SJ WorldNews - шаблон joomla Авто

အိုစောမဖြစ်ဖို့ ရှောင်ကြဆောင်ကြစို့

Friday, 01 March 2019 10:12 Written by  font size decrease font size decrease font size increase font size increase font size

လူ၊ တိရစ္ဆာန်၊ သစ်ပင် စတဲ့ သက်ရှိအရာအားလုံး အသက်အရွယ် ကြီးလာခြင်းနှင့် အိုမင်းရင့်ရော်မှု ဖြစ်စဉ်ကို တားဆီး၍ မရနိုင်တာ လောကဓမ္မတာပါ။ အသက်တစ်နှစ် ပိုကြီးလာသည်နှင့်အမျှ ခန္ဓာကိုယ်၏ ဇီဝကမ္မ ဖြစ်စဉ်တွေပြောင်းလဲလာပြီး အရေပြားမှာ အစိုဓာတ်ဆုံးရှုံးကာ အသားအရေ ထိခိုက်ပျက်စီး လွယ်လာပါတော့တယ်။သို့သော် မစိုးရိမ်ပါနှင့်။ ကောင်းမွန်မှန်ကန်သော အနေအထိုင်၊ အစားအသောက်နှင့် အပြုသဘောဆောင်သည့် စိတ်နေသဘောထားများက အိုမင်းခြင်းနိယာမကို  အတန်ငယ် နှောင့်နှေးစေပါတယ်။

အောက်ဖော်ပြပါ ရိုးရှင်းလွယ်ကူသော သဘာဝ နည်းလမ်းလေးများဖြင့် အိုစောမဖြစ်စေဖို့ ရှောင်နိုင် ဆောင်နိုင်ကြပါစေရန် အကြံပြုလိုပါတယ်။

ရေဝဝသောက်ပါ

လူ့ခန္ဓာကိုယ်တစ်ခုလုံးကို ရေဓာတ် ၆ဝ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားပါတယ်။ အိပ်ပျော်နေချိန်မှလွဲ၍ ကျန်သော အချိန်များတွင် သွားလာလှုပ်ရှား နေရသဖြင့် ကုန်ခန်းသွားသော ရေဓာတ်ကို အချိန်မီပြန်လည် ဖြည့်တင်းနိုင်ဖို့ အထူးလိုအပ်ပါတယ်။ အရွယ်ရောက်ပြီးသူတိုင်း တစ်နေ့လျှင် သောက်ရေသန့် ရှစ်ဖန်ခွက်ထက်မနည်း သောက်ပေးသင့်ပါတယ်။ ခန္ဓာကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်းများတွင် ရေအလုံအလောက်ရှိနေမှသာ အစာခြေလမ်းကြောင်း တစ်လျှောက် ချောမွေ့စွာ ဖြတ်သန်းချေဖျက် နိုင်ပါလိမ့်မယ်။ ခန္ဓာကိုယ်တွင်း ရေဓာတ်ပြည့်ဝနေမှ သာလျှင် ကိုယ်ထဲမှ မလိုလားအပ်သော အဆိပ်အတောက်များကို ဆီး၊ ဝမ်း၊ သွေး၊ လေ စသည့်ဓာတ်ကြီး(၄)ပါးအပြင် ချွေးအဖြစ် စွန့်ထုတ်နိုင်၍ ဓာတ်သဘာဝ မျှတစေတာကြောင့် အသားအရေစိုပြည်ကောင်းမွန်ကာ အရွယ်တင် နုပျိုလာစေမှာဖြစ်ပါတယ်။

အိပ်ရေးဝဝအိပ်ပါ

ကျန်းမာရေး သုတေသီများ၏ အဆိုအမိန့်အရ လူတစ်ယောက်အတွက် အကောင်းဆုံး အိပ်ရာဝင်ချိန်ဟာ ည ၉ နာရီဖြစ်သင့်ပြီး တစ်ညတာလုံး အတွက် အိပ်စက်အနားယူ ကြာမြင့်ချိန်ဟာ အနည်းဆုံး ခုနစ်နာရီမှ ရှစ်နာရီ ဖြစ်သင့်ကြောင်း သိရပါတယ်။အိပ်ရေးမဝပါက အက်စထရိုဂျင်ဟော်မုန်းများ ထွက်ရှိလာပြီး အစားများများ စားမိကာ အဝလွန်ခြင်း၊ အိပ်ရေးပျက်၍ စိတ်မရွှင်လန်းခြင်း၊ စိတ်သွားတိုင်း ကိုယ်မပါခြင်း၊ အသားအရေ ပျော့တွဲလာခြင်း၊   အသားအရေပေါ်တွင်  အမည်းစက်ပြောက်များ ပေါ်လာခြင်း၊ မျက်ဝန်းတစ်ဝိုက် အရေးအကြောင်းများ ဖြစ်လွယ်ခြင်း၊ မှတ်ဉာဏ်အား ကျဆင်းခြင်း စသည့် အကြိုဇရာရောဂါများနှင့် မလွဲမသွေ ရင်ဆိုင် ရနိုင်ပါတယ်။

စိတ်ဖိစီးမှုများလျှော့ချပါ

လူသားတိုင်း အနည်းနဲ့အများဆိုသလို စိတ်ဖိစီးမှုတွေ ရှိကြစမြဲပါ။ စိတ်ဖိစီးခြင်းက အရွယ်မတိုင်မီ စောစောစီးစီး အိုမင်းခြင်းနှင့် တိုက်ရိုက် ဆက်နွှယ်နေပါတယ်။ စိတ်ဖိစီးမှု ဖြစ်လာသည်နှင့်အမျှ ခန္ဓာကိုယ်မှ ဟော်မုန်းထွက်ရှိမှု ပုံစံမမှန်တော့ဘဲ ဟော်မုန်းမညီမျှခြင်း၊ ဆဲလ်များ  ကောင်းစွာ မတည်ဆောက်နိုင်တော့ခြင်း၊ ကော်လာဂျင်ဓာတ်များ ဖောက်ပြန်ခြင်း တို့ကြောင့် အချိန်တိုအတွင်းမှာပင် ဇရာဖိစီး၍ အရွယ်ကျလာစေပါတယ်။

မိမိ၏ပျော်ရွှင်မှု၊ အားငယ်မှု၊ ဝမ်းနည်းမှုများကို မိမိစိတ်ကသာလျှင် မိမိကိုယ်တိုင် ခံယူဖြစ်တည်နေသည့်အတွက် စိတ်ဖိစီးမှု လျော့ပါးသက်သာအောင် ကာယကံရှင် ကိုယ်တိုင်သာ ကြိုးစားဖြေလျှော့ ပေးရမှာပါ။

သီချင်းဖွင့်၍လိုက်ဆိုခြင်း၊ ကခုန်ခြင်း၊ ကလေးငယ်များကို ချော့မြူခြင်း၊ အိမ်မွေးတိရစ္ဆာန်များဖြင့်   အချိန်ကုန်ခြင်း၊   လေ့ကျင့်ခန်းလုပ်ခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ ဆံပင်ပုံစံပြောင်းလဲခြင်း၊  ခရီးထွက်ခြင်း၊ ခင်မင်ရင်းနှီးသူထံတွင် ခံစားချက် ဖွင့်ဟပြောဆိုခြင်း၊ သစ်ပင်စိုက်ခြင်း၊ အိမ်ခန်း သန့်ရှင်းရေး လုပ်ခြင်း၊ အိမ်တွင်းပရိဘောဂ ပစ္စည်းများကို နေရာအရွှေ့အပြောင်း လုပ်ခြင်း၊ ယောဂကျင့်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်း၊ တရားထိုင်ခြင်း စသည့် နည်းလမ်းကောင်း များက  သွေးလည်ပတ်မှု အားကောင်းစေသလို   စိတ်ဖိစီးမှုတွေ လျော့ကျစေမည့်အပြင် မမြင်နိုင်သော စိတ်စွမ်းအား တစ်မျိုးကိုပါ ရရှိစေမှာဖြစ်ပါတယ်။

မျက်နှာကိုအစာကျွေးပါ

ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ ဗီတာမင်စီ၊ ဗီတာမင်အီးတို့က အသားအရေကို တင်းရင်းစေကာ ကြည်လင်ချောမွေ့စေပါတယ်။ ၎င်းဓာတ်များပါသော လိုးရှင်း၊ ကရင်မ်၊ မိတ်ကပ်တို့ကို ရွေးချယ်လိမ်းပေးသင့်ပါတယ်။ သို့သော် အလှပြင်ပစ္စည်းများကို တာရှည်ခံအောင် ဓာတုပစ္စည်းများနှင့် ဖန်တီးပြုပြင် ထုတ်လုပ်ထားသဖြင့် အနည်းနှင့်အများဆိုသလို အသားအရေကို ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေပါတယ်။ ပျမ်းမျှအမျိုးသမီး ၁ဝ ဦးလျှင် ရှစ်ဦးခန့်က နံနက်ပိုင်း မိတ်ကပ်လိမ်းပြီးနောက် ညနေရေချိုးသည့်အခါ မျက်နှာသစ်ဆပ်ပြာဖြင့် ရေချိုးသန့်စင်ရုံလောက်သာ ပြုလေ့ရှိပါတယ်။ ယခုလို ပုံမှန် မျက်နှာဆေးကြောရုံမျှဖြင့် မိတ်ကပ်ကြေးညှော်များ ၁ဝဝ ရာခိုင်နှုန်းပြည့် မစင်ကြယ်နိုင်ပေ။ ထိုဓလေ့ဖြင့် ရက်ရှည်လများ ကြာသောအခါ မိတ်ကပ် အဆိပ်တက်ပြီး မျက်နှာပေါ်တွင် အမည်းစက်နှင့် အရေးကြောင်းများ ပေါ်လာနိုင်ပါတယ်။

ဒါကြောင့် ရက်သတ္တပတ်လျှင် တစ်ကြိမ်လောက် သဘာဝလတ်လတ်ဆတ်ဆတ် သစ်သီးလေးတွေဖြင့် မျက်နှာပေါင်းတင် သင့်ပါတယ်။ ဥပမာ သင်္ဘောသီးထဲရှိ ပက်ပင်အင်ဇိုင်းဓာတ်က အသားအရေခြောက်သွေ့ခြင်းနှင့် အမည်းရောင် အစက်အပြောက်တွေကို ဖယ်ရှားပေးပါတယ်။ စတော်ဘယ်ရီသီးထဲရှိ ဘီတာကယ်ရိုတင်းနှင့် ဗီတာမင်အေတို့က  အသားအရေကို ပြန်လည်ကောင်းမွန်လာအောင် ပြုပြင်ပေးပါတယ်။ ရှားစောင်းလက်ပပ်ပင်၏ ဂျယ်လီအနှစ်တွေက မျက်နှာပေါ်က အရေးအကြောင်းတွေကို လျော့ပါးသက်သာစေကာ အသားအရေကို နုပျိုစေပါတယ်။

လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ

လေ့ကျင့်ခန်းမှန်မှန် လုပ်ဖို့ မပျင်းရိပါနှင့်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ခြင်းက မှန်ကန်သော ဘဝနေထိုင်နည်းဖြစ်သလို ကျန်းမာရေးအတွက် အကောင်းဆုံး သဘာဝကုထုံး တစ်မျိုးလည်းဖြစ်ပါတယ်။လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် သွေးလည်ပတ်မှု အားကောင်းစေကာ ဦးနှောက်၊နှလုံး၊ အဆုတ်တို့ကို ပုံမှန်အလုပ်လုပ်စေသည့်အပြင် အသားအရေ သိပ်သည်းကျစ်လျစ်ပြီး သက်လုံ ကောင်းစေတာကြောင့်  အရွယ်တင်နုပျို လာစေပါတယ်။ စက်ပစ္စည်း အကူအညီများဖြင့် အထူးတလည် လေ့ကျင့်ခန်း မယူနိုင်သူများဟာ လမ်းမြန်မြန်လျှောက်ခြင်း သို့မဟုတ် နေ့စဉ်လှုပ်ရှား သွားလာမှုကို  လေ့ကျင့်ခန်းဆန်ဆန် ခပ်သွက်သွက် လှုပ်ရှားသွားလာခြင်း၊ အထိုင်လျှော့၍  မကြာခဏ မတ်တတ်ထရပ်ခြင်း  စသည့် အလေ့အကျင့်ကောင်းများကို  ကြိုးစားအားထုတ်ပါ။

အစာလည်းဆေး ဆေးလည်းအစာ

အသားစားမကျူးပါနှင့်။  အသား၊ ငါး၊  အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များနှင့် လတ်လတ်ဆတ်ဆတ် သဘာဝသစ်သီးဝလံတို့ကို မျှမျှတတ တစ်လှည့်စီစားပေးပါ။  အထူးသဖြင့် အမျှင်ဓာတ် များများပါကာ  အရည်ရွှမ်းသော အော်ဂဲနစ်ဟင်းရွက်များနှင့် သစ်သီးတွေက ရောဂါတော်တော်များများကို ဘေးဥပဒ်ကင်းဝေးစွာ သဘာဝကျကျ တိုက်ထုတ်ပေးနိုင်ပါတယ်။

ထို့ပြင် ၎င်းတို့ကိုစားသုံးခြင်းဖြင့် သက်ရှည် ကျန်းမာစေသော ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများကို အလုံအလောက် ခံစားရနိုင်ပါတယ်။ 

ပေါက်ပေါက်

Read 109 times
Rate this item
(0 votes)
Last modified on Friday, 01 March 2019 10:13