SJ WorldNews - шаблон joomla Авто

ဖူဂျီတောင်ခြေမှ အစာအိမ်ကင်ဆာဆွေးနွေးပွဲ

Thursday, 07 March 2019 10:17 Written by  font size decrease font size decrease font size increase font size increase font size

ဂျပန်နိုင်ငံ အစာအိမ်ကင်ဆာ အဖွဲ့ကြီးက နှစ်ပတ်လည် ညီလာခံကြီးကို နှစ်နှစ်လျှင်တစ်ကြိမ် ကျင်းပလေ့ရှိသည်။ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁ ရက်အထိ ကျင်းပသည့် (၉၁)ကြိမ်မြောက် အစာအိမ်ကင်ဆာ ညီလာခံကြီးကို တက်ရောက်ခွင့်ရခဲ့သည်။  ညီလာခံ ကျင်းပမည့်နေရာက  ရှီဇူအိုကာစီရင်စုအပိုင်  နူမတ်ဇုအမည်ရ မြို့ကလေးမှာဖြစ်သည်။ နူမတ်ဇုမြို့သည် ဂျပန်နိုင်ငံ၏ အထင်ကရ ဖူဂျီတောင်မကြီးနှင့် မိုင် ၈ဝ ခန့်သာ ကွာဝေးပြီး ဖူဂျီတောင်ကိုအဝေးမှ လှမ်းမြင်နေရသည့် မြို့ကလေးဖြစ်သည်။

ဂျပန်နိုင်ငံမြို့တော် တိုကျိုမြို့မှဆိုလျှင်လည်း မိုင် ၈ဝ ခန့်အကွာမှာရှိနေသည်။ ဂျပန်နိုင်ငံအရှေ့ဘက် အစ်ဇူကျွန်းဆွယ်၏ မြောက်ဘက်ကျကျမှာ တည်ရှိနေသည့် နူမတ်ဇုမြို့မှာ ဂျပန်နိုင်ငံ၏ ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်များ  တည်ရှိရာမြို့ဟု ဆိုရင်လည်း  မှားမည်မထင်ပါ။

ကင်ဆာရောဂါများနှင့် ပတ်သက်သည့် ပြည်တွင်းပြည်ပ ညီလာခံပေါင်း များစွာတက်ရောက် လေ့လာခဲ့ဖူးသည်။  ညီလာခံကို တာဝန်ယူ ကျင်းပသည့် ကင်ဆာအဖွဲ့အစည်းအပေါ် မူတည်လျက် ခေါင်းစဉ်တွေက ပြောင်းပြောင်း သွားသည်။ အာရှကင်ဆာအဖွဲ့၊ ဥရောပ ကင်ဆာအဖွဲ့၊ အမေရိကန် ကင်ဆာအဖွဲ့ စသည်ဖြင့် ဒေသအလိုက် စုစည်းထားသည့် ကင်ဆာအဖွဲ့အစည်းကြီးတွေ ရှိကြသည်။ အချို့ကင်ဆာ အဖွဲ့အစည်းကြီးတွေက သူတို့နယ်မြေဒေသကို ကျော်လွန်ပြီး အခြားဒေသများတွင် နှစ်ပတ်လည် အစည်းအဝေး၊ ညီလာခံတွေ ကျင်းပကြတာမျိုးလည်း ရှိသည်။ ဥပမာ- ESMO Asia ဆိုသည့် ကင်ဆာ ညီလာခံကြီးဆိုလျှင် ဥရောပကင်ဆာ အဖွဲ့အစည်းကြီးမှ အာရှနိုင်ငံများမှာ ပုံမှန်လာရောက်ကျင်းပသည့် ကင်ဆာညီလာခံ တစ်ခုပါ။

ယေဘုယျအားဖြင့် ကင်ဆာညီလာခံကြီးများမှာ ကင်ဆာရောဂါပေါင်းစုံကို  ဆွေးနွေးကြတာ များသည်။   အဲသလိုပွဲမျိုးတွေဆို စာရေးသူအနေဖြင့် အဖြစ်နည်းပါးပြီး ကုရခက်သည့် ကင်ဆာရောဂါ အမျိုးအစားများအကြောင်း ဆွေးနွေးသည့် ပွဲတွေကို ဦးစားပေးပြီး တက်လေ့ရှိသည်။ အဖြစ်များပြီး လူသိများသည့်  ကင်ဆာရောဂါကြီးတွေက အထူးတလည်  လေ့လာဖွယ် မရှိချင်တော့ပြီ။

အချို့ကင်ဆာညီလာခံ များကြတော့ ရောဂါအများကြီးကို မဆွေးနွေးတော့ဘဲ ကင်ဆာရောဂါ တစ်မျိုးမျိုးအကြောင်းကိုသာ ပြည့်စုံအောင်ဆွေးနွေး တတ်ကြသည်။ အမေရိကန် ပြည်ထောင်စုမှာ ပုံမှန်ကျင်းပလေ့ရှိသည့် ကမ္ဘာ့ အဆုတ် ကင်ဆာညီလာခံကြီးမှာ ဆိုရင် အဆုတ်ကင်ဆာ တစ်မျိုးတည်းကိုသာ ဘက်စုံထောင်စုံမှ ဆွေးနွေးကြတာမျိုးဖြစ်သည်။   ရောဂါတစ်မျိုးတည်းအကြောင်း ဆွေးနွေးခြင်းဖြစ်၍ လူနည်းမှာမပူရ။ အဆုတ်ကင်ဆာ ဆိုတာမျိုးက  တစ်ကမ္ဘာလုံးမှာ  ဖြစ်နေကြတာဆိုတော့  တစ်ကမ္ဘာလုံးက ပညာရှင်တွေ လာကြသဖြင့် စည်ကားလှသည်။ ယခုဖူဂျီတောင်ခြေမှာ ပြုလုပ်သည့် အစာအိမ်ကင်ဆာ ညီလာခံကလည်း တစ်ကမ္ဘာလုံးမှ အစာအိမ်ကင်ဆာ ပညာရှင်တွေ လာရောက်ကြမည် ဖြစ်သောကြောင့် စည်ကားလှသည်။

ဂျပန်နိုင်ငံ၏ အစာအိမ်ကင်ဆာ အဖွဲ့ကြီးက  အင်အား အတော်တောင့်လှသည်။ အစာအိမ်ကင်ဆာသာမကပါ။  ဂျပန်ပြည်မှာ  အဆုတ်ကင်ဆာ အထူးကုအဖွဲ့၊ ရင်သားကင်ဆာ အထူးကုအဖွဲ့၊ အရေပြားကင်ဆာ အထူးကုအဖွဲ့ စသည်ဖြင့် ကင်ဆာတစ်ခုချင်းစီ အလိုက်ကို   အဖွဲ့အစည်းကြီးတွေ ရှိနေတာ အားကျစရာပါ။ အဖွဲ့ကြီးတွေ များတာဆိုတော့ ပညာရှင်တွေ များလှသည့် သဘော။

ယနေ့  ကမ္ဘာကြီးပေါ်မှာ  အစာအိမ်ကင်ဆာက  အဆုတ်ကင်ဆာပြီးလျှင်   လူကိုအသေနိုင်ဆုံး ရောဂါတစ်ခုပါ။ ကမ္ဘာပေါ်မှာ အစာအိမ်ကင်ဆာအဖြစ်များဆုံး နိုင်ငံက ကိုရီးယားနိုင်ငံဖြစ်သည်။ သူ့နောက်မှာ မွန်ဂိုလီးယားနိုင်ငံ ဒုတိယလိုက်သည်။ သူ့နောက်မှာတော့ ဂျပန်နိုင်ငံလိုက်သည်။ ကမ္ဘာပေါ်တွင် လက်ရှိရှိနေသည့်  အစာအိမ် ကင်ဆာလူနာများ၏  ထက်ဝက်လောက်က အာရှအရှေ့ဖျား နိုင်ငံများတွင်ဖြစ်သည်။  ဒီတော့ ကိုရီးယား၊  တရုတ်နှင့် ဂျပန်နိုင်ငံများမှာ အစာအိမ်ကင်ဆာ အဖြစ်များသည်ပေါ့။

ကင်ဆာဆိုတာမျိုးက   စောစောသိလေလေ၊    သက်သာပျောက်ကင်းဖို့ လွယ်လေလေဟု အကြမ်းဖျင်းပြောလို့ရသည်။ ဘယ်လောက်ကြိုပြီး ရှာဖွေသည်ဖြစ်စေ မသိနိုင်သည့် ကင်ဆာတချို့လည်း ရှိသည်။ စောစီးစွာရောဂါ ရှာဖွေလို့ရနိုင်သည့် ကင်ဆာများထဲတွင် ရင်သားကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူမကြီး ကင်ဆာစသည်ဖြင့် ပါဝင်ကြသည်။

ဂျပန်နိုင်ငံမှာက ကျန်းမာရေး စောင့်ရှောက်မှု၏ ၇ဝ ရာခိုင်နှုန်းကို အစိုးရမှ ကျခံသည်ဟု အကြမ်းဖျင်း ပြောလို့ရသည်။  အဆိုပါ ကုန်ကျစရိတ်များကလည်း  နိုင်ငံသားတစ်ဦးချင်းစီက  ပေးသွင်းထားသည့်  အခွန်ငွေတွေပါ။

ညီလာခံအတွင်း ဆွေးနွေးချက်များအရ ဂျပန်တစ်နိုင်ငံလုံးမှာ ကင်ဆာရောဂါ မျိုးစုံကုသပေးနေသည့် ဆေးရုံပေါင်း ၃ဝဝ   ခန့်ရှိနေသည်ဟု သိရသည်။

၂ဝ၁၇ ခုနှစ် စာရင်းများအရ ဂျပန်နိုင်ငံလူဦးရေမှာ  ၁၂၇  သန်း နီးပါးရှိသည်ဆိုတော့    ကင်ဆာရောဂါများနှင့် ပတ်သက်ပြီး  လောက်လောက်ငင ကုသပေးနိုင်သည့် အခြေအနေပါ။

ကင်ဆာရောဂါများ ပျံ့နှံ့ဖြစ်ပွားမှုက တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူညီကြ။ အစာအိမ်ကင်ဆာများနှင့် ပတ်သက်လာလျှင် ဂျပန်နိုင်ငံ၏ အစာအိမ်ကင်ဆာ အဖွဲ့ကြီးက ကမ္ဘာက လေးစားရသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်။ ထိုကဲ့သို့ ရောဂါတစ်ခုခုနှင့် ပတ်သက်လာပြီး ကမ္ဘာကျော်ဖို့ဆိုသည်မှာ တိုင်းပြည်ကြွယ်ဝဖို့လိုသည်။ သက်ဆိုင်ရာရောဂါ ဖြစ်ပွားမှုနှုန်းက ထိုနိုင်ငံအတွင်းမှာ များနေဖို့လိုသည်၊ အစိုးရပိုင်းဆိုင်ရာများသာမက ပုဂ္ဂလိကပိုင်းကပါ  ဝိုင်းဝန်းပံ့ပိုးကြဖို့လိုသည်။  စာရေးသူတို့ တက်ရောက်ခဲ့ရသည့် အစာအိမ်ကင်ဆာ ညီလာခံကြီး၏ ပထမနေ့မှာ ဂျပန်နိုင်ငံ အစာအိမ်ကင်ဆာ အထူးကုအဖွဲ့ကြီး၏ ကုသမှုလမ်းညွှန် (Guidelines) အကြောင်းကို အဓိကထားပြီး ဆွေးနွေးကြသည်။

အစာအိမ်ကင်ဆာနှင့် ပတ်သက်လာလျှင် ဂျပန်တစ်နိုင်ငံလုံးမှာ တူညီသည့် စံနှုန်း၊ ကုသမှုဖြစ်နေစေဖို့ ညှိနှိုင်းကြသည့် သဘောပါ။ ညီလာခံနောက်ဆုံး နေ့မှာလည်း ညီလာခံကြီး၏ ခေါင်းစဉ်ဖြစ်သည့်  အစာအိမ်ကင်ဆာ ကုထုံးများနှင့် ပတ်သက်ပြီး တန်းတူညီမျှမှုနှင့် ဗဟိုချုပ်ကိုင်မှုအကြောင်း ဆွေးနွေးကြပြန်သည်။ ဗဟိုဦးစီး အဖွဲ့ကြီး၏ လမ်းညွှန်မှုအတိုင်းကုပါမှ တိုကျိုမြို့ပေါ်မှ အစာအိမ် ကင်ဆာလူနာနှင့် ဂျပန်တောမြို့လေး တစ်မြို့မှ အစာအိမ်ကင်ဆာ လူနာကုသမှု တန်းတူရပေမည်။ နိုင်ငံတော်က တာဝန်ကုသပေးသည့် စနစ်ဖြစ်သောကြောင့် တောနေ၊  မြို့ခံနိုင်ငံသားအားလုံး တန်းတူအခွင့်အရေး ရစေချင်သည့် သဘောဟု နားလည်ရသည်။

ညီလာခံကြီးမှာ အခန်း ၉  ခန်းအတွင်း တစ်ပြိုင်နက် ကျင်းပနေခြင်းဖြစ်သည်။  စာရေးသူတို့အနေဖြင့်  မိမိနှင့်သက်ဆိုင်ပြီး  တိုင်းပြည်အတွက်  အကျိုးရှိမည်ဟု ခန့်မှန်းရသည့် ဆွေးနွေးပွဲများကို  ဦးစားပေးရွေးချယ်ပြီး တက်ရောက်ရသည်။ အစာအိမ်ကင်ဆာနှင့် ပတ်သက်ပြီး ဆေးလက်တွေ့ သုတေသနကျမ်းများ၊   ကုထုံးသစ်များ ဖော်ထုတ်ပေးခဲ့သည့် နိုင်ငံတကာမှ အစာအိမ်ကင်ဆာ ပညာရှင်များ၏   ကိုယ်တိုင်တင်ပြ ဆွေးနွေးချက်များကို နားထောင်ခဲ့ရသည်။

ဂျပန်နိုင်ငံမှာကအသက် ၄ဝ ပြည့်လာလျှင် အစာအိမ်ကင်ဆာ ကြိုတင်ရှာဖွေရေး စီမံချက်အနေဖြင့်  လူတိုင်းကို အစာအိမ်မှန်ပြောင်း အခမဲ့ကြည့်ပေးသည်။  ထို့အတွက်ကြောင့် အစောဆုံးအဆင့် ၁၊ အစာအိမ်ကင်ဆာ လူနာများကို ကုသခွင့်ရကြသည်။ အတွေ့အကြုံရကြသည်။ အနောက်ဥရောပနိုင်ငံ တချို့မှာပင် မရှိသေးသည့်  အစာအိမ်ကင်ဆာ ကြိုတင်ရှာဖွေရေး စီမံချက်ဖြစ်သည့်အတွက် အစာအိမ်ကင်ဆာ အစောဆုံးအဆင့် ကုထုံးများနှင့် ပတ်သက်လာလျှင် ဂျပန်နိုင်ငံကို ယှဉ်နိုင်သူမရှိဟု ပြောလို့ရသည်။

စာရေးသူတို့ဆီမှာကတော့ အစာအိမ်ကင်ဆာ ကြိုတင်ရှာဖွေရေး စီမံချက်မရှိသဖြင့် စောစီးအစာအိမ်ကင်ဆာများ မတွေ့ရှိရပါ။နောက်ကျမှ သိရသည့်   အဆင့် ၃၊  အဆင့် ၄ လူနာများကိုသာ  ကုသခွင့်ရကြသည်။

သက်တမ်းအားဖြင့်လည်း ဂျပန်အစာအိမ်ကင်ဆာ လူနာများလောက် ရှည်နိုင်ဖွယ်မရှိပါ။ သို့ပေမယ့် နိုင်ငံတော် အဆင့်စီမံချက်ဖြင့် အစာအိမ်ကင်ဆာ ကြိုတင်ရှာဖွေသင့်၊  မသင့်ဆိုသည်မှာလည်း   သက်ဆိုင်ရာပညာရှင်များ ဝိုင်းဝန်းဆွေးနွေး ကြရမည့်  အခြေအနေပါ။ Screening ဟုခေါ်ကြသည့် ရောဂါကြိုတင်ရှာဖွေရေး စီမံချက်ဆိုသည်မှာ  နိုင်ငံအတွက် အမှန်တကယ် အကျိုးရှိမှ ရင်းနှီးမြှုပ်နှံသင့်သည်မျိုး ဖြစ်သည်။

ဂျပန်နိုင်ငံတွင်  စောစီး အစာအိမ်ကင်ဆာများကို  မှန်ပြောင်းမှတစ်ဆင့် ကင်ဆာအနာကို ခြစ်ထုတ်ယူသည့် ကုထုံးဖြင့် ကုသနေကြသည်။ ထိုနည်းပညာများကို ဆွေးနွေးကြသည့်အခါ မြန်မာပြည်မှ ခွဲစိတ်ဆရာဝန် မိတ်ဆွေများကို အလွန်သတိရမိသည်။ သူတို့တွေတက်ခွင့်ရလျှင်လည်း ဘယ်လောက်ကောင်းလိုက်မလဲဟူ၍။

ညီလာခံကြီးမှာ အထင်ကရ ဆွေးနွေးကြသည့် နောက်ထပ်အကြောင်းအရာ တစ်ခုက  အဆင့် ၂ နှင့်အထက် အစာအိမ်ကင်ဆာများကို မခွဲစိတ်မီ ကင်ဆာဆေးများ ကြိုသွင်းပြီးမှ ခွဲထုတ်ကြမည့် ကုထုံးအကြောင်းဖြစ်သည်။

Neoadjuvant ကုထုံးဟုခေါ်သည်။ ကင်ဆာဆေးများ သွင်းလိုက်သည့်အခါ အစာအိမ် ကင်ဆာကျိတ်သည် ကျုံ့သွားသည်။ ခွဲစိတ်ရသည်မှာ ပိုလွယ်ကူ သွားသည်။လူနာအတွက်လည်း  အန္တရာယ်နည်းသည်။ ခွဲစိတ်သည့် အခါမှာလည်း ဗိုက်ကို အပေါက်ကျယ်ကျယ် ဖွင့်စရာမလိုဘဲ အပေါက်သေးသေး ဖွင့်နည်း(Laproscope))ဖြင့်  ခွဲစိတ်လို့ ရသွားသည်။

Neoadjuvant  ကင်ဆာဆေးသွင်းနည်း ကုထုံးများကို ဘယ်နှကြိမ်သွင်းမည်၊ ဘယ်လိုသွင်းမည်၊ အဘယ်ဆေးများ သုံးမည်ဟူသည့် သုတေသနရလဒ်များကို နိုင်ငံတကာမှ ဆရာဝန်များနှင့် ဂျပန်ကင်ဆာဆရာဝန်များ ဆွေးနွေးကြသည်မှာ အတုယူဖွယ်ဖြစ်သည်။

စာရေးသူတို့တိုင်းပြည်၏ အစာအိမ်ကင်ဆာကုသမှုမှာ လိုအပ်နေတာ တစ်ခုက ခွဲစိတ်မှု နည်းနာများမှာဖြစ်သည်။မြန်မာပြည်က အစာအိမ်ကင်ဆာ လူနာတွေမှာ အဆင့်လွန်ပြီး ကင်ဆာအကျိတ်ကြီးကို  ထုတ်မရတော့ဘဲ ကင်ဆာဆရာဝန်ဆီ ရောက်လာကြသူတွေ အတော်များသည်။ ဂျပန်နိုင်ငံမှာ  အစာအိမ်ကင်ဆာ ခွဲထုတ်လို့မရဆိုတာ အတော်ရှားသည်။ အစာအိမ်ကင်ဆာကျိတ်ကို ခွဲထုတ်ပြီဆိုရင်လည်း အစာအိမ် တစ်ခုလုံးကိုသာမက အစာအိမ်ပတ်ပတ်လည်မှာ ပျံရည်အကျိတ်များ အားလုံးကိုထုတ်ပစ်မှ စိတ်ချရသည်။ D2 resectionဟုခေါ်သည်။ မြန်မာပြည်မှာ ထိုအဆင့်ထိ ခွဲစိတ်နိုင်သည့် အခြေအနေ အတော့်ကိုနည်းပါးလှပါသည်။

အစာအိမ်ကင်ဆာလူနာများက  အင်အားအတော် ချည့်နဲ့နေတတ်ကြသည်။ နဂိုကတည်းက ကင်ဆာကျိတ်ကြောင့် အစာမစားနိုင်ဘဲ အားနည်းနေကြသူတွေရှိသည်။ အစာအိမ်ကင်ဆာ ခွဲစိတ်လိုက်တော့မှ နောက်ဆက်တွဲ ဆိုးကျိုးတွေဝင်ပြီး အားနည်းသွားကြသူတွေရှိသည်။ တချို့ကတော့ အစာအိမ်တစ်ခုလုံးကို ခွဲစိတ်ထုတ်လိုက်ပြီး နောက်ပိုင်းအစာချေဖျက်မှု အားနည်းသွားပြီး ကျုံလှီသွားကြသူတွေရှိသည်။ ထိုသို့သော လူနာမျိုးစုံအတွက် အာဟာရဖြည့်တင်းရေး ဆွေးနွေးချက်တွေကိုလည်း နားထောင်ကြရသည်။

ဂျပန်ပြည်မှာတီထွင် ထုတ်လုပ်ပြီး အစာအိမ်ကင်ဆာ ကုထုံးမှာ  အလွန်အကျိုးများသည့ှ်၁ အမည်ရဆေးတစ်မျိုးအကြောင်း ဆွေးနွေးချက်များကလည်း စိတ်ဝင်စားဖို့ကောင်းသည်။ ထိုဆေးကို အနောက်နိုင်ငံတချို့မှာ သုံးစွဲခွင့်မရကြသေး။ သို့ပေမယ့် ဂျပန်ပြည်မှ ဆေးလက်တွေ့သုတေသန စမ်းသပ်ချက်များမှာတော့  အတော့်ကိုအောင်မြင်မှုရနေပြီ။  အနောက်နိုင်ငံများမှ ဆရာဝန်တချို့ကတေှာ့၁ နှင့်ပတ်သက်ပြီး မဝံ့မရဲဖြစ်နေကြပုံရသည်။

တစ်ခုတော့ရှိသည်။ အစာအိမ်ကင်ဆာဆိုလိုက်တိုင်း  တစ်ကမ္ဘာလုံး တစ်ပုံစံတည်းမဟုတ်ပါ။  အနောက်နိုင်ငံများမှာဖြစ်တတ်သည့် အစာအိမ်ကင်ဆာနှင့် အာရှအရှေ့ဖျား နိုင်ငံများမှာဖြစ်တတ်သည့် အစာအိမ်ကင်ဆာများ အကြား ကွဲပြားခြားနားချက်တွေရှိနေသည်။ မတူညီသည့် တုံ့ပြန်မှုတွေရှိနေသည်။ ထို့အတွက် သက်ဆိုင်ရာ နိုင်ငံအလိုက် မိမိတိုင်းပြည်မှာ ဖြစ်ပွားတတ်သည့် ကင်ဆာ တစ်ခုချင်းစီအလိုက် ဆေးလက်တွေ့ ကိုယ်ပိုင် သုတေသနတွေ ပြုလုပ်ဖို့ လိုအပ်သည်။

ဖူဂျီတောင်ခြေ နူမတ်ဇုမြို့မှ ဂျပန်အစာအိမ်ကင်ဆာ နှစ်ပတ်လည် အစည်းအဝေးမှအပြန်တွင် အမိမြေမှ အစာအိမ်ကင်ဆာလူနာများ၊ လုပ်ဖော်ကိုင်ဖက် ဆရာဝန်များအတွက် အသိပညာမျှဝေခြင်း လုပ်ငန်းများ တိုးမြှင့် လုပ်ဆောင်မည်ဟု တွေးနေမိပါတော့သည်။ 

ဒေါက်တာ လွှမ်းမိုးဟန်

Read 122 times
Rate this item
(0 votes)
Last modified on Thursday, 07 March 2019 10:19