SJ WorldNews - шаблон joomla Авто

အကုရခက်သော အကြောက်ရောဂါ

Tuesday, 05 March 2019 12:26 Written by  font size decrease font size decrease font size increase font size increase font size

စာရေးသူကိုဖေ့ဘွတ်မှ    ကျန်းမာရေး မေးသည်များကို ဖြေကြားပေးနေရာ တတ်နိုင်သမျှ ဆေးဝါးမပါဘဲ မီးဖိုချောင်သုံးပစ္စည်းများ၊ အိမ်အနီးတွင်ရနိုင်သော အသီးအရွက်များဖြင့် ကုသပျောက်ကင်းနိုင်မည့် နည်းလမ်းများပေးခဲ့သည်။ ပျောက်ကင်းသွားကြောင်း စာပြန်လာလျှင် ဝမ်းသာရသည်။

ဥပမာ အသက် ၄၅ နှစ်ကျော်လာပြီး မီးယပ်သွေးမှန်မှန် မလာတော့ သွေးကစားနေသည့် အမျိုးသမီးကြီးတစ်ဦးမှာ ညအိပ်မပျော်ရောဂါဖြစ်လာသည်။ သွေးကစားသူတို့ သဘာဝအတိုင်း ညဥ့်ဦးပိုင်းတွင် အိပ်ပျော်သွားပြီးမှ ညဥ့်တစ်ဝက် သန်းခေါင်ကျော်တွင်ပြန်နိုးလာပြီးပြန်အိပ်မပျော်တော့။လူများအိပ်ပျော်နေချိန်တွင် ကိုယ်အိပ်မပျော်သည်မှာ အနေရခက်သော ဝေဒနာမျိုးဖြစ်သည်။ သူ့မိတ်ဆွေ ဆရာဝန်တစ်ဦးက အိပ်ဆေးများ ပေးသည်။ အိပ်ဆေးသောက်လျှင် အိပ်ပျော်သော်လည်း အကျင့်မလုပ် လိုကြောင်း သူကပြောသည်။

ထိုအိပ်မပျော်သည့် အမျိုးသမီးမှာ မြန်မာ့ရိုးရာဆေးမြီးတိုဖြင့် အလွယ်တကူပင် အိပ်ပျော် စေခဲ့သည်။

မီးဖိုချောင်သုံးကြက်သွန်နီသည် နေရာအတော်များများတွင် အသုံးဝင်သည့် ဆေးစွမ်းကောင်းဖြစ်သည်။ ဆီးကောင်းသည်။ အစာကြေစေသည်။ အဆိပ်အတောက် ပြေစေသည်။ သို့သော် ကြက်သွန်နီဖြင့် အိပ်ပျော်စေနိုင်သည်ကို လူသိနည်းသည်။

အိပ်မပျော်၊ အိပ်ဆေးလည်း မသောက်ချင်သည့် ထိုအမျိုးသမီးကို ကြက်သွန်နီဥကြီးကို အကွင်းလိုက်ပါးပါးလှီးပြီး တစ်လွှာကို ခြေဖဝါးအလယ်တွင်ကပ်ပြီး ပတ်တီးနှင့် စည်းထားပါ။ ခြေဖဝါးနှစ်ဖက်လုံးတွင် စည်းလျှင် ပိုကောင်းသည်။ နှလုံးတွင် လေရိုက်နေပြီး အိပ်မပျော်လျှင် ကြက်သွန်နီကခြေဖဝါးသို့ အခိုးများ ဆင်းလာပြီး အိပ်ပျော်စေနိုင်သည်။

သို့သော်လည်း ဤနည်းဖြင့် အိပ်မပျော်သော အိမ်နီးချင်း မိတ်ဆွေတစ်ဦးကို တွေ့ရသည်။ သူအိပ်မပျော်သည်မှာ တစ်ပတ်ခန့်ရှိပြီး ဆရာဝန်ပြရတော့မည် ထင်သည်ဟု လာပြောသည်။ ဆရာဝန်မပြမီ ကြက်သွန်နီပါးပါးလှီးပြီး ခြေဖဝါးအလယ်တွင် စည်းအိပ်ကြည့်ပါဦး လက်တွေ့အိပ်ပျော်သူရှိပါသည်ဟု စာရေးသူက တိုက်တွန်းလိုက်သည်။

နောက်တစ်နေ့တွင်   သူညကလည်း အိပ်မပျော်ကြောင်း၊  မထူးခြားကြောင်း လာပြောသည်။ ထို့နောက် သူသည်အထူးကု ဆရာဝန်နှင့် ပြသကုသနေကြောင်း သိရသည်။

ရက်မကြာမီ ထိုအိပ်မပျော်သူ၏ သမီးနှင့် လမ်းမှာတွေ့သည်။ သူ့အဖေ အိပ်မပျော်သော ရောဂါမှာ မသက်သာသေးကြောင်း၊ အလုပ်မှ ခွင့်ယူလိုသော်လည်း ပင်စင်ယူရန် တစ်လကျော်သာလိုတော့သဖြင့် ဆရာဝန်က ဆေးစာရေးပေးသော်လည်း ခွင့်မတင်တော့ကြောင်း ပြောသည်။

သူ၏အိပ်မပျော်သော ရောဂါဖြစ်ပုံ အကြောင်းရင်းကို မေးမြန်းကြည့်သောအခါ သိရသည်မှာ လွန်ခဲ့သော ခြောက်လခန့်မှ စ၍ သွေးတိုးရောဂါ ဝင်လာသည်။ အလုပ်လုပ်လျှင် ခေါင်းချွေးပြန်ပြီး မူးလာသည်မှ စသည်။ သူ့အထက်မှာ  လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦးရှိသည်။ သူ့ထက် ငါးနှစ်ခန့်ငယ်သည့် ပညာတတ်တစ်ဦးဖြစ်သည်။ အလွန်သဘောကောင်းသည်။ တစ်ရုံးလုံးက ချစ်ခင် လေးစားကြသည်။

သူ့တွင် သွေးတိုးရောဂါရှိမှန်းသိရသည်မှာ ထိုအရာရှိကစစ်ဆေးပေး၍ သိရခြင်းဖြစ်သည်။  ထိုအရာရှိထံတွင် လက်ကောက်ဝတ်တွင် ပတ်ပြီး အလွယ်တကူသွေးချိန်နိုင်သည့် ဒစ်ဂျစ်တယ် သွေးချိန်ကိရိယာငယ်လေးရှိသည်။ရုံးတွင်   အလွယ်တကူ သွေးချိန်နိုင်အောင် ဆောင်ထားသည်။ အရာရှိက သူကိုယ်တိုင်လည်း သွေးတိုးရောဂါရှိသည်မှာ သုံးနှစ်ခန့်ကြာပေပြီ။ ပထမတော့ အင်္ဂလိပ် ဆေးစားသည်။ နောက်ပိုင်းတွင် မြန်မာဆေး တစ်မျိုးကို ကြော်ငြာတွေ့ သဖြင့် ဝယ်ယူသုံးစွဲကြည့်ရာ အဆင်ပြေသည်။ ဝမ်းလည်းမှန်သဖြင့် ရုံးအထိုင်များသူတွေနှင့် အဆင်ပြေသည်ဟု ယူဆသည်။

သူက ခေါင်းချွေးပြန်ပြီး မူးမူးနေသဖြင့် ဘာဖြစ်မှန်းမသိကြောင်း ပြောပြသောအခါ သဘောကောင်းသောအရာရှိက သူ့သွေးချိန်ကိရိယာနှင့် လက်ကောက်ဝတ်တွင် ပတ်ပြီး သွေးချိန်ပေးသည်။သူ့တွင်အပေါ်သွေး ၁၄ဝ နှင့် အောက်သွေး ၉၂ မီလီမီတာ ပြနေသဖြင့်သွေးတိုးစ ဝင်နေပြီသတိထားဟု ပြောသည်။

အရာရှိက   သူ့လောက်သွေးတိုးမများသေးပါ။ သူသောက်နေသည့် မြန်မာဆေးကို ဝယ်သောက်ကြည့်ပါ။ ဝမ်းလည်းမှန်ပြီး ပေါ့ပါးသည် ဟုဆိုသည်။ မြန်မာဆေးဟုဆိုသော်လည်း နိုင်ငံခြားစံချိန်မီသည့် ဆေးတောင့်ဖြစ်သည်။ ရှေးကလို ဆေးမှုန့်များမဟုတ်တော့သဖြင့် သောက်ရလွယ်သည်။ သူ့ကို နမူနာ ဆေးတောင့် ပေးလိုက်သဖြင့် ညအိပ်ရာဝင် စမ်းသောက်ဖြစ်သည်။ နောက်တစ်နေ့တွင် နံနက်ထသည်နှင့် ဝမ်းများသွားသည်။ ပေါ့ပါးသည်ဟု ခံစားရသည်။

ဤသို့ဖြင့် သူ့အထက်အရာရှိနှင့်သူ နှစ်ဦးလုံးအဆင်ပြေနေကြရာမှ တစ်လခန့်အကြာ နံနက်ခင်းတစ်ခုတွင် သူတို့ဌာနမှဝါဆိုသင်္ကန်းကပ်ပွဲပြုလုပ်သည်။   သံဃာအများအပြား ရှိသည့် ဘုန်းကြီးကျောင်းတစ်ခု၏ ဓမ္မာရုံ၌ကျင်းပသည်။ အစားအသောက်မှာ အုန်းနို့ခေါက်ဆွဲ၊ အချိုပွဲမှာလည်း ဆနွင်းမကင်းနှင့် အုန်းနို့ကျောက်ကျောများ ပါဝင်သည်။ နံနက်ပိုင်းတွင် အလှူပွဲပြုလုပ်ပြီး နေ့လယ်တွင် ရုံးပြန်လာကြသည်။

ထိုနေ့ညနေရုံးမဆင်းမီ နာရီဝက်ခန့်အလိုတွင် သူ့အထက်အရာရှိ၏ ရုံးခန်းအတွင်း၌ ကိစ္စရပ်တစ်ခု  သူကတင်ပြနေသည်ကို နားထောင်နေရင်း 'ကျွန်တော်ခေါင်းမူးလာတယ်။ နောက်နေ့မှ ဆက်ပြောရအောင်' ဟု အရာရှိကပြောသည်။'မနက်က အုန်းနို့ ခေါက်ဆွဲစားတာများသွားလို့လား မသိဘူး' ဟု ဆက်ပြောသည်။ သူက 'ကျွန်တော်လည်း အတူတူပါပဲ။    အုန်းနို့ကျောက်ကျောက သွေးတိုးနဲ့ မတည့်ဘူး ပြောတယ်'ဟု ပြောပြီး အရာရှိ အနားမှပြန်အထွက် ဒုန်းခနဲ နောက်မှ လဲကျသံကြားသဖြင့် ပြန်လှည့်ကြည့်လိုက်သောအခါ ခုံပေါ်မှဘေးသို့ လဲကျသွားသော အရာရှိကိုတွေ့ရသည်။  'လာကြပါဦး'သူက အော်လိုက်သဖြင့်    တစ်ရုံးလုံး ပြေးလွှားရောက်လာကြ သည်။ စားပွဲနောက်သို့ ဝင်သူကဝင်ပြီး ဝိုင်းထူကြသည်။ အရာရှိကဇက်ကျိုးကျပြီး ပါးစပ်မှတစ်ခုခုကို  ပြောချင်သလို လေကို မှုတ်ထုတ်နေသလို ပြုမူနေသည်ကို တွေ့ရသည်။

ထို့နောက် ညဥ့်ဦးပိုင်းတွင် သူ့အထက်အရာရှိသည် ဆေးရုံကြီးတစ်ခုတွင် ဦးနှောက် သွေးကြောပြတ်ရောဂါဖြင့် ဆုံးပါးသွားခဲ့သည်။

သူ့ထက် အသက် ငါးနှစ်မျှငယ်သူ၊ စိတ်သဘောထားပြည့်ဝသူ၊ အလုပ်တူ၊ အကူအညီပေးတတ်သူ၊ ဆေးကိုပင် အတူတူသောက်နေသူသည် မျက်စိအောက်မှာပင် ဆုံးပါးသွားရသည်။ သေခြင်းတရားသည် အလွန်ကြောက်စရာကောင်း သည်။ ကြီးစဉ်ငယ်လိုက်မဟုတ်။

ခြေတစ်လှမ်းမှားသည်နှင့် အစားတစ်လုတ်မှားသည်နှင့် အချိန်မရွေးကောက်ကာငင်ကာ ခေါ်ယူနိုင်ပါတကားဟု တွေးမိသည်။

ထိုမှစ၍ သူအိပ်မပျော်တော့။ ဘာကိုကြောက်မှန်းမသိ။ အစားအသောက်တွေကိုလည်း မစားရဲတော့။ ဆေးတွေကိုလည်း ယုံကြည်စိတ်ချအားကိုးစရာဟု မမြင်တော့။ ထိုဆေးကိုသောက်နေလျှင် သွေးတိုးရောဂါကို ပျောက်ကင်းစေနိုင်မည်ဟု မယုံကြည်တော့။

စာရေးသူသည် စိတ်ရောဂါအထူးကု ဆရာဝန်ကြီးဒေါက်တာအုန်းမောင် ရေးသည့် စိတ်ကျန်းမာရေးစာအုပ်တွင် အကြောက်ရောဂါများ အကြောင်းကို ဖတ်ဖူးသည်။ အကြောက်ရောဂါသည် စိတ်ကျရောဂါပင်ဖြစ်သည်။

ဆရာဝန်ကြီး ရေးသားထားသည်မှာ စိတ်ကျရောဂါဖြစ်လျှင် အကြောက်ရောဂါလည်း ခံစားရတတ်သည်။ စိတ်ဓာတ်ကျလာတော့ အရာရာကိုကြောက်ရွံ့လာသည်။အထူးသဖြင့် လူစုလူဝေးများကို ကြောက်ရွံ့လေသည်။ တစ်ဦးတစ်ယောက်တည်း အပြင်ကို ထွက်ရမှာလည်း ကြောက်ရွံ့လေသည်။

အချို့သော စိတ်ကျဝေဒနာရှင်များမှာ စိတ်ဓာတ်ကျ လက္ခဏာမပေါ်ဘဲ အကြောက်လက္ခဏာများသာ ပေါ်လာတတ်ရာ ဆရာဝန်များ သတိပြုသင့်သည်။ စိတ်သောကရောဂါခံစားရလျှင် အကြောက်ရောဂါပါ ပူးတွဲခံစားရလေ့ရှိသည်။ အထူးသဖြင့် မူးလဲသွားမှာကို ကြောက်ရွံ့စိုးရိမ်မိလေသည်။ တစ်ယောက်တည်း အပြင်ကိုသွားရလျှင် တစ်ခုခုဖြစ်မှာ ကြောက်ရွံ့တတ်သည်။ ထို့ကြောင့် ခရီးမသွားရဲကြပါ။ အဖော်ပါမှ သွားရဲကြသည်။ဆရာကြီးက     အကြောက်ရောဂါ ခြောက်မျိုး ခွဲခြားပြထားသည်မှာ -

(၁) သီးခြားအကြောက်ရောဂါ (Phobia Neurosis)

(၂) လဟာပြင်များကို ကြောက်သော ရောဂါ (Agora Phobia)

(၃) အလုံခန်းများကို ကြောက်သောရောဂါ (Claustro Phobia)

(၄) တစ်စုံတစ်ရာကို စွဲမြဲစွာ ကြောက်သည့် ရောဂါ (Specific  Phobia)

(၅) လူမှုရေးကြောက်ရောဂါ (Social Phobia)

(၆) စိတ်အစွဲကြောက်ရောဂါ (Obsessional Phobia)

(စိတ်ကျန်းမာရေး၊ ဒေါက်တာ အုန်းမောင်။ ၁၉၈ဝ ဇန်နဝါရီလထုတ်မှ)

စာရေးသူ၏ အိမ်နီးချင်းမိတ်ဆွေဖြစ်နေသော စိတ်ရောဂါမှာ နံပါတ် (၆) စိတ်အစွဲကြောက်ရောဂါမျိုးဖြစ်နိုင်သည်။ သူ့ရုံးကအရာရှိကဲ့သို့ဖြစ်မှာ    ကြောက်နေသည်။

ရုတ်တရက်သေရမှာ ကြောက်နေသည်။

စိတ်အစွဲကြောက်ရောဂါအကြောင်း ရှင်းလင်းချက်တွင် ဆရာကြီးဦးအုန်းမောင်၏ လူနာဆရာမကြီး တစ်ဦးသည် ခွေးရူးပြန်သည့် ရောဂါသည်ကိုတွေ့ပြီး ခွေးများကို ကြောက်ရွံ့လာသည်။ နယ်မြို့လေးမှ ကျောင်းဆရာမ တစ်ဦးဖြစ်ရာ  ခွေးပေါသောမြို့လေးဖြစ်၍ ကျောင်းသွားကျောင်းပြန်   အင်မတန်မှ ဒုက္ခရောက်ရသည်ဟု   ရေးသားထားသည်ကို ဖတ်ရှုရသည်။

လူနာများကို ဆေးနည်းပေးရသည်မှာ ပျောက်ကင်းသွားသည့်အခါတွင် အလွန်ပျော်စရာကောင်းပြီး ပီတိသုခဖြစ်ရသည်။ သို့သော်လည်း သတ္တဝါတစ်ခု ကံတစ်ခုဟူသည့်အတိုင်း ရောဂါအပြင် အခြားအကြောင်းခံရှိနေသော လူနာများမှာ ကုသ၍ မပျောက်ကင်းလျှင် စိတ်မောရသည်။ အထူးသဖြင့် အခြားသူများ ပျောက်ကင်းဖူးသော ဆေးနည်းဖြင့် ထိုလူနာတွင် မပျောက်ကင်း မချမ်းသာလျှင် ပို၍ စိတ်မကောင်းဖြစ်ရသည်။

ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းတရားလေးပါးကြောင့် ဖြစ်သောရောဂါများတွင် စိတ်ကြောင့်ဖြစ်သောရောဂါမှာ အကုရခက်သည်။ ပုံမှန်ဖြစ်လေ့ရှိသော အိပ်မပျော်သော ရောဂါ၊ အစားမဝင်သော ရောဂါပင်ဖြစ်စေကာမူ စိတ်ရောဂါနှင့် ယှဉ်တွဲနေလျှင် အကုရခက်သည်။ ထိုအထဲတွင်မှ အကြောက်ရောဂါမှာ ပို၍ပင် အကုရခက်သည်။ ဆေးမယဉ်၊ ဆေးမရိုးသော်လည်း ဆေးမတိုးသည့် ရောဂါဖြစ်သည်။

အိပ်မပျော်ခြင်းကို အိပ်ဆေးဖြင့်ကုသလျှင် ရနိုင်သော်လည်း ခေတ္တသာရမည်။ အိပ်ရာမှနိုးလာသောအခါ ကြောက်စိတ်က ပြန်ဝင်လာမည်။ စိတ်ကိုကုမှသာရမည်။ ထိုမိတ်ဆွေကို   တရားဘာဝနာ အားထုတ်၊ သမထဝိပဿနာ ကမ္မဋ္ဌာန်းစီးဖြန်းဖို့ အကြံပြုလိုက်သည်။ သမာဓိရလျှင်    ကြောက်စိတ်က ပျောက်သွားမည်။

လယ်တီဆရာတော်ကြီး၏ သမထဘာဝနာ ဟောပြောချက်တွင် သတ္တဝါတို့၏စိတ်သည် နဂိုသဘောအားဖြင့် ဟိုအာရုံရောက်လိုက်၊ ဒီအာရုံရောက်လိုက်နှင့် တည်ငြိမ်မှုမရှိ။ သမထကမ္မဋ္ဌာန်းကို   အားထုတ်သောအခါ  'ထွက်သက်၊ ဝင်သက်' စသော အာရုံတစ်ခု၌ စိတ်စိုက်ထားရမည်။ ထိုသို့ စိတ်စိုက်၍ ထားသဖြင့် ထိုအာရုံ၌ စိတ်အစဉ်တည်မြဲနေခြင်းကို 'သမာဓိ' ရခြင်းဟုခေါ်သည်။

အကြောက်တရားကိုကုစားဖို့ သမာဓိရဖို့လိုသည်။ သဘာဝဆေးနှင့် မကုနိုင်သောရောဂါကို တရားတော်ဖြင့် ကုသပေးဖို့မှာလည်း အထုံပါရမီရှိသူမှ ဖြစ်မည်ဟုဆိုပြန်သည်။ ဆေးဆရာအဖို့ တစ်ခါတစ်ရံ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရား လေးပါးတွင် နောက်ဆုံးဖြစ်သော ဥပေက္ခာတရားကိုသာ ကျင့်သုံးရမည့် အခြေအနေတွင်  ရောက်ရှိလေ့ရှိကြောင်း တင်ပြလိုက်ရပေသည်။  

ကြည်လွင်မြင့် (မုဒြာ)

Read 127 times
Rate this item
(1 Vote)
Last modified on Tuesday, 05 March 2019 12:28