SJ WorldNews - шаблон joomla Авто

လက်နှင့်လက်ချောင်းလေးများ ထုံကျဉ် ကိုက်ခဲခြင်း

Thursday, 28 February 2019 11:56 Written by  font size decrease font size decrease font size increase font size increase font size

ဦးနှောက်နှင့် ဗဟိုအာရုံကြောမကြီးတို့၏ အပြင်ဘက်တွင် ရှိသော အာရုံကြော ဖိညပ်ခံရသဖြင့် ခံစားရသောလက်ကောက်ဝတ်၊ လက်နှင့်လက်ချောင်းလေးများ ထုံကျဉ်ကိုက်ခဲခြင်းသည် အဖြစ်အများဆုံး အကြောအဆစ် ဝေဒနာတစ်မျိုးဖြစ်သည်။

လူဦးရေစုစုပေါင်း၏  ၄ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း အထိ ခံစားနေကြရပြီး  အသက် ၄၅ နှစ်နှင့် ၅၉ နှစ် အကြားတွင် အဖြစ်များလေသည်။ ဝေဒနာရှင်အားလုံး အနက်  ၇၅  ရာခိုင်နှုန်းမှာ   အမျိုးသမီးများဖြစ်ကြသည်။ အသက် ၇၅ နှစ်နှင့် အထက်ရှိသော အသက်ကြီးသူများတွင်   ဤအမျိုးအစား ဝေဒနာခံစားရသော အမျိုးသားအရေအတွက်မှာ  ၂၅  ရာခိုင်နှုန်းမှ  ၃၆ ရာခိုင်နှုန်းအထိ   များပြားလာသည်ဟု သုတေသီများဆိုထားသည်။

တိတိကျကျဆိုရသော် လက်ဖဝါးဘက်အခြမ်းရှိ လက်ကောက်ဝတ်အတွင်းတွင် မီဒီယမ်အမည်ရှိ အာရုံကြောအား ဖိညပ်ရာမှ ဖြစ်လာရခြင်းဖြစ်သည်။ ယင်းအာရုံကြောသည် လက်မောင်းတစ်လျှောက် ဆင်းလာလျက် လက်ကောက်ဝတ်ရှိ လိုဏ်ဂူသဏ္ဌာန်နေရာ ကျဉ်းကျဉ်းလေး၌ သွေးကြောများ၊ ကြွက်သားကြောများနှင့် ဘေးချင်းယှဉ်လျက် ပေါင်းဆုံမိကြ၏။ အကြောင်းတစ်စုံတစ်ရာကြောင့် ထိုနေရာတွင် ရောင်ရမ်းမှုဖြစ်လာသောအခါ အာရုံကြောအား ဖိညပ်မိကာ  ဝေဒနာခံစားရတော့သည်။

ဝေဒနာဖြစ်စတွင် စနစ်တကျ ကုသမှုရယူခြင်း မရှိက တဖြည်းဖြည်း ဆိုးရွားလာတတ်သည်။ လက်ကိုပုံမှန် အသုံးပြုရန် ခက်ခဲလာသည်။ ဝေဒနာက နေ့ရောညပါ ဒုက္ခပေးနိုင်သည်။လက်နှင့်လက်ချောင်းလေးများ ထုံကျဉ် ကိုက်ခဲခြင်းကို ဖြစ်စေသော အကြောင်းရင်း အတော်များများကို သေချာမသိရဟု ဆိုသည်။ မည်သို့ဆိုစေ ပုံမမှန်သည့် လက်ကောက်ဝတ်အထားနှင့် လက်ချောင်း လှုပ်ရှားမှုများအပေါ် မကြာခဏဆိုသလို မတန်တဆ ဝန်ပိစေခြင်းတို့သည် အဓိက အကြောင်းတစ်ရပ်ဖြစ်နေလေသည်။ ဥပမာ- ကိရိယာများ၏ တုန်ခါမှုများနှင့် လက်ကိုကြိမ်ဖန်များစွာ ထပ်တလဲလဲကြာရှည် အသုံးပြုခြင်းမျိုးများ ဖြစ်ကြသည်။

ယနေ့ခေတ်ကာလကဲ့သို့ ကွန်ပျူတာနှင့် လက်ကိုင်ဖုန်းများကို နေ့စဉ်ဆိုသလို  အခါမလပ်  တွင်တွင်ကျယ်ကျယ် အသုံးပြုကြခြင်းနှင့်  စက်ရုံအလုပ်ရုံများ တွင်လည်း လက်ကိုတစ်သမတ်တည်း ကြာရှည် အသုံးပြုနေကြခြင်း တို့ကြောင့် လက်နှင့်လက်ချောင်းလေးများ ထုံကျဉ်ကိုက်ခဲရခြင်း ဖြစ်စေနိုင်သည်။

အခြားဖြစ်စေနိုင်သော အကြောင်းခြင်းရာအချို့

- လက်ကောက်ဝတ် အကြောမျက်ခြင်းနှင့်အရိုးကျိုးခြင်း၊

- လက်ကောက်ဝတ်နှင့် လက်ရှိကြွက်သားကြောများ ရောင်ရမ်းခြင်း၊

- ကိုယ်ဝန်ဆောင်ခြင်း၊ သွေးဆုံးခြင်းနှင့် သိုင်းရွိုက် ရောဂါအစရှိသော ဇီဝဖြစ်စဉ်နှင့် ဟော်မုန်းသဘာဝတို့ ပြောင်းလဲခြင်း၊

- မကြာခဏဒဏ်ဖြစ်ရာမှ လက်ကောက်ဝတ် အတွင်း အမာရွတ်ဖြစ်ခြင်း၊ အဆစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်ခြင်း၊

တွေ့ရှိရတတ်သော ဝေဒနာလက္ခဏာများ

-  လက်ဖဝါးဘက်ရှိ လက်နှင့်လက်ချောင်းလေးများ နာခြင်း၊ ပူခြင်း၊ ကျဉ်ခြင်း၊ ထုံခြင်း၊

- လက်ဖျံအထိ တက်ပြီးနာခြင်း၊

- သေးငယ်သော ပစ္စည်းများကို ကောက်ယူရန်နှင့် ကိုင်တွယ်ရန် ခက်ခဲခြင်း၊

- လက်၏ ဆုတ်အား ယုတ်လျော့ခြင်း၊

- လက်အန်သေခြင်း

- ကြာလာသောအခါ လက်မအရင်း နေရာတွင် ကြွက်သားသိမ်(သေး)လာခြင်း၊

- ကြွက်သားရုန်းဆွဲခြင်း၊

ရှောင်ရန် ဆောင်ရန်များ

-  လက်ကောက်ဝတ်ကို ဆန့်ဆန့်ထားပြီး အလုပ်လုပ်ပါ၊

- လိုအပ်ပါက လက်ကောက်ဝတ်ထိန်း ဝတ်ပါ၊

- လက်ကောက်ဝတ်ကို ကြိမ်ဖန်များစွာ ထပ်တလဲလဲကွေးဆန့်ခြင်းကို ရှောင်ပါ၊

-လက်ကို အသုံးပြုတိုင်း လက်နှင့် လက်ကောက်ဝတ် အနေအထားတို့ မှန်ကန်စွာရှိပါစေ၊

- လက်ကောက်ဝတ်၊ လက်နှင့် လက်ချောင်းလေးများအား ဝန်ပိမှုနည်းပါးစေရန် စီစဉ်လုပ်ကိုင်သည့် အလေ့အကျင့်မွေးမြူပါ။ ဥပမာ-မကြာခဏ အနားပေးခြင်း၊

- အလုပ်တစ်ဖြတ်ပြီးတိုင်း လက်နှင့်လက်ချောင်းများကို ၁ မိနစ် ၂ မိနစ်ခန့် ညင်သာစွာ နှိပ်နယ်ပေးပါ၊

- ဝေဒနာခံစားလာရပြီဆိုက ညအိပ်ရာမဝင်မီ ရေနွေးဇလုံတွင် ၁ဝ မိနစ်ခန့် စိမ်ပေးနိုင်သည်၊

- ဝေဒနာဖြစ်လာက ဆရာဝန် သို့မဟုတ် Physiotherapist  ခေါ် အကြောအဆစ်ကု ပညာရှင်နှင့် စောစီးစွာ ပြသတိုင်ပင်လျက် ကုသမှုခံယူပါ၊

- လက်ကိုလှုပ်ရှား လေ့ကျင့်ပေးပါ။

အကြောအဆစ်ကုသမှု

အရိုးခွဲစိတ်အထူးကု ဆရာဝန်နှင့် ခွဲစိတ်ကုသရန် မလိုသော လူနာများအနေဖြင့် ဆရာဝန် ညွှန်ကြားသည့်ဆေးများသောက်ခြင်း သို့မဟုတ် ဆေးရုံဆေးခန်းများရှိ Physiotherapist  ခေါ် အကြောအဆစ်ကု ပညာရှင်များနှင့် ကုသမှုများ ခံယူနိုင်ကြလေသည်။ အာရုံကြောဖိညပ် ခံရသဖြင့် လက်ကောက်ဝတ်၊ လက်နှင့်လက်ချောင်းလေးများ ထုံကျဉ်ကိုက်ခဲခြင်း ခံစားနေရသော လူနာများကို အောက်ပါအကြောအဆစ် ကုသမှုများ ပြုလုပ်ပေးလေ့ရှိသည်။

- အသံလွန်လှိုင်းစက်ဖြင့် ကုသပေးခြင်း၊

- နာကျင်မှု သက်သာစေရန် လျှပ်စစ်ဓာတ်ဖြင့် နှိုးဆွ ကုသပေးခြင်း၊

- လက်ကို အကြောဖြေလျှော့ပေးခြင်း၊

- ကြွက်သားသန်စွမ်းခြင်းဖြစ်စေရန် လှုပ်ရှားလေ့ကျင့်နည်းများ သင်ကြားပြသပေးခြင်း၊

- လက်အသုံးပြုခြင်းနှင့် အနေအထား မှန်ကန်မှု ရှိစေရန် ပညာပေးလမ်းညွှန်ခြင်း၊

- နေ့အခါနှင့်ညပိုင်းတို့တွင် ဝတ်ထားရန် သင့်တော်သော လက်ကောက်ဝတ်ထိန်းများ စီစဉ်ပေးခြင်း။ 

တင်မောင်အေး (ကန့်ဘလူ)

Read 232 times
Rate this item
(0 votes)
Last modified on Thursday, 28 February 2019 11:57