SJ WorldNews - шаблон joomla Авто

အချိန်ပြည့်စောင့်ကြည့်ရမည့်ဝက်သက်ရောဂါ

Sunday, 03 March 2019 10:31 Written by  font size decrease font size decrease font size increase font size increase font size

ဝက်သက်ရောဂါသည် ချောင်းဆိုးခြင်း၊ နှာချေခြင်းမှတစ်ဆင့် အဓိကကူးစက်တတ်ပြီး နှာခေါင်းနှင့်လည်ချောင်းတို့မှ ထွက်ရှိသော အရည်များကို ထိတွေ့မိခြင်း၊ လူနာနှင့်အနီးကပ်ထိတွေ့နေထိုင်ခြင်းတို့မှတစ်ဆင့် ကူးစက်ပြန့်ပွားနိုင်သည်။ မြန်မာနိုင်ငံ၌ ပြီးခဲ့သည့် ၂ဝ၁၁-၂ဝ၁၂ ခုနှစ်များတွင် တစ်ကြိမ်၊ ၂ဝ၁၃ ခုနှစ်တွင် အသက် ၁၈ နှစ်မှ ၂ဝ ခန့်အသက်အုပ်စု များ၌ ဝက်သက်ရောဂါကပ် အသွင်ဖြစ်ပွားမှု၁၅ ကြိမ်ရှိခဲ့ပြီး နယ်စပ်ဒေသ၊ ကာကွယ်ဆေးထိုးနှံမှု အားနည်းခဲ့သော ဒေသများ၌ ဖြစ်ပွားသေဆုံးမှုများပင် ရှိခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်အတွင်းက မြန်မာနိုင်ငံတွင် ဝက်သက်နှင့်ဂျိုက်သိုးရောဂါ ကပ်ရောဂါအသွင်ဖြစ်နိုင်ခြေရှိခြင်းကြောင့် ရောဂါကာကွယ်ဆေးများကို တစ်နိုင်ငံလုံး၌ အစုလိုက်တစ်ပြိုင်နက် ထိုးနှံပေးခဲ့သည်။ ကာကွယ်ဆေးကို ကျောင်းအခြေပြုနှင့် ပြည်သူလူထုက အခြေပြုကာကွယ်ဆေးထိုး အစီအစဉ်နှင့် နှစ်ရပ်ခွဲ၍ ထိုးနှံပေးခဲ့ပြီး ကျောင်းအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ် ကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နှင့် ၂၇ ရက်အထိ အသက်ငါးနှစ်မှ ၁၅ နှစ်အကြားကလေးငယ်များတွင် ထိုးနှံပေးခဲ့သည်။ ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်ကို ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၈ ရက်အထိ အသက်ကိုးလမှ ငါးနှစ်အကြား ကလေးငယ်များနှင့် ပထမအကြိမ်တွင် ဆေးထိုးရန် ကျန်ရှိသောကလေး များအားလုံးကို ထိုးနှံပေးခဲ့သည်။ ကျောင်းအခြေပြုကာကွယ်ဆေးထိုး အစီအစဉ်တွင် အစိုးရ၊ ပုဂ္ဂလိက၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများတွင် တက်ရောက်နေသော (ကျောင်းအပ်စာရင်းသွင်းထားသော) မူလတန်း၊ အလယ်တန်း၊ အထက်တန်းများမှ ကျောင်းသားများအနက် အသက် ၁၅ နှစ်မကျော်သော (၁၅ နှစ်တင်းတင်း ပြည့်သူအပါအဝင်)ကျောင်းသူ၊ ကျောင်းသားများကို ကာကွယ်ဆေးထိုးနှံ ပေးခဲ့ပြီး ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်တွင် လူထုအတွင်းရှိ အသက်ကိုးလမှ ၁၅ နှစ်အထိ ကျောင်းမနေသော ကလေးများနှင့် ကျောင်းအခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်တွင် ကာကွယ်ဆေး မထိုးလိုက်ရဘဲ ကျန်ခဲ့သောကလေးများကို အစုလိုက်ကာကွယ် ဆေးထိုးနှံပေးခဲ့သည်။ ရန်ကုန်တိုင်း ဒေသကြီးရှိ ဝက်သက်ရောဂါအဖြစ်များသော မြို့နယ်ခုနစ်မြို့နယ်၌ ဖေဖော်ဝါရီ ၁၇ ရက်တွင် အသက်ကိုးလမှ ၁၅ နှစ်အရွယ်ကလေးများကို ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ သိရသည်။ ဝက်သက်ရောဂါ အဖြစ်များသည့် မြို့နယ်များဖြစ်သည့် လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့ရှိ ကျန်းမာရေး ဌာနများနှင့် ရပ်ကွက်အတွင်း စုရပ်နေရာများ၌ ကာကွယ်ဆေးထိုး ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေး ထိုးလုပ်ငန်းမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာအောင်နိုင်ဦးက ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြောဆိုသည်။ ၂ဝ၁၆ ခုနှစ်က လှိုင်သာယာမြို့နယ်တွင် ဝက်သက်ရောဂါ အစုလိုက် ဖြစ်ပွားခဲ့သည့်အတွက်ကြောင့် ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီတွင် တွံတေးမြို့နယ်၊ အင်းစိန်မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် သာကေတမြို့နယ်တို့ ပါဝင်သည့် ငါးမြို့နယ်၌ ကာကွယ်ဆေးအထူးစီမံချက် အနေဖြင့် ထိုးနှံပေးခဲ့သည်။ ဝက်သက်ရောဂါသည် ဗိုင်းရပ်ပိုးကြောင့် ဖြစ်ပြီး အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ကူးစက်မြန်သော ရောဂါဖြစ်ကြောင်း သိရသည်။ ''ဝက်သက်ကာကွယ်ဆေးက ပုံမှန်လည်း ထိုးပေးနေတာဖြစ်တယ်။ အဖြစ်များတဲ့ ခုနစ်မြို့နယ်မှာ အပိုဆောင်းထပ်တိုးတာဖြစ်တယ်။ ကလေးအမေနဲ့ အုပ်ထိန်းသူတွေက ကျန်းမာရေး ဝန်ထမ်းတွေ ထိုးပေးနေတဲ့ အချိန်မှာ လိုလိုချင်ချင်နဲ့ကလေးများကို ကာကွယ်ဆေးလာရောက် ထိုးနှံဖို့လိုပါတယ်။ လိုလိုချင်ချင်နဲ့ ကာကွယ်ဆေး လာထိုးကြပါ''ဟု ၎င်းက ပြောဆိုသည်။ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် နိုဝင်ဘာနှင့် ဒီဇင်ဘာတွင် ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ပြီး ဝက်သက်ရောဂါဖြစ်ပွားမှုမှာ ၂ဝ၁၈ ခုနှစ် တစ်နှစ်လုံးတွင် ၁၂၇၆ ဦးရှိနေပြီဖြစ်ကြောင်း သိရသည်။ အဓိကအားဖြင့် ယခင်ထိုးနှံစဉ်က ဓာတ်မတည့်မှုမျိုး၊ ကျန်းမာရေးမကောင်းသော ကလေးများကိုသာ ကာကွယ်ဆေးထိုးပေးမည် မဟုတ်ဘဲ ကျန်သည့်ကလေးများ ကာကွယ်ဆေးထိုးနှံနိုင်ကြောင်း ဒေါက်တာ အောင်နိုင်ဦးက ပြောဆိုသည်။ ၂ဝ၁၆ ခုနှစ် သြဂုတ်လအတွင်းကလည်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ဝက်သက်ရောဂါ အစုလိုက်ဖြစ်ပွားခဲ့ပြီး ကျန်းမာရေးဌာနက ရက်ပိုင်းအတွင်း ကာကွယ်ဆေးထိုးခြင်းကို အရေးပေါ်အစီအစဉ်ဖြင့်   လုပ်ဆောင်ခဲ့ရသည်။ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်များရှိ ကျေးရွာများတွင် ဝက်သက်ရောဂါအစုလိုက် ဖြစ်ပွားခဲ့ခြင်းကြောင့် လူသေဆုံးမှုများပင် ရှိခဲ့သည်ဟု သိရသည်။ နာဂဒေသအပါအဝင် ကာကွယ်ဆေး လွှမ်းခြုံမှု ရာခိုင်နှုန်းနည်းသည့် ကချင်၊ ကယား၊ ရခိုင်ပြည်နယ်၊ ဝနှင့်ကိုးကန့်ဒေသများတွင် ကာကွယ်ဆေးများ ထိုးနှံရန် 'အထူးကာကွယ်ဆေး ထိုးစီမံချက်'ကို လုပ်ဆောင်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ဝက်သက်ရောဂါ ပပျောက်ရေးနှင့် မွေးရာပါဂျိုက်သိုး ရောဂါလက္ခဏာ ထိန်းချုပ်ရေးတို့ကို လာမည့် ၂ဝ၂ဝ ပြည့်နှစ်တွင် အပြီးတိုင်လုပ်ဆောင်ရန် ချမှတ်ထားပြီး  ယင်းစီမံချက်ကို ယူနီဆက်ဖ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ယူအင်န်၊ အမေရိကန်ကြက်ခြေနီနှင့် ရောဂါထိန်းချုပ်ကာကွယ်ရေး အမေရိကန် စင်တာများက ဦးဆောင် လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။ ဝက်သက်ရောဂါသည် ဝက်သက်ရောဂါ ကာကွယ်ဆေး မထိုးထားသော ကလေးငယ်များတွင် ဝက်သက်နှင့်နောက်ဆက်တွဲ ရောဂါများဖြစ်ပွားနိုင်သည့် အန္တရာယ် အများဆုံးဖြစ်ပြီး ဝက်သက်ရောဂါ မဖြစ်ဖူးသူများတွင်လည်း ကာကွယ်ဆေးမထိုးပါက ဖြစ်ပွားနိုင်သည်။ ကာကွယ်ဆေးကို ကလေးအသက် ကိုးလတွင် ပထမအကြိမ်၊ အသက်တစ်နှစ်ခွဲတွင် ဒုတိယအကြိမ် နှစ်ကြိမ်ထိုးနှံပေးခြင်း ဖြင့် ကာကွယ်နိုင်ပေသည်။ မြန်မာနိုင်ငံတွင် တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းကို ၁၉၇၈ ခုနှစ်တွင် စတင်ဆောင် ရွက်ခဲ့ပြီး ကလေးငယ်များအတွက် ဘီ၊ စီ၊ ဂျီကာကွယ်ဆေး၊  ဆုံဆို့ကြက်ညှာမေးခိုင် ရောဂါကာကွယ်ဆေးနှင့် ကိုယ်ဝန်ဆောင် မိခင်များအတွက် မေးခိုင်ရောဂါကာကွယ်ဆေးတို့ဖြင့် စတင်ခဲ့သည်။ ပိုလီယိုအစက်ချ ကာကွယ်ဆေးနှင့် ဝက်သက်ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ၁၉၈၇ ခုနှစ်တွင် တိုးချဲ့ထည့်သွင်းခဲ့ပြီး ၂ဝ၁၈ ခုနှစ်တွင် ဝက်သက် ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ဆက်လက်တိုးချဲ့ထည့်သွင်းခဲ့သည်။ ၂ဝဝ၂ ခုနှစ်မှစ၍ ၂ဝဝ၄ ခုနှစ်အထိ သုံးကြိမ်ခွဲပြီး မြန်မာတစ်နိုင်ငံလုံး၌ အစုလိုက် ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးခြင်း၊ ၂ဝဝ၇ ခုနှစ်တွင် သုံးကြိမ်ခွဲပြီး မြန်မာတစ်နိုင်ငံလုံး၌ အစုလိုက်ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးခြင်း၊ ၂ဝဝ၈ ခုနှစ်တွင် သဘာဝဘေးအန္တရာယ် (နာဂစ်မုန်တိုင်း) ကျရောက်သော ဒေသများတွင် အရေးပေါ် ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးပေးခြင်း တို့ကြောင့် ဝက်သက်ရောဂါ ဖြစ်ပွားမှုဝက်သက်ရောဂါ၏ နောက်ဆက်တွဲဖြစ်ရပ်များနှင့် ရောဂါကြောင့် သေဆုံးမှုများလည်း သိသိသာသာ ကျဆင်းခဲ့သည်။ ယခုနှစ်အတွင်း မြန်မာနိုင်ငံ ဆေးသုတေသန ညီလာခံတွင် တင်သွင်းခဲ့သည့် သုတေသန စာတမ်းတစ်စောင်အရ မြန်မာနိုင်ငံရှိ အသက် ၁၂ လမှ ၂၃ လကြားအရွယ် ကလေးငယ်များ၏ ၄၅ ရာခိုင်နှုန်းကျော်မှာ ကာကွယ်ဆေး အကြိမ်ပြည့်မထိုးနှံကြောင်း ဖော်ပြထားသည်။ ယင်းသုတေသနစာတမ်းမှာ မြန်မာနိုင်ငံရှိ အသက် ၁၂ လမှ ၂၃ လကြားအရွယ် ကလေးများတွင် ကာကွယ်ဆေး အပြည့်မထိုးခြင်း သို့မဟုတ် လုံးဝမထိုးခြင်းအား လွှမ်းမိုးသော အချက်များကို မြန်မာ့လူဦးရေနှင့် ကျန်းမာရေးဆိုင်ရာ အစီရင်ခံစာ (၂ဝ၁၅-၂ဝ၁၆)အပေါ် အခြေခံ၍ နောက်ဆက်တွဲ လေ့လာသည့်   သုတေသန စာတမ်းဖြစ်သည်။ သုတေသနတွင် ကလေးငယ် ၈၅၂ ဦး၏ ကာကွယ်ဆေးထိုးခြင်း အခြေအနေနှင့် အိမ်ထောင်စု၊ မိခင်၊ ကလေးနှင့်သက်ဆိုင်သော အချက်အလက်များ၏ ဆက်စပ်မှုကို အဆင့်များခွဲခြား၍ လေ့လာခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အသက် ၁၂ လမှ ၂၃ လကြားအရွယ်ကလေးများ၏ ၄၅ ဒသမ ၂ ရာခိုင်နှုန်းသည် ကာကွယ်ဆေး အပြည့်မထိုးကြောင်း သို့မဟုတ် လုံးဝမထိုးကြောင်းတွေ့ရှိခဲ့ရပြီး ကာကွယ်ဆေးမထိုးခြင်းသည် မြို့ပြ၌ ၃၂ ဒသမ ၅ ရာခိုင်နှုန်း ကျေးလက်၌ ၄၉ ဒသမ ၆ ရာခိုင်နှုန်းရှိသည်ဟု ဖော်ပြထားသည်။ တိုင်းဒေသကြီး ပြည်နယ်များအနက် ဧရာဝတီတိုင်း ဒေသကြီးတွင် ကာကွယ်ဆေးမထိုးသူ ၆၆ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန် ပျက်ကွက်ခဲ့သည့် ကလေးငယ်များအတွက် ဆေးရုံအခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်ကို တစ်နိုင်ငံလုံးရှိ ခုတင် ၁ဝဝ ဆံ့နှင့်အထက် ပြည်သူ့ဆေးရုံ ၉ဝ ကျော်တွင် လုပ်ဆောင်ပေးလျက်ရှိသည်။ ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးခြင်း အစီအစဉ်သည် ပြည်သူလူထုက ကာကွယ်ဆေးကို ပိုမိုလက်လှမ်း မီစေရန်နှင့် ကာကွယ်ဆေးထိုး လုပ်ငန်းကို ဆောင်ရွက်ပေးရန်အမြဲ အသင့်ရှိစေရန်ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ပြီး အကြောင်းကြောင်းကြောင့် ကာကွယ်ဆေး အပြည့်အဝ မရရှိခဲ့သည့် ကလေးများကို ကာကွယ်ဆေးအားလုံး အကြိမ်ပြည့်အပြည့်အဝ ရရှိနိုင်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်။ ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ မင်္ဂလာဒုံမြို့နယ်များတွင် ဝက်သက်ရောဂါ ကပ်အသွင်ဖြစ်ပွားမှုရှိနေခြင်းကြောင့် ကျန်းမာရေးဌာနက ယင်းမြို့နယ်များတွင်နေထိုင်သည့် အသက်ကိုးလမှာ ၁၅ နှစ်အတွင်း ကလေးငယ် ၆ဝဝဝဝဝ နီးပါးကို ဝက်သက် ရောဂါကာကွယ်ဆေးအပိုဆောင်ထိုးနှံသွားမည်ဖြစ်သည်။ ''အခုဝက်သက်ဖြစ်တဲ့ ကလေးတွေက ကာကွယ်ဆေးအကြိမ်ပြည့်မထိုးထားတဲ့ ကလေးတွေဖြစ်ပါတယ်။ တချို့မြို့နယ်တွေ က ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွေ မှာလည်း ၉ဝ ရာခိုင်နှုန်းမကျော်ဘူး။ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်ကဆို ၈၅ ရာခိုင်နှုန်းတောင် မရောက်ခဲ့တာမျိုးတွေရှိခဲ့တယ်။ ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းခဲ့တဲ့နေရာတွေမှာ အဓိကဖြစ်ပွားတာပါ။ ရန်ကုန်မှာလိုပဲ ရှမ်းနဲ့ကရင်ပြည်နယ်မှာလည်း ဖြစ်ပွားမှုရှိနေတယ်။ ရန်ကုန်မှာ ကာကွယ်ဆေးထိုးပြီး ရောဂါဖြစ်ပွားမှုအခြေအနေအရ ရှမ်းနဲ့ ကရင်ပြည်နယ်ကိုလည်း ကာကွယ်ဆေးတွေ ဆက်ထိုးပေးသွားဖို့ရှိပါတယ်''ဟု တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ စီမံချက်မန်နေဂျာ ဒေါက်တာထားထားလင်းက ပြောကြားသည်။ ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး နှင့်ပြည်နယ်အချို့တွင် ဝက်သက်ရောဂါ အပါအဝင် ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါများနေရာ ကွက်ကျားဖြစ်ပွားမှုကို စနစ်တကျ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ပိုမိုအားဖြည့်ဆောင်ရွက် မည်ဖြစ်ကြောင်းနှင့် ယခုနှစ် ဒီဇင်ဘာတွင် ဆောင်ရွက်ရန် စီစဉ်ထားသည့်နိုင်ငံတစ်ဝန်း လုံးအစုလိုက် ဝက်သက်ရောဂါကာကွယ် ဆေးထိုးလုပ်ငန်း မဆောင်ရွက်မီ လတ်တလော ဝက်သက်ရောဂါ အဖြစ်များသည့် မြို့နယ်များတွင် ဝက်သက်ရောဂါကူးစက် ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန် Outbreak Response Immunization အနေဖြင့် ဝက်သက်ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို အမြန်ဆုံးစီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်ရှိသော ကလေးများတွင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရန် အခွင့်အရေး ဆုံးရှုံးရခြင်း သို့မဟုတ် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း အကြိမ်ရေအပြည့်အဝ မရရှိခြင်း နှင့် ကာကွယ်ဆေးနှင့် အလှမ်းဝေးနေသည့် ကလေးများလည်း ရှိနေဆဲဖြစ်ကြောင်း သိရသည်။ မိမိတို့၏ ရင်သွေးငယ်များ ဝက်သက်ရောဂါ အန္တရာယ်ကင်းဝေးရေး အတွက် သက်ဆိုင်ရာ ကျန်းမာရေးဌာနမှ ထုတ်ပြန်ချက်များကို အထူးအလေးပေး ဆောင်ရွက်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။

မေယု-မျိုးအောင် (MANA)

Read 108 times
Rate this item
(0 votes)
Last modified on Sunday, 03 March 2019 10:35