SJ WorldNews - шаблон joomla Авто

ကိုယ်ဝန်ဆောင် မိခင်များနှင့် ဆီးချို အန္တရာယ်

Wednesday, 13 March 2019 12:15 Written by  font size decrease font size decrease font size increase font size increase font size

ကမ္ဘာ့ဆီးချိုအဖွဲ့(International Diabetes Federation)၏ ခန့်မှန်းချက်အရ ၂ဝ၁၇ ခုနှစ်တွင် ကိုယ်ဝန်ဆောင် ဆီးချိုဝေဒနာရှင်ပေါင်း ၂၁ ဒသမ ၃ သန်းအထိ ရှိနေသည်ကို တွေ့ရှိရသည်။ ကိုယ်ဝန်ဆောင် ဆီးချိုရောဂါကို  အကြမ်းဖျင်းအားဖြင့် နှစ်ပိုင်းခွဲခြားနိုင်ပါသည်။ ၎င်းတို့မှာ ကိုယ်ဝန်မဆောင်ခင်ကတည်းက ရှိသော ဆီးချိုရောဂါနှင့် ကိုယ်ဝန်ဆောင်မှသာ တွေ့ရှိရသော ဆီးချိုရောဂါတို့ဖြစ်သည်။ ကိုယ်ဝန်ဆောင်မိခင်များတွင် ဆီးချိုရောဂါဖြစ်ပွား

ပါက ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးငယ်များတွင် မွေးရာပါ ရောဂါဆိုးများ ရရှိနိုင်ခြင်း၊ မွေးကင်းစတွင်  ရုတ်တရက် သေဆုံးခြင်းများ ဖြစ်ပွားနိုင်သည်။

ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်များတွင် ဆီးချိုရောဂါ ရှိ၊ မရှိ စစ်ဆေးသင့်သည်။ အကယ်၍ ကိုယ်ဝန်မဆောင်ခင်ကတည်းက  ဆီးချိုရှိနေလျှင်လည်းဆီးချိုရောဂါကို စနစ်တကျကုသမှု ခံယူသင့်သည်။

ကိုယ်ဝန်ဆောင် မိခင်များကို ဆီးချိုရှိ၊ မရှိမစစ်ဆေးမီ ဆီးချိုဖြစ်နိုင်ခြေ များသောအုပ်စုနှင့် ဆီးချိုဖြစ်နိုင်ခြေ နည်းသောအုပ်စု ဟူ၍ နှစ်ပိုင်းခွဲခြားရန် လိုအပ်သည်။ ဆီးချိုဖြစ်နိုင်ခြေများသော သူများအကြောင်းကို အနည်းငယ် ပြောပြလိုပါသည်။ ၎င်းတို့မှာ-

 (၁)    အဝလွန်သူများ၊

 (၂)    ယခင်မွေးဖွားစဉ်က ကလေး၏ ကိုယ်အလေးချိန်မှာ ၈ ဒသမ ၈ ပေါင်ကျော်သူများ၊

 (၃)    ယခင်ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါရှိသူများ၊

 (၄)    အမျိုးရင်းချာထဲတွင် ဆီးချိုရောဂါရှိသူများ၊

 (၅)    တောင်အာရှနိုင်ငံများတွင်နေထိုင်သော မျိုးနွယ်ဝင်များ၊

 (၆)    ယခင်မွေးဖွားစဉ်က မွေးဖွားရာဇဝင် မကောင်းသူများ (ဥပမာ-ကိုယ်ဝန်       ပျက်ကျခြင်း)စသည်တို့ဖြစ်သည်။

ဆီးချို ဖြစ်နိုင်ခြေနည်းသောသူများ အကြောင်းကိုလည်း ဆက်လက် ရှင်းပြလိုပါသည်။ ၎င်းတို့မှာ-

 (၁)    အသက် ၂၅ နှစ်အောက်ရှိသူများ

 (၂)    ကိုယ်အလေးချိန် ပုံမှန်ရှိသူများ

 (၃)    ယခင်ကိုယ်ဝန်ဆောင်စဉ် ဆီးချိုမဖြစ်ဖူးသူများ

 (၄)    ယခင်ကိုယ်ဝန်ဆောင်စဉ် မွေးဖွားရာဇဝင်ဆိုး မရှိဖူးသူများ စသည်   တို့ဖြစ်သည်။

ဆီးချိုဖြစ်နိုင်ခြေ အနည်းအများပေါ်မူတည်၍   ဆီးချိုရောဂါ ရှိ၊မရှိ စစ်ဆေးသည့် နည်းလမ်းများ ကွာခြားသည်။  ဆီးချိုဖြစ်နိုင်ခြေနည်းသော အုပ်စုတွင် ပါဝင်သူများကို သာမန်အားဖြင့် ဆီးချိုစစ်ဆေးရန် မလိုအပ်ပါ။ ဆီးချိုဖြစ်နိုင်ခြေများသော အုပ်စုတွင် ပါဝင်သူများကို   တတ်နိုင်သမျှ ဆောလျင်စွာ ဆီးချိုစစ်ဆေးသင့်သည်။ ထိုကဲ့သို့စစ်ဆေးပြီး ဆီးချိုတွေ့ရှိပါက အမြန်ဆုံးကုသရန် လိုအပ်သည်။ အကယ်၍  ဆီးချိုမတွေ့ခဲ့လျှင်လည်း ၂၄ ပတ်နှင့် ၂၈ ပတ်ကြားတွင် နောက်တစ်ကြိမ် ဆီးချိုစစ်ဆေးသင့်သည်။

ဆီးချိုစစ်ဆေးရာ၌  ပုံမှန်လူများတွင်အသုံးပြုသော သုံးလတွင်း ဆီးချိုဓာတ်ကို အသုံးမပြုဘဲ ဂလူးကို့ ၇၅ ဂရမ် တိုက်ကျွေး၍ သွေးတွင်းသကြားဓာတ် တိုင်းတာသောစနစ်ကို အသုံးပြုသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ဆောင်စဉ်တွင် သွေးအားနည်းခြင်း၊  သွေးနီဥ၏ သက်တမ်းတိုခြင်းကြောင့် သုံးလတွင်း သကြားဓာတ်မှာ မှားယွင်းနိုင်သည်။

ကိုယ်ဝန်ဆောင်ဆီးချိုအဖြစ် သတ်မှတ်နိုင်ရန်အတွက် အောက်ပါအချက်များမှ တစ်ချက်နှင့်ပြည့်စုံရန် လိုအပ်ပါသည်။ ၎င်းတို့မှာ-

(၁)     အစာမစားမီ သွေးတွင်းသကြားဓာတ် ၉၂ မီလီဂရမ်ပါ ဒက်ဆီလီတာနှင့် အထက်ရှိခြင်း၊

(၂)     ဂလူးကို့ ၇၅ ဂရမ်တိုက်ပြီး ၁ နာရီကြာတွင် တိုင်းသော  သွေးတွင်းသကြားဓာတ်  ၁၈ဝ  မီလီဂရမ်ပါ ဒက်ဆီလီတာနှင့် အထက်ရှိခြင်း၊

(၃)     ဂလူးကို့ ၇၅ ဂရမ်တိုက်ပြီး နှစ်နာရီကြာတွင် တိုင်းသော သွေးတွင်း   သကြားဓာတ် ၁၅၃ မီလီဂရမ်ပါ ဒက်ဆီလီတာနှင့် အထက်ရှိခြင်း  တို့ဖြစ်သည်။

ကိုယ်ဝန်ဆောင် ဆီးချိုဝေဒနာရှင်တစ်ဦးတွင် ရှိသင့်သည့် သွေးချိုပမာဏမှာ အောက်ပါအတိုင်းဖြစ်သည်။ ၎င်းတို့မှာ-

(၁)     အစာမစားမီ ၉၅ မီလီဂရမ်ပါ ဒက်ဆီလီတာနှင့် အောက်ရှိခြင်း

(၂)     အစာစားပြီး ၁ နာရီတွင် ၁၄ဝ မီလီဂရမ်ပါ ဒက်ဆီလီတာနှင့် အောက်ရှိခြင်း

(၃)     အစာစားပြီး နှစ်နာရီတွင် ၁၂ဝ မီလီဂရမ်ပါ ဒက်ဆီလီတာနှင့်အောက် ရှိခြင်းတို့ဖြစ်သည်။

ကိုယ်ဝန်ဆောင် ဆီးချိုရောဂါကို  ကုသရာတွင် ပထမဦးစွာ နေထိုင် စားသောက်မှုပုံစံဖြင့် ကုသသင့်သည်။ နေထိုင်စားသောက်မှု ပုံစံများကို ဥပမာ အနေဖြင့် ရှင်းပြလိုသည်။ ၎င်းတို့မှာ-

 (၁) ကစီဓာတ်ပါဝင်မှုများသော အစားအစာများကို လျှော့စားပါ။

 (၂) အချိုလွန်ကဲသောအစားအစာများကိုရှောင်ပါ။

 (၃) အဆီအအိမ့်များကို ရှောင်ပါ။

 (၄) အသားငါးကို သင့်တင့်မျှတအောင် စားပါ။

 (၅) အမျှင်ဓာတ်ပါဝင်သော အစားအစာများကို စားပါ။

 (၆) စိတ်ဖိစီးမှုကိုလျှော့ချပါ။

 (၇) အငန်လျှော့စားပါ။

 (၈) ဆေးလိပ်သောက်ခြင်းကိုရှောင်ပါ။

 (၉) ကိုယ်ဝန်ဆောင်နှင့် သင့်လျော်သော   ကိုယ်လက် လှုပ်ရှားမှုများကို    ဆရာဝန်ညွှန်ကြားသည့် အတိုင်းပြုလုပ်ပါ။

 (၁ဝ) အဝမလွန်အောင် ထိန်းသိမ်းပါ (ကိုယ်အလေးချိန်များသော ဆီးချိုဝေဒနာရှင်များ အနေဖြင့် ကိုယ်ဝန်ဆောင်စဉ်တွင် ၁၅ ပေါင်မှ ၂၅ ပေါင်အထက်ပို၍ မတက်စေရန် ထိန်းသိမ်းသင့်သည်။)

ဆက်လက်၍   လွဲမှားနေသော အယူအဆအချို့ကို တင်ပြလိုပါသည်။၎င်းမှာ ကလေးနှင့် မတည့်မှာစိုး၍ အစားရှောင်ခြင်းနှင့် အစာကိုသင့်တင့် မျှတစွာစားသုံးပါက ကလေးထွားပြီး ရိုးရိုးမွေးရန် ခက်ခဲမည်ကိုစိုးရိမ်ခြင်းတို့ ဖြစ်သည်။ ထိုလွဲမှားသော အယူအဆများကို ကျင့်သုံးပါက ကလေးရောမိခင်ပါ အာဟာရချို့တဲ့ခြင်း၏ နောက်ဆက်တွဲရောဂါများကို ခံစားရနိုင်သည်။

နောက်ထပ် ဝမ်းသာစရာကောင်းသော သတင်းတစ်ခုကို ပြောပြချင်ပါသည်။၎င်းမှာ ကိုယ်ဝန်ဆောင် ဆီးချိုဝေဒနာရှင်များ၏ ၇ဝ မှ ၈၅ ရာခိုင်နှုန်းမှာ ဆေးသောက်ရန် မလိုဘဲ နေထိုင်စားသောက်မှု ဆိုင်ရာနည်းလမ်းကောင်းများကို လိုက်နာ ကျင့်သုံးခြင်းဖြင့် ဆီးချိုထိန်းနိုင်သည်ကို တွေ့ရှိရခြင်းဖြစ်သည်။

အကယ်၍ ဆေးပေးရန် လိုအပ်ပါက အင်ဆူလင်ထိုးဆေးကို ဦးစားပေးအနေဖြင့် ကုသသင့်သည်။  အင်ဆူလင်ထိုးရန် အဆင်မပြေမှသာ သောက်ဆေးများဖြစ်သော မက်ဖော်မင်နှင့် ဂလိုင်ဗျူရိုက်ကို စဉ်းစားသင့်သည်။ အဘယ်ကြောင့်ဆိုသော် သောက်ဆေးများသည် ကလေးနှင့်မိခင်ကို ဆက်သွယ်ထားသော အချင်းကိုဖြတ်နိုင်ပြီး ကြာရှည်စွာ စမ်းသပ်ထားသော သုတေသနများ ခိုင်ခိုင်လုံလုံ မရှိသောကြောင့်ဖြစ်သည်။

အင်ဆူလင်ထိုးရာတွင်လည်း ကိုယ်ဝန် အနုအရင့်ပေါ် မူတည်၍ အင်ဆူလင် လိုအပ်မှုကွာခြားသည်။ မွေးဖွားခါနီးလေလေ အင်ဆူလင် လိုအပ်လေလေ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မွေးဖွားခါနီးလေလေ အင်ဆူလင်ခုခံအား များလေလေ ဖြစ်သောကြောင့်ဖြစ်သည်။ ပထမသုံးလတွင် တစ်နေ့တာ အင်ဆူလင် လိုအပ်ချက်မှာ   သုည ဒသမ ၇ ယူနစ်ပါ ကီလိုဂရမ်ဖြစ်ပြီးဒုတိယသုံးလတွင်  သုည ဒသမ ၈ ယူနစ်ပါ ကီလိုဂရမ်နှင့် မွေးဖွားခါနီးတွင် ၁ ယူနစ်ပါ ကီလိုဂရမ်အထိ လိုအပ်လာနိုင်သည်။  အင်ဆူလင်သည် ကိုယ်ဝန်ဆောင်မိခင်များတွင် အကောင်းဆုံးဆေးဟု ဆိုသော်လည်း အင်ဆူလင်တိုင်း Safe မဖြစ်သည်ကို သိထားသင့်သည်။ ယခင်ကတည်းက အသုံးပြုခဲ့သည့် အင်ဆူလင်များဖြစ်သော  Regular Insulin နှင့် NPH Insulin များသည် အကြမ်းဖျင်းအားဖြင့် Safe ဖြစ်ပြီး   ဆေးအသစ်များဖြစ်သော Detemir, Lispro နှင့် Aspart Insulin  များသည် Safe ဖြစ်သည်။  နောက်ထပ်ဆေးအသစ်များဖြစ်သော Glargine,Glulisineနှင့် Degludec Insulin များသည်

Safety Data အတွက် သုတေသနပြုလုပ်ဆဲဖြစ်သည်။

ဆက်လက်၍  မွေးဖွားစဉ်တွင်ရှိသင့်သည့် သွေးတွင်းသကြားဓာတ် ပမာဏကို ရှင်းပြလိုသည်။  ၎င်းမှာ  ၇ဝ နှင့် ၁၂၆ မီလီဂရမ်ပါ ဒက်ဆီလီတာအတွင်း ရှိသင့်သည်။   မွေးဖွားပြီးစတွင်  သွေးတွင်းသကြားဓာတ် ရုတ်တရက် ပြုတ်ကျတတ်သဖြင့် အင်ဆူလင်ကို ပုံမှန်ထိုးနေကျထက်လျှော့၍ ထိုးရန်လိုအပ်သည်။ ထို့ပြင် သွေးတွင်းသကြားဓာတ်ကိုလည်း မကြာခဏ စစ်ဆေးရန်လိုအပ်သည်။  နို့တိုက်မိခင်များ အနေဖြင့် ယခင်က မက်ဖော်မင်ဆေးဖြင့် ကုသထားပါက ၎င်းမက်ဖော်မင်ဆေးကို ဆက်လက် သောက်သုံးနိုင်သည်။

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါသည် ကလေးရောမိခင်ပါ အန္တရာယ်ပေးနိုင်သော ရောဂါဖြစ်သည့် အတွက်    ကိုယ်ဝန်မဆောင်မီကတည်းက ရောဂါ၏ လက္ခဏာများနှင့်  ဆောင်ရန် ရှောင်ရန်များကို နားလည်တတ်ကျွမ်းသော ဆရာဝန်များနှင့် စနစ်တကျ ဆွေးနွေးတိုင်ပင်သင့်သည်။ ကိုယ်ဝန်ဆောင် ဆီးချိုရောဂါသည် တစ်ကြိမ်ဖြစ်ဖူးပါက နောက်ပိုင်းဆီးချိုရောဂါ ဖြစ်နိုင်ခြေမှာ ၇ဝ ရာခိုင်နှုန်းခန့်အထိ  ရှိနိုင်သည်။ ထို့ကြောင့် မွေးဖွားပြီး လေးပတ်မှ ၁၂ ပတ်အကြာတွင် ဆီးချိုရှိ၊ မရှိ ပြန်လည် စစ်ဆေးသင့်သည်။

အကယ်၍ ၎င်းအချိန်တွင် သွေးတွင်းသကြားဓာတ် ပုံမှန်ဖြစ်နေလျှင်လည်း တစ်နှစ်တစ်ခါ သို့မဟုတ် သုံးနှစ်တစ်ခါ ဆက်လက်၍  ဆီးချိုရှိ၊ မရှိ စစ်ဆေး သွားသင့်ပါကြောင်း တင်ပြလိုက်ရပါသည်။  

ဒေါက်တာ သိန်းစိုးထွန်း

Read 115 times
Rate this item
(0 votes)
Last modified on Wednesday, 13 March 2019 12:16