းမိခြင်း၊ အခြားအကြောင်းမရှိဘဲ အစာ၊ ရေမျိုချရာမှာ နာကျင်ခြင်း၊ ခက်ခဲခြင်း၊ အနာမကျက်ခြင်းတို့ ပါဝင်ပါတယ်။

မိသားစုဆရာဝန်မှ တစ်ဆင့် ကင်ဆာအထူးကု သမားတော်တွေနဲ့ပြသသင့်ပါတယ်။ ကုသမှုနည်းလမ်းတွေ၊ လူနာရဲ့ကင်ဆာ အရွယ်အစား၊ ပျံ့နှံ့မှုပမာဏ၊ အသက်ဆွေးနွေး တွက်ချက်ကာ တစ်မျိုးထက်ပိုတဲ့ ကုသမှုကို အသုံးပြုပါတယ်။ ခွဲစိတ်ကုသခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း၊ ဓာတ်ရောင်ခြည်ပေးကုသခြင်း တစ်နည်းထက် ပိုမိုပေါင်းစပ် ကုသခြင်း (Multi Modality Therapy) တို့ဖြစ်ပါတယ်။ဘေးထွက်ဆိုးကျိုး ရှိပါတယ်။

 ကင်ဆာကုသရာမှာ ကုန်ကျစရိတ်များခြင်း၊ အချိန်ကြာမြင့်စွာ ကုသမှု ခံယူရခြင်း၊ အောင်မြင်စွာကုသပေးပြီး ရောဂါပျောက်ကင်းတဲ့ အခြေအနေမျိုးမှာ မေးရိုးနဲ့ခံတွင်း အင်္ဂါအချို့ ခွဲစိတ်ဖြတ်တောက်ရသလို ကင်ဆာဆေးသွင်းခြင်း၊ ဓာတ်ရောင်ခြည်ပေး ကုသခြင်းတို့အထိ ပါဝင်ရလို့ ဆေးရဲ့ဘေးထွက်ဆိုးကျိုး များလှပါတယ်။ အချိန်ပေး ပြုစုစောင့်ရှောက်ရလို့ မိသားစုဝန်ထုပ်ဝန်ပိုး ဖြစ်ရတယ်။ ကိုယ်နေ့စဉ် လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဝင်ငွေရလမ်းတွေ ဆောင်ရွက်နိုင်ခြင်း မရှိတော့လို့ မိသားစုဝင်ငွေနည်းလာကာ စီးပွားရေးကိုလည်း ထိခိုက်စေပါတယ်။

ကွမ်းသမားတွေဟာ အချိန်ကြာကြာပါးစောင်မှာ ကွမ်းငုံခြင်း၊ ဆေးငုံခြင်း ဓလေ့တွေက ကင်ဆာဆဲလ်တွေ တိုးပွားနေစေသလိုဖြစ်နေတယ်။ ဆေးရွက်မှာပါတဲ့ နီကိုတင်းကြောင့် ကွမ်းယာကိုစွဲလမ်းကာ  ဖြတ်မရဖြစ်နေရပါတယ်။

သွားနဲ့သွားဖုံး ကွမ်းချိုးစွဲထင်ကာ အရွယ်ရင့်စေတယ်။ ဥပဓိရုပ် ကျဆင်းစေနိုင်တယ်။ ကွမ်းမှာပါတဲ့ ဆေးရွက်ကြီးကြောင့် ကွမ်းကိုဖြတ်ရခက်ခဲလာတယ်။ ကွမ်းစားလို့ ကင်ဆာရောဂါဖြစ်စေတယ်။သည်အတွက် ကုန်ကျမှု များလာတယ်။ နောင်တမရအောင် ကွမ်းယာကို ရှောင်သင့်ပြီဖြစ်ပါတယ်။         

ဒေါက်တာလွင်သန့်

Read 217 times
Rate this item
(0 votes)
Last modified on Wednesday, 27 February 2019 10:32