SJ WorldNews - шаблон joomla Авто

၂၁ ရာစု၏ အသံတိတ်လူသတ်သမား သို့မဟုတ် ဆီးချို သွေးချိုရောဂါ

Wednesday, 06 March 2019 10:31 Written by  font size decrease font size decrease font size increase font size increase font size

ယနေ့ကမ္ဘာကြီးကို ခြိမ်းခြောက်လျက်ရှိသော ရောဂါဆိုးများအနက် ဆီးချိုရောဂါမှာ တစ်ခုအပါအဝင်ဖြစ်သည်။ ကမ္ဘာ့ဆီးချိုအဖွဲ့ (International Diabetes  Federation) ခန့်မှန်းချက်အရ ၂ဝ၁၇ ခုနှစ်တွင် ဆီးချိုဝေဒနာရှင်ပေါင်း ၄၁၅ သန်းအထိ ရှိနေသည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံ၏ စစ်တမ်းများအရ ၂ဝ၁၄ ခုနှစ်တွင် ဆီးချိုရောဂါရှိသူများမှာ စုစုပေါင်း လူဦးရေ၏ ၁ဝ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ကနဦးဆီးချို ဝေဒနာရှင်များမှာ ၁၉ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။ ၎င်းစာရင်းများအရ မြန်မာနိုင်ငံရှိ လူ ၁ဝ ဦးတွင် တစ်ဦးမှာ ဆီးချိုဝေဒနာ ခံစားနေရပြီး လူငါးဦးတွင် တစ်ဦးမှာ ကနဦး ဆီးချိုရောဂါရှိနေသည်ကို တွေ့ရှိရသည်။

ဆီးချိုရောဂါဆိုသည်မှာ

ဆီးချိုရောဂါဆိုသည်မှာ မုန့်ချိုအိတ်ဟု ခေါ်သော ပန်ကရိယမှ အင်ဆူလင်ဟော်မုန်း အထွက်နည်းခြင်း သို့မဟုတ် ကိုယ်ခန္ဓာမှ အင်ဆူလင်ဟော်မုန်း ခုခံအားများခြင်းကြောင့် သွေးတွင်း သကြားဓာတ်မြင့်တက်ခြင်းကို ခေါ်သည်။

ရောဂါအမျိုးအစားများ

ဆီးချိုရောဂါ အမျိုးအစားများကို အနည်းငယ်ရှင်းပြလိုသည်။ ၎င်းတို့မှာ (၁) အမျိုးအစား (၁) ဆီးချိုရောဂါ၊(၂) အမျိုးအစား (၂)ဆီးချိုရောဂါ၊ (၃) ကိုယ်ဝန်ဆောင် မိခင်များတွင် တွေ့ရသော ဆီးချိုရောဂါနှင့်(၄) အခြားဆီးချို အမျိုးအစားများဖြစ်သည်။

ဆီးချိုရောဂါ လက္ခဏာများ

ဆီးချိုရောဂါ လက္ခဏာများကိုလည်း သိရှိထားရန် လိုအပ်သည်။၎င်းတို့မှာ (၁) မကြာခဏ ဆီးသွားခြင်း၊ (၂) ရေငတ်ခြင်း၊   (၃) ကိုယ်အလေးချိန်ကျခြင်း၊ (၄)ပင်ပန်းနွမ်းနယ်ခြင်း၊ (၅) အနာကျက်နှေးခြင်း၊ (၆) ကိုယ်ခန္ဓာ ယားယံခြင်းတို့ဖြစ်သည်။

သင့်မှာ ဆီးချိုရောဂါရှိနေပြီလား

လူတစ်ဦး ဆီးချိုရှိ၊ မရှိ သိရှိနိုင်ရန်အတွက်  ဆီးချိုလက္ခဏာများ ရှိပြီး အောက်ပါအချက် လေးချက်အနက် တစ်ချက်နှင့်  ကိုက်ညီရန် လိုအပ်သည်။   ၎င်းတို့မှာ-

(၁) အစာမစားမီ သွေးတွင်းသကြားဓာတ် ၁၂၆ မီလီ ဂရမ်ပါဒက်ဆီလီတာနှင့် အထက်ရှိခြင်း၊

(၂) ဂလူးကို့ ၇၅ ဂရမ်တိုက်ပြီး နှစ်နာရီအကြာတွင် သွေးဖောက်စစ်ပါက ၂ဝဝ မီလီဂရမ်ပါ ဒက်ဆီလီတာနှင့် အထက်ရှိခြင်း၊

(၃) သုံးလအတွင်း ပျမ်းမျှသွေးချိုပမာဏ ၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် အထက်ရှိနေခြင်း၊

(၄) ကြုံရာအချိန်တွင် သွေးဖောက်ကြည့်ပါက ၂ဝဝ မီလီဂရမ်ပါ ဒက်ဆီလီတာနှင့် အထက် ရှိနေခြင်းတို့ဖြစ်သည်။

အကယ်၍  ရောဂါလက္ခဏာ မထင်ရှားခြင်း၊ သွေးအဖြေ မပြတ်သားခြင်းများ ဖြစ်ပါက နှစ်ကြိမ်သွေးဖောက် စစ်ဆေးရန် လိုအပ်သည်။

ဆီးချို၏ နောက်ဆက်တွဲ ဆင့်ပွားရောဂါများ

ဆီးချိုရောဂါကို    စနစ်တကျ ကုသမှုမခံယူပါက နောက်ဆက်တွဲ ဆင့်ပွားရောဂါများကို ခံစားရနိုင်သည်။

၎င်းတို့မှာ (၁) လေဖြန်းခြင်း၊ လေဖြတ်ခြင်း၊ (၂) မျက်စိအမြင်လွှာ ပျက်စီးခြင်း၊ အတွင်းတိမ်ဖြစ်ခြင်း၊ (၃) နှလုံးသွေးကြော ကျဉ်းခြင်း၊ ပိတ်ခြင်း၊ (၄) ကျောက်ကပ် အားနည်းခြင်း၊ ပျက်စီးခြင်း၊ (၅) ခြေဖျား၊ လက်ဖျား သွေးကြောကျဉ်းခြင်း၊ (၆)ခြေဖျား၊ လက်ဖျား ထုံကျဉ်ခြင်း၊ ကိုက်ခဲခြင်း၊ (၇) ခြေထောက်အနာဖြစ်၍ ခြေထောက်ဖြတ်ရသည်အထိ ဖြစ်ပွားခြင်းတို့ဖြစ်သည်။

ရောဂါကုသခြင်း

ပထမဦးစွာ နေထိုင်စားသောက်မှု ဆိုင်ရာ နည်းလမ်းများဖြင့် ကုသရန် လိုအပ်သည်။ ၎င်းနည်းလမ်းများမှာ (၁) ကစီဓာတ် ပါဝင်မှုများသော အစားအစာများကို လျှော့စားပါ၊ (၂)အချိုလွန်ကဲသော အစားအစာများကို ရှောင်ပါ၊ (၃)အဆီအဆိမ့်များကို ရှောင်ပါ၊ (၄) အသားငါးကို သင့်တင့်မျှတအောင် စားပါ၊ (၅) အမျှင်ဓာတ် ပါဝင်သော အစားအစာများကို များများစားပါ၊ (၆) ရေများများ သောက်ပါ၊ (၇)အဝမလွန်အောင် ထိန်းသိမ်းပါ၊ (၈) စိတ်ဖိစီးမှုကို လျှော့ချပါ၊ (၉)အငန်လျှော့စားပါ၊ (၁ဝ) အရက်အလွန်အကျွံ သောက်ခြင်းကို ရှောင်ပါ၊ (၁၁) ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ၊ (၁၂) ကိုယ်လက်လှုပ်ရှားမှုကို မှန်မှန်လုပ်ပါ၊ နေထိုင်စားသောက်မှု ဆိုင်ရာ နည်းလမ်းများဖြင့် ကုသသော်လည်း ရှိသင့်သည့် သွေးတွင်းသကြားဓာတ် ပမာဏကိုမရရှိပါက သောက်ဆေးများဖြင့် ကုသရန် လိုအပ်သည်။များစွာသော သောက်ဆေးများအနက်မှ အသုံးများသော သောက်ဆေးများကိုဖော်ပြလိုပါသည်။ ၎င်းတို့မှာ-

(၁) မက်ဖော်မင်

(၂) ဂလီကလာဇိုက်

(၃) ဆစ်တာဂလစ်တင်

(၄) ကန်နာဂလီဖလိုဇင် စသည်တို့ဖြစ်သည်။

၎င်းသောက်ဆေးများအနက် မရှိမဖြစ် အရေးပါသော သောက်ဆေးတစ်မျိုးဖြစ်သည့် မက်ဖော်မင်အကြောင်းကို ရှင်းပြလိုသည်။ပထမဦးစွာ မက်ဖော်မင်၏ သမိုင်းကြောင်းကို အနည်းငယ်ရှင်းပြချင်ပါသည်။ ၁၉၁၈ ခုနှစ်တွင် မက်ဖော်မင်နှင့် တူသော ဓာတ်ပစ္စည်းတွင်ွ Galegaofficinalis ဆိုသောအပင်မှ စတင်တွေ့ရှိခဲ့ပြီး ၁၉၃ဝ ပြည့်နှစ်တွင် အဆိပ်ဖြစ်စေသောကြောင့် ဆက်လက် မသုံးစွဲတော့ပေ။ ၁၉၂၉ ခုနှစ်တွင် ဓာတုပညာရှင်များမှ မက်ဖော်မင်ကို ထုတ်လုပ်ခဲ့ပြီး ၁၉၅ဝ ပြည့်နှစ်တွင် ပြင်သစ်သမားတော် Jean Sterne မှ Glucophage(glucose eater) ဆိုသောအမည်ဖြင့် စတင်အသုံးပြုခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် အင်္ဂလန်နိုင်ငံတွင် စတင်အသုံးပြုခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် US FDAမှ အသိအမှတ်ပြုခဲ့သည်။

မက်ဖော်မင်၏ အားသာချက်များမှာ

(၁) အဝလွန်သောသူများတွင် ကိုယ်အလေးချိန် လျော့ကျနိုင်ခြင်း၊ (၂) ဈေးသက်သာခြင်း၊ (၃) အလွယ်တကူ ဝယ်ယူရရှိနိုင်ခြင်း၊(၄) သွေးတွင်း သကြားဓာတ် အလွန်အမင်း ကျခြင်းများ အဖြစ်နည်းခြင်း၊ (၅) အင်ဆူလင်ဟော်မုန်း ခုခံအားကို လျှော့ချပေးနိုင်ခြင်း၊ (၆)အချို့သော သုတေသန အဖြေများတွင် မက်ဖော်မင်သည်  ကင်ဆာရောဂါကိုပင် ကာကွယ်နိုင်သည်ဟု တွေ့ရှိရခြင်း။

မက်ဖော်မင်၏ အားနည်းချက်များမှာ

(၁) ဗီတာမင်ဘီ ၁၂  (B12) ချို့တဲ့နိုင်ခြင်း၊ (၂) ကျောက်ကပ်အလွန် အားနည်းသူများ (eGFR<30) တွင်ပေးရန် မဖြစ်နိုင်ခြင်း၊ (၃) တစ်ခါတစ်ရံ လက်တစ်အက်စစ်များသော ရောဂါ ဖြစ်နိုင်ခြင်းတို့ ဖြစ်သည်။

ယနေ့ခေတ်ကာလတွင် အသုံးပြုလျက်ရှိသော Guideline များတွင်လည်း မက်ဖော်မင်သည် ပထမတန်း ဆေးအဖြစ် အသုံးပြုလျက် ရှိသည်ကို တွေ့ရှိရသည်။ Safety ပိုင်းကိုကြည့်မည်ဆိုလျှင်လည်း နှစ်ပေါင်း ၆ဝ ကျော်အသုံးပြုခဲ့ပြီး စမ်းသပ်ထားသော သုတေသနပေါင်း များစွာ ခိုင်ခိုင်မာမာရှိထားသော  ဆေးဖြစ်သည်။ မက်ဖော်မင်၏ အားနည်းချက်၊ အားသာချက်များကို နှိုင်းယှဉ်ကြည့်ပါက အားသာချက်က ပိုများသည်ကို တွေ့ရှိရသည်။ မက်ဖော်မင်သည် ဆီးချိုဝေဒနာရှင်များအတွက် အားထားရာ   အဓိက မဟာတံတိုင်းကြီးဖြစ်သည်။

ထို့ကြောင့်   မက်ဖော်မင်ကို ဘုရားပေးသော နတ်ဆေးအဖြစ် တင်စားချင်သည်။ သောက်ဆေးဖြင့် မထိန်းနိုင်သော အမျိုးအစား (၂) ဆီးချိုဝေဒနာရှင်များနှင့် အမျိုးအစား (၁)ဆီးချိုဝေဒနာရှင်များကို အင်ဆူလင် ဟော်မုန်းဆေးဖြင့် ကုသရန် လိုအပ်သည်။ အင်ဆူလင်ဆေး မရပါက အသက်အန္တရာယ်ရှိနိုင်သည်။ ဤမျှအဖိုးတန်သော အင်ဆူလင်ကို ၁၉၂၁ ခုနှစ်တွင် ကနေဒီယန်သိပ္ပံ ပညာရှင် Fredrick G Banting ဦးဆောင်သော အဖွဲ့က   နွား၏ မုန့်ချိုအိတ်မှစတင် ထုတ်လုပ်ခဲ့သည်။   ၁၉၂၂ ခုနှစ်တွင် ၁၄ နှစ်သား အမျိုးအစား (၁)ဆီးချိုဝေဒနာရှင် Leonard Thompson ကိုစတင်ထိုးပေးခဲ့ပြီး   အင်ဆူလင် ထိုးဆေးကြောင့် နောက်ထပ် ၁၃ နှစ် အသက်ဆက်ရှင်ခဲ့သည်။ ၎င်းကာလများ မတိုင်မီက အမျိုးအစား(၁) ဆီးချိုဝေဒနာရှင်များသည် အသက်ကြာကြာ မရှင်နိုင်ကြသည်ကို   ဝမ်းနည်းဖွယ် တွေ့ရှိရသည်။ 

၁၉၂၄ ခုနှစ်တွင် Eli Lilly ဆိုသူက အင်ဆူလင်ကို  စီးပွားဖြစ် ထုတ်လုပ်ခဲ့သည်။ နွားမှထုတ်လုပ်သော အင်ဆူလင်သည် ဓာတ်မတည့်မှုဖြစ်စဉ် အဖြစ်များသည့်အတွက် ၁၉၅ဝ ပြည့်နှစ်တွင်  ဝက်၏မုန့်ချိုအိတ်မှ အင်ဆူလင်စတင် ထုတ်လုပ်ရန်ကြိုးစားခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် လူ့ခန္ဓာကိုယ်မှ ထုတ်လုပ်သော အင်ဆူလင်နှင့် ထပ်တူညီသော လူလုပ်အင်ဆူလင်ကို ဓာတ်ခွဲခန်းတွင် စတင်ထုတ်လုပ်နိုင်ရန် ကြိုးစားခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် အီးကိုလိုင်ဗက်တီးရီးယား ပိုးမှ လူလုပ် အင်ဆူလင်ကို စတင်ထုတ်လုပ်နိုင်ခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် ကာကူငည ဆိုသောအမည်ဖြင့် ဈေးကွက်အတွင်းသို့ စတင်ဖြန့်ချိခဲ့သည်။ ယနေ့ခေတ်ကာလတွင်  အင်ဆူလင်ကို ပုံစံမျိုးစုံ၊ တံဆိပ်မျိုးစုံဖြင့် ဈေးကွက်တွင်း ရရှိနိုင်ပြီဖြစ်သည်။

အင်ဆူလင်သည်နှစ်ဖက်ချွန်ဓားနှင့် အလားသဏ္ဌာန် တူပေသည်။ သုံးတတ်လျှင်ဆေး မသုံးတတ်လျှင်ဘေးဖြစ်တတ်သည်။ ထို့ကြောင့် နားလည်တတ်ကျွမ်းသော ဆရာဝန်များနှင့်   စနစ်တကျကုသရန် လိုအပ်သည်။ ထို့ပြင်အင်ဆူလင်၏ ဆိုးကျိုးများကိုလည်း သိရှိထားရန် လိုအပ်သည်။၎င်းတို့မှာ  (၁)သွေးတွင်းသကြားဓာတ် ရုတ်တရက်လျော့နည်းခြင်း၊ (၂) ကိုယ်အလေးချိန် တက်လာနိုင်ခြင်း၊ (၃) ဓာတ်မတည့်ဖြစ်စဉ် ဖြစ်ပွားနိုင်ခြင်း စသည်တို့ဖြစ်သည်။

သို့သော်လည်း အင်ဆူလင်၏ ကောင်းကျိုးများနှင့် ဆိုးကျိုးများကိုနှိုင်းယှဉ်ကြည့်ပါက ကောင်းကျိုးကပိုများသည်ကို တွေ့ရှိရသည်။ ထို့ပြင် အင်ဆူလင်ဖြင့် ကုသရန် လိုအပ်ချိန်တွင် စနစ်တကျ မကုသပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။ ထို့ကြောင့် အင်ဆူလင်ကို ဆီးချိုဝေဒနာရှင်များ အတွက် မရှိမဖြစ် အသက်ကယ်ဆေးအဖြစ် တင်စားချင်သည်။

ဆီးချိုရောဂါသည် ဆေးကုသမှုစရိတ် အလွန်ကြီးသော ရောဂါတစ်ခုဖြစ်သည်။ ရောဂါကုသစရိတ်သာမက ရောဂါရှင်ကို ပြုစုရသည့်အတွက် မိသားစု ဝန်ထုပ်ဝန်ပိုးများကိုပါ ဖြစ်စေသည်။ ယနေ့ကမ္ဘာပေါ်တွင် ဆီးချိုရောဂါကြောင့် ၁ဝ စက္ကန့်တိုင်း လူတစ်ဦး သေဆုံးနေပြီး စက္ကန့် ၃ဝ တိုင်းတွင် လူတစ်ဦး မစွမ်းမသန်ဖြစ်နေသည်ကို တွေ့ရှိရသည်။  ထို့ကြောင့်  ဆီးချိုရောဂါကို ၂၁ ရာစု၏  အသံတိတ် လူသတ်သမားအဖြစ် တင်စား လိုက်ချင်ပါတော့သည်။ 

ဒေါက်တာသိန်းစိုးထွန်း

Read 233 times
Rate this item
(0 votes)
Last modified on Wednesday, 06 March 2019 10:34