SJ WorldNews - шаблон joomla Авто

မြန်မာလူမျိုးတို့၏ ဆေးဖက်ဝင်ဘူးသီး

Tuesday, 12 March 2019 12:38 Written by  font size decrease font size decrease font size increase font size increase font size

မြန်မာလူမျိုးတို့၏ မီးဖိုချောင်ထဲတွင် ဘူးသီးသည် အသုံးများသည့်  ဟင်းတစ်ခွက်ဖြစ်သည်။  ဘူးသီးသည်  တစ်ပင်လုံးအသုံးဝင်သော ဆေးဖက်ဝင်သည့် နွယ်ပင်မျိုးဖြစ်သည်။ ဘူးသီးသည် ပူနွေးစွတ်စိုသော ရာသီဥတု ကိုကြိုက်နှစ်သက်ပြီး အအေးဒဏ်ကိုလည်း ခံနိုင်သည်။ အများစုဘူးသီးကို ဥယျာဉ်ခြံစိုက်ပျိုးနည်းအရ စိုက်ပျိုးကြတာများသည်။ မြေသြဇာကြွယ်ဝလျှင် ကြွယ်ဝသကဲ့သို့  ဘူးသီးတစ်ပင်လျှင် အလုံး ၃ဝ မှ ၅ဝ အထိ သီးနိုင်သည်။ ဘူးသီးကို ဟင်းခါးအဖြစ်လည်းကောင်း၊   ပြုတ်ပြီးတို့စားခြင်းအဖြစ် လည်းကောင်း၊ အကြော်အဖြစ် လည်းကောင်း အမျိုးမျိုးချက်ကြသည်။ဘူးညွန့်ကိုလည်း ဟင်းရည်အဖြစ် ချက်စားကြတာများသည်။  ဘူးရိုးကိုပြုတ်ပြီး အတို့အမြှုပ်အဖြစ် စားသုံးကြသည်။

ဘူးသီးတွင်ဗီတာမင်စီ၊ မဂ္ဂနီစီယမ်၊ ဇင့်၊ သံဓာတ်နှင့် သိုင်ယာမင်တို့ ပါဝင်သည့်အတွက် ကျန်းမာရေးအတွက် များစွာအကျိုးပြုသည်။ သွေးတွင်း သကြားဓာတ်များကိုလည်း ကျဆင်းစေသည်။ ဘူးသီးသည် ပပ်တိုက်နှင့် အယ်ကာလွိုက်တို့ ပါဝင်ရာမှ သွေးအတွင်း သကြားဓာတ်များကို ကျဆင်းစေသောကြောင့် ဆီးချိုဝေဒနာရှင်များနှင့် အထူးသင့်လျော်သည်။

ဘူးသီးတွင် ဘီတာကယ်ရိုတင်း ဓာတ်ပါဝင်မှုကြောင့် အမြင်အာရုံကို ကောင်းမွန်စေသည်။  သွေးကိုလည်း သန့်စင်ပေးနိုင်ခြင်းကြောင့် ရောဂါများကို တိုက်ထုတ်ပြီးသား ဖြစ်စေသည်။ ဘူးသီးကို  စားသုံးပေးခြင်းဖြင့် အစာအိမ်ရောဂါ၊အစာအိမ်အူလမ်းကြောင်း  ပိုးဝင်ခြင်းနှင့် လိပ်ခေါင်းရောဂါများကို သက်သာစေသည်။ ဘူးသီးတွင်ပါဝင်သော သတ္တုရည်သည် ဆံပင်ဖြူခြင်းကို ကာကွယ်ပေးနိုင်သည်။ ဘူးရွက်တွင် ပါဝင်သော သတ္တုရည်သည်လည်း အသားဝါခြင်းကိုသက်သာစေသည်။  ဘူးညွန့်သည် အသားအရေကို စိုပြည်ဝင်းပစေရန် ထိန်းသိမ်းပေးနိုင်သည်။

ဘူးသီးတွင်ပါဝင်သော     အယ်ကာလွိုက်သည် အက်စစ်ဓာတ်လွန်ကဲမှု၊ အစာမကြေခြင်းနှင့် အစာအိမ် အနာတို့ကို သက်သာစေသည်။ ကိုယ်အလေးချိန်ကို လျော့ကျစေသော အသီးလည်းဖြစ်သည်။  ဘူးသီးတွင် ရေဓာတ် ၉၆ ရာခိုင်နှုန်း ပါဝင်သည့်အတွက် ဘူးသီး ၁ဝဝ ဂရမ် စားပါက ၁၂ ကယ်လိုရီသာ ရရှိနိုင်သည်။ သို့ဖြစ်ပါသောကြောင့် ဘူးသီးများ စားသုံးပေးပါက ကိုယ်အလေးချိန်ကို လျော့ကျစေသည်။

ဘူးသီးတွင်ပါဝင်သော အမျှင်ဓာတ်၊ ရေဓာတ်၊ ဗီတာမင်စီ၊ ရိုင်ဘိုဖလေဗင်၊ သိုင်ယာမင်၊ သံဓာတ်တို့ကြောင့် အသည်းကို ကောင်းမွန်စေသည်။ အရက်သောက်များသူများတွင် ဖြစ်သည့် အယ်ကိုဟော ထိခိုက်မှုကိုလည်း ကာကွယ် လုပ်ဆောင်ပေးနိုင်သည်။ ဘူးသီးသည် ညောင်းညာမှုများကို သက်သာစေသည်။ အမျှင်ဓာတ်များ ပါဝင်ခြင်းကြောင့် ဝမ်းကိုလည်း မှန်စေသည်။ ဘူးသီးကို စားပေးခြင်းဖြင့် နာ့ဗ်ကြောများကို အားကောင်းစေသည့်အတွက် အလုပ်တစ်ခုကို  ထပ်ခါထပ်ခါ လုပ်တတ်သည့်   အကျင့်၊ စိတ်စွဲလမ်းမှုများကို လျော့ကျစေသည်။

ဘူးသီးတွင် သွေးတိုးကျစေသော အာနိသင်ရှိသကဲ့သို့ နှလုံးရောဂါကို သက်သာစေသော အစွမ်းလည်းရှိသေးသည်။ ဘူးသီးကို လူကြီးလူငယ်မရွေး စားသုံးပေးနိုင်သည်။ ရေဓာတ် ပါဝင်မှုများခြင်းကြောင့် ဆီးမကောင်းသူများ၊ ဝမ်းလျှောခြင်းကြောင့် ရေဓာတ် လိုနေသူများအနေဖြင့်    ဘူးသီးပြုတ်ကို ဖျော်ရည်လုပ်ပြီး သောက်ပေးနိုင်သည်။ ဆံပင်မရှိ၍ ထိပ်ပြောင်နေသူများ အနေဖြင့်လည်း ဘူးညွန့်၊  ဘူးရွက်အရည်ကို လိမ်းပေးနိုင်သည်။

ဘူးသီးသည် အာရုံကြောကို အားကောင်းစေပြီး မှတ်ဉာဏ်ကို ဖွံ့ဖြိုးတိုးတက်စေသည်။ ဘူးသီးသည် အဆိပ်ပြေစေရန်အတွက် စားသုံးပေးသင့်သော အသီးတစ်မျိုးလည်း ဖြစ်သည်။

နံနက်ခင်းထမင်းမစားမီ အချိန်တွင် ဘူးသီးကို ဖျော်ရည်လုပ်ကာ သောက်ပေးခြင်းဖြင့် အရွယ်တင်နုပျိုစေသည်။ ဘူးညွန့်သည် သွားကိုက်ခြင်းကို  သက်သာစေသည်။

သွားများမပျက်စီးစေရန် ကြိုတင်ကာကွယ်သည့် အနေဖြင့် ဘူးညွန့်အရည်နှင့် ပလုတ်ကျင်းပေးနိုင်သည်။ ကျွန်မတို့၏ အူအတွင်းရှိ အညစ်အကြေးများ သန့်စင်စေရန်အတွက် ဘူးညွန့်၊ ဘူးရွက်တို့ကို မကြာခဏကြော်စား ပေးရမည်။

အူကို သန့်စင်ပေးသည့်အတွက် ကျွန်မတို့စားသော အစားအစာများသည်လည်း ရသရည်အဖြစ် ကူးပြောင်းကာ သွေးသည်လည်း သန့်စင်ပြီးဖြစ်သွားမည်။ ဘူးသီးသည် ချိုသည်။ အေးသည်။ လေကိုပွားစေသည်။ နှလုံးကို အကျိုးပြုသည်။  ကိုယ်ဝန်ဆောင် အမျိုးသမီးများကိုလည်း အထောက်အပံ့ရစေသည်။ သည်းခြေကြောင့်ဖြစ်သော၊ သလိပ်ကြောင့်ဖြစ်သော ရောဂါများကို ပြေပျောက်နိုင်စွမ်းလည်း ရှိသည်။

အအေးဓာတ်ဆောင်သော ဘူးသီးကို မြန်မာအများစုက ကြိုက်နှစ်သက်လေ့ ရှိကြသည်။ အလှူမင်္ဂလာပွဲများတွင် ဘူးသီးအချဉ်ရည်၊ ဘူးသီးဟင်းချိုတို့က ခံတွင်းတွေ့စေသော ဟင်းရည်ဖြစ်သည်။ ဘူးသီးသည် ရင်ချောင်စေသည်။သွေးပူသွေးဆူသည့် ဝေဒနာများကို သက်သာစေသည်။ဆီးပူညောင်းကျ ရောဂါများကိုလည်း သက်သာစေသည်။

ဘူးမြစ်ကိုစဉ်းပြီး ထန်းလျက် အနည်းငယ်ထည့်ကာ စိမ်ဆေးအဖြစ် စမုန်မျိုးငါးပါး၊  ဆားပုပ်၊  ကြက်သွန်ဖြူထည့်ပြီး ကျိုသောက်ပေးပါက လေကိုနိုင်စေသည်။ ခေါင်းကိုက်ဝေဒနာ ခံစားနေရသူများအနေဖြင့်လည်း ဘူးသီးစိမ်း အဖတ်ကိုဓားဖြင့်လှီး၍ နဖူးပေါ်တွင် တင်ထားပါက ဝေဒနာကို သက်သာစေသည်။  အဆိပ်ရှိသော ကင်းကိုက်လျှင် ဒဏ်ရာတွင် ဘူးသီးအတွင်းသားကို ကြိတ်ခြေပြီး အုံပေးနိုင်သည်။

ကိုယ်ဝန်ဆောင် အမျိုးသမီးများ အနေဖြင့် ဘူးသီးအတွင်းသား တစ်ဆယ်ကျပ်သားကို သကြားနှင့်ယိုထိုးပြီး စားသုံးပေးပါက ကျန်းမာသော ရင်သွေးကို မွေးဖွားနိုင်စွမ်းရှိသည်။ အသည်း၏ လုပ်ငန်းဆောင်တာများကိုလည်း ဟန်ချက်ညီစေသည်။ နုံးချည့်နေသူများ အနေဖြင့် ဘူးသီးဟင်းရည်ကို သောက်ပေးခြင်းဖြင့် လန်းဆန်းစေသည်။အထူးသဖြင့် ပူပြင်းသော ရာသီဥတုများတွင် ပိုမိုလန်းဆန်းစေသည်။ ဆေးဝါးဗေဒဂျာနယ်၏ လေ့လာမှုတစ်ခုအရ ဘူးသီးသည် စိတ်စွဲလမ်းမှု ဝေဒနာကို လျှော့ချပေးနိုင်စွမ်း ရှိသည်ကို တွေ့ရသည်။

ဘူးသီးကို စားပေးခြင်းဖြင့် အစာမကြေသည့်ဝေဒနာကို လျှော့ချပေးနိုင်သည်။ သို့သော် ဘူးသီးကို ညအိပ်ရာ ဝင်ခါနီးနှင့် အေးသောရာသီဥတုများတွင် ပူနေတုန်း စားသုံးပေးသင့်သည်။ဘူးသီးသည် အပူပေးချက်ပြုတ်ပြီးမှ စားသုံးရမည့် ဟင်းသီးဟင်းရွက် တစ်မျိုးလည်းဖြစ်သည်။ အစိမ်းစားပါက အစာအိမ်နှင့် အူမများကို အန္တရာယ်ဖြစ်စေသည်ကိုလည်း သတိပြုထားသင့်သည်။ဤသို့ဖြင့် မြန်မာလူမျိုးတို့၏ ဆေးဖက်ဝင် ဘူးသီးပင် အကြောင်း တင်ပြ လိုက်ရပါသည်။  

မုဒိသာ (တောင်သာ)

Read 111 times
Rate this item
(0 votes)
Last modified on Tuesday, 12 March 2019 12:39