SJ WorldNews - шаблон joomla Авто

စိတ်ပျော်အောင်နေ အသက်ရှည်

Thursday, 14 March 2019 12:05 Written by  font size decrease font size decrease font size increase font size increase font size

လူ့ဘဝဟူသည် ရခဲလှသည်ဆိုသော်လည်း ရလာပြန်သော အခါတွင်လည်း ပတ်ဝန်းကျင်နှစ်မျိုးနှင့်ရင်ဆိုင်ရပြန်သည်။ ထိုပတ်ဝန်းကျင်နှစ်မျိုးမှာ-

(၁) သဘာဝပတ်ဝန်းကျင်

(၂) လူ့ပတ်ဝန်းကျင်တို့ဖြစ်သည်။

လူတိုင်းသည် ဤပတ်ဝန်းကျင်နှစ်မျိုးနှင့် လိုက်လျောညီထွေ ဖြစ်အောင် နေကြရပြီး မနေနိုင်သောသူများမှာ အသက်တိုရမည်သာဖြစ်သည်။

စာရေးသူသည် ကျန်းမာရေး ဆောင်းပါးများသာ ရေးသားသူဖြစ်သဖြင့် လူ့ပတ်ဝန်းကျင်အကြောင်းကို မရေးသားနိုင်ပါ။ လူ့ပတ်ဝန်းကျင်သည် အတွေးအခေါ်ပိုင်း ဆိုင်ရာ၊ ဝါဒဆိုင်ရာ၊ လူမျိုးရေးဆိုင်ရာ၊ ဘာသာရေး ဆိုင်ရာတို့နှင့် ရှုပ်ထွေးလှပြီး အလွန်ကျယ်ပြန့်လွန်းသည်။ ဆေးဆရာတစ်ဦး အနေဖြင့် လက်လှမ်းမမီနိုင်ပါ။

သို့ကြောင့် လူတို့၏ကျန်းမာရေး၊ အသက်ရှင်ရေးနှင့် ပတ်သက်သော သဘာဝပတ်ဝန်းကျင် အကြောင်းကို ရေးသားလိုသည်။ သဘာဝပတ်ဝန်းကျင်တွင်-

 ၁။ ရာသီဥတု၊

 ၂။ အနေအထိုင်၊

 ၃။ အစားအသောက်၊

 ၄။ အပြုအမူတို့သည် ကျန်းမာရေးနှင့် ဆက်နွှယ်နေသော အခြေခံအချက်များ ဖြစ်သည်။

ထိုအချက်များတွင်လည်း ရာသီဥတုဟူသော အချက်မှာ သူ့အလို အလျောက် ရေမြေတောတောင် သဘာဝအခြေခံ၊ မိုးလေဝသအခြေခံ အပေါ် မူတည်၍ ကံအကြောင်း တရားကြောင့် တဲအိမ်တွင် နေရသည်။ တိုက်အိမ်တွင် နေရသည်။ သန့်ရှင်းသော အရပ်ဒေသတွင် နေရသည်။ ညစ်ပတ်နံစော်သော၊ လူနေထူထပ်သော နေရာတွင် နေရသည် စသည်ဖြင့် မိမိတို့မိသားစုလိုက် စီးပွားရေး အဆင်ပြေရာတွင် ရသော ဝင်ငွေအဆင့် အတန်းဖြင့် နေကြရသဖြင့် တစ်ခါတစ်ရံတွင် မိမိနေချင်သလို ဖန်တီး၍မရနိုင်ပေ။ ပျော်ရာမှာမနေရ၊ တော်ရာမှာနေရသည့် အခါများလည်း ရှိနိုင်ပေသည်။

မိမိဘဝပေးအခြေအနေအရ  တဲပေါ်မှာနေသူသည်  တိုက်ပေါ်မှာနေ ချင်၍မရနိုင်ပေ။ စိတ်ကူးယဉ်နေမည့် အစား ကြိုးစားမှရမည်။ တိုက်ပေါ် မှာနေပြီး မွန်းကျပ်နေသူမှာလည်း တောရိပ်၊ တောင်ရိပ်၊ ကန်ရေပြင်ကျယ်နှင့် အေးမြသော လေကောင်းလေသန့် ရသောနေရာကို မက်မောပေလိမ့်မည်။ သို့သော် မိမိအသက်မွေး ဝမ်းကျောင်းနှင့် စီးပွားရေးရှိသော နေရာမှာသာ တစ်သက်လုံး မွန်းကျပ်စွာ နေသွားရတတ်သည်။ ဤသည်မှာ ပြောင်းလဲချင်တိုင်း ပြောင်းလဲမရသော ဘဝအခြေအနေများ ဖြစ်သည်။

သို့သော်  ကျန်းမာရေး ရှုထောင့်နှင့်မညီသော  အနေအထိုင်များကို ကိုယ်တိုင်ပြုပြင်ယူရမည့် အရာများလည်းရှိသည်။ သဘာဝထက်လွန်ကဲ၍ အအေးကြိုက်ခြင်း၊ အအေးခံလွန်းခြင်း၊ ဥပမာအားဖြင့် အင်္ကျီချွတ်ဖြင့် နေထိုင်ခြင်း၊ ပန်ကာလေခံခြင်း၊ အဲယားကွန်းကို အအေးချိန် လွန်ကဲအောင် ဖွင့်ခြင်း၊ တံခါးပေါက်ဖွင့်ပြီး လေတိုက်ခံအိပ်ခြင်း၊ အချိန်မဲ့ အခါမဲ့ရေချိုးခြင်း၊ အချိန်ကြာမြင့်စွာ အအေးခံပြီး ရေချိုးခြင်း စသည်တို့ကို ကိုယ်တိုင် မဆင်ခြင်သဖြင့်   အအေးပတ်ခြင်းနှင့် နောက်ဆက်တွဲ အအေးပတ်၍ လေဖြတ်ခြင်း၊ ယနေ့ခေတ်စားနေသော Heat Stroke  ရခြင်းများ  ဖြစ်နိုင်သည်။

အပူလွန်ကဲသော ရာသီများတွင် လူတိုင်းပင် အအေးကို ရှာကြသည်။ ငွေကြေးတတ်နိုင်လျှင် ပြင်ဦးလွင်ကဲ့သို့သော အေးသောအရပ်သို့ ပြောင်းရွှေ့နေကြသည်။ အလုပ်ကြောင့် မသွားနိုင်သောအခါ အဲယားကွန်းခန်းဖြင့် နေကြသည်။ ဤသည်မှာ ငွေကြေး တတ်နိုင်သူများအတွက် ဖြစ်သည်။

ငွေကြေး မတတ်နိုင်သူများအတွက်မှာ ခံနိုင်ရည်ကို မွေးယူကြရန်ဖြစ်သည်။ သဘာဝအရ အအေးဓာတ်ရှိသော သစ်ရိပ်၊ ဝါးရိပ် မရှိသောအခါ၊ ပန်ကာလေပင် အသုံးမပြုနိုင်သောအခါ ခံနိုင်ရည်ကို မွေးမြူရမည်ဖြစ်သည်။ ပါးသောအင်္ကျီ၊ လုံချည်၊ ချည်ထည် စသည်တို့ကို ဝတ်ပြီး ငြိမ်သက်စွာနေလျှင် အပူဒဏ်ကို ခံနိုင်သည်။ သင်ဖြူးဖျာ၊ မြက်ဖျာတို့ဖြင့် အိပ်လျှင်လည်း အပူဒဏ်ကိုခံနိုင်သည်။

တရားရိပ်သာတစ်ခုတွင်   အလွန်ပူပြင်းသော အချိန်၌   သွပ်မိုးဓမ္မာရုံ အောက်တွင် တရားထိုင်မည့်အစား အပြင်ကွင်းပြင် သစ်ပင်ရိပ်တွင် ကွပ်ပျစ်ငယ်လေး ပြုလုပ်ပြီး တရားထိုင်ကြသည်ကို တွေ့ရဖူးသည်။ အပူဒဏ် ပြင်းသော်လည်း တရားမှတ်ပြီး စိတ်အေးချမ်းမြေ့သွားသောအခါ ခန္ဓာအပူ ငြိမ်းသွားသည်ဟု သက်ကြီးရွယ်အို ယောဂီ အဘွားတစ်ဦးက ပြောဖူးသည်ကို အမှတ်ရသည်။

ထိုအချိန်က မြို့တွင်းရှိ ရပ်ကွက်များတွင် အပူဒဏ်ကြောင့် လူကြီးများ အလွန်အသေအပျောက် များချိန်ဖြစ်သည်။ နေမွန်းတည့်ချိန်တွင် မြစ်ဆိပ်၌ ရေဆင်းချိုး၍ သေကြရသူများလည်း ရှိသည်။ အပူဒဏ်ကို လိုက်လျော ညီထွေဖြစ်အောင် တဖြည်းဖြည်း မပြုပြင်ဘဲ ဆန့်ကျင်ဘက်ပြုခြင်းကြောင့် ဦးနှောက်သွေးကြောပေါက်၍ သေကြရခြင်း ဖြစ်သည်။

နံပါတ်(၃)အချက်ဖြစ်သော အစားအသောက်ကို ဆင်ခြင်၍ မိမိနှင့် သင့်လျော်အောင် ပြုပြင်စားသောက်ခြင်း အကြောင်းကို ပြောလိုသည်။ တစ်ခါက ဆီးချိုရောဂါရှိသူ တစ်ဦးသည် သူ့တွင် ဆီးချိုတက်မည်စိုး၍ အစားရှောင်ရင်းမှ  စားစရာဘာမျှ မကျန်တော့ကြောင်း၊ အရာရာ မတည့်သောကြောင့် ရှောင်ရသည်က များသဖြင့် ခံတွင်းပျက်ပြီး အားပြတ်လာကြောင်း ပြောပြသည်။ ထိုအချိန်က သရက်သီး လှိုင်လှိုင်ပေါ်ချိန်ဖြစ်သဖြင့် စိန်တစ်လုံး၊ မြကျောက်၊ ရွှေဟင်္သာ၊ အောင်ဒင်စသော တန်ဖိုးကြီး သရက်သီးများပင် ဈေးချိုချိုဖြင့် ရနိုင်သောအချိန်ဖြစ်သည်။ သရက်သီးမှည့်လေးနှင့် ထမင်းစားလိုက်ရလျှင် ဟူသည့် အတွေးဝင်လာသော်လည်း ဆီးချိုတက်မည် စိုးသဖြင့် မစားရ၊ သားသမီးများကလည်း ပိတ်ပင်ကြသည်ဟု သူကပြောသည်။

စာရေးသူက သူ့ကို အကြံပေးသည်။ သရက်သီးကို ထမင်းစားပြီးလျှင် အာသာပြေ တစ်စိပ်မျှ စားပါဟု၊ တစ်နေ့လျှင် တစ်စိပ်သာစားပါဟု အကြံပေးသည်။ သုံး၊ လေးရက်ကြာလာသောအခါ သူနှင့်တွေ့သည်။ သရက်သီး တစ်စိပ်စား၍ ဆီးချိုတက်သလားဟုမေးရာ မတက်ပါဟု သူကပြောသည်။ သူ့မှာလည်း အာသာပြေစားရသဖြင့် ထမင်းစားဝင်လာကြောင်း ပြောသည်။

နောက်တစ်ပတ်ခန့် ကြာသောအခါ စာရေးသူသည် သူ့ကိုသရက်သီး နှစ်စိပ် တိုးစားရန်ပြောသည်။ သူကလည်း အနည်းငယ် ရဲတင်းလာပြီး နှစ်စိပ်တိုးစားသည်။ စားခါစရက်က ဆီးချိုအနည်းငယ် တက်နေကြောင်း ပြောသည်။ စာရေးသူက အနည်းငယ် တက်ရုံမျှဖြင့် မကြောက်ပါနှင့်။ နှစ်စိပ်ထက် မပိုဘဲစားပါဟု ပြောသည်။ နောက်နှစ်ရက်၊ သုံးရက်ကြာသောအခါ သူနှင့်တွေ့သည်။ သရက်သီးနှစ်စိပ်စား၍ ဆီးချိုမတက်တော့ကြောင်း ပြောသည်။ စားချင်တာစားရ၍ သူ့မှာ ရွှင်ရွှင်လန်းလန်း ဖြစ်နေကြောင်း တွေ့ရသည်။

တစ်ခါက အသည်းအထူးကု ဆရာဝန်ကြီးတစ်ဦးသည် အဆီရှောင်ရန်၊ ဝက်သား၊ ဝက်ဆီရှောင်ရန်၊ လမ်းဘေးမှ အစာများ၊ ဆီမသန့်သော အစာများကို ရှောင်ရန် မကြာခဏပြောသည်။ သို့သော် တစ်နေ့တွင် သူကိုယ်တိုင် မန္တလေးဗထူးကွင်း အနောက်ဘက်ရှိ လမ်းဘေး၌ အထမ်းဖြင့် ရောင်းသော မြီးရှည်ဆိုင်တွင် ကားရပ်ပြီး ဆင်းထိုင်စားသည်ဟု ဆိုသည်။ ဆရာကြီးက-

''ဒီမြီးရှည်ဆိုင်မှာ တို့ကျောင်းသားကတည်းက ထိုင်စားလာတာ၊ အရသာ သိပ်ကောင်းတာ၊ မြင်တာနဲ့ မနေနိုင်ဘူး။ နောက်မှပဲ အဆီမစားဘဲ လေး၊ ငါးရက်လောက်ရှောင်ပြီး ခန္ဓာကိုယ်ကို အလျော်ပြန်ပေးတော့မယ်'' ဟု ပြောကြောင်း ဆောင်းပါးတစ်ပုဒ်တွင် ဖတ်ရှုရသည်။

မှန်ပါသည်။ ကိုယ်ငယ်စဉ်ကတည်းက ကြိုက်သော အစာ၊ ခံတွင်းတွေ့သော အစာကိုတွေ့လိုက်လျှင် စိတ်ထဲမှ စားချင်ပြီး သွားရည်ယိုလာမည်ဖြစ်သည်။ စားချင်လျက်နှင့်  ရှောင်လိုက်ရလျှင်  အစာတောင့်တစိတ် ပျက်စီးသွားမည်ဖြစ်သည်။ ရောဂါရလာမည်ဖြစ်သည်။

စားချင်တာကို တစ်ကြိမ်လေးစားပြီး အာသာပြေသည့်အတွက် ရောဂါ မတိုးနိုင်ပါ။ အစာဝင်သည့် အတွက် ခံတွင်းကောင်းလာသောအခါ ခံနိုင်ရည် ပိုတိုးလာပါမည်။ ရှောင်သင့်သည့် အချိန်တွင် ပြန်ရှောင်လိုက်ပါ။ ဤ နည်းဖြင့် ကိုယ်ခံအားနှင့် ခံနိုင်ရည်ကို မွေးယူနိုင်သည်။

ညနေ ထမင်းစားချိန်တွင် အရက်ကို ဆေးဖက်ဝင်ရုံမျှ တစ်ပက်၊ နှစ်ပက် သောက်လေ့ရှိသော လူကြီးများရှိသည်။ တစ်ခါတစ်ရံ နေထိုင်မကောင်းသဖြင့် မသောက်ရတော့ နေပြန်ကောင်းလာသောအခါ စိတ်ကပြန်တောင့်တလာသည်။ သို့သော် ပြန်နေမကောင်း ဖြစ်မည်စိုး၍ မသောက်ရဲ။ စိတ်အလိုမလိုက်ရသဖြင့် ဘာစားစား ခံတွင်းမတွေ့ အစားပျက်၊ ခံတွင်းပျက် ဖြစ်လာတတ်သည်။ ထိုကဲ့သို့ ဖြစ်နေသော သက်ကြီးရွယ်အို တစ်ဦးကို စာရေးသူသည် သူကြိုက်သောအရာကို တစ်ပက်၊ လက်ဖက်ရည်အကြမ်း ပန်းကန်တစ်ဝက်မျှ သောက်ခိုင်းပြီး အစာစားခိုင်းကြည့်သောအခါ နေကောင်းလာကြောင်း ပြောသည်ကို တွေ့ကြုံရဖူးသည်။

လူ့ဘဝ တိုတောင်းလှသောအချိန်လေးတွင် အနေအထိုင်နှင့် အစားအသောက်အတွက် တင်းကျပ်လွန်းလျှင် မည်မျှဆေးကောင်းဖြင့် ကုသော်လည်း ရောဂါမပျောက်နိုင်ပါ။ စိတ်အလိုလိုက်ရန် မလိုသော်လည်း စိတ်ကျေနပ်မှုရစေရန် အတိုင်းအတာ တစ်ခုထိ လိုက်လျောညီထွေရှိရန် လိုသည်။

အချို့လူကြီးများတွင် ပိုးမွေးသလို စောင့်ရှောက်ပြီး အနေအထိုင်၊ အစားအသောက်များ ဆင်ခြင်နေရင်းမှပင် ရောဂါများမှာ တိုးသည်ထက် တိုးလာသည်ကို တွေ့ရသည်။ သောက်ရသော ဆေးလည်း များသည်ထက် များလာပြီး ဆေးဒဏ်ကြောင့် အစားအသောက်ပျက်၊ ခံတွင်းပျက်၊ နာလန် မထူဖြစ်ကာ အိပ်ရာထဲ လဲရသည့် အဖြစ်ဆိုးများရှိသည်။

အချို့လူများမှာ ရောဂါရှိသော်လည်း ရောဂါသည်နှင့်မတူ၊ ပျော်ပျော်နေသည်။ ပေပေတေတေ နေသည်ဟု ဆိုချင်ဆို၊ စိတ်မထင်လျှင် စားသည်။ သွားသည်။ ကြိုက်ရာလုပ်သည်။ တစ်ခါတစ်ရံ ဒဏ်ခံလိုက်ရသည်။ ပြန်ကောင်းလာသည်နှင့် အစားအသောက်ကို ထင်ရာစားပြန်သည်။ ထိုကဲ့သို့သော သူများကိုကြည့်လျှင် ကိုယ်ခံအားကောင်းနေပြီး ရောဂါဒဏ် ခံနိုင်ရည် ရှိနေသည်ကို တွေ့ရသည်။

အဆိုးထဲမှ အကောင်းဟု ရှေးလူကြီးများ ပြောသောစကားကို ပြန်လည် သတိရလာသည်။ တစ်ခါတစ်ရံ အကောင်းထဲမှလည်း အဆိုးကိုတွေ့ရနိုင်သည်ဟု ဆင်ခြင်မိသည်။ ကြောက်ရွံ့စိတ်ဖြင့် အရာရာကို စိုးရိမ်ပြီးနေရမည့်အစား သတိနှင့်သတ္တိကို ပါးနပ်စွာ အသုံးချပြီး မိမိကိုယ်မိမိ စိတ်ပျော်အောင်နေထိုင်ပါ။ ခံနိုင်ရည်ဟူသည် မွေးယူမှသာ ဖြစ်လာနိုင်မည်ဖြစ်သည် ဟု စာရေးသူ၏ ထင်မြင်ချက်ကို ရေးသား တင်ပြလိုက်ရပါသည်။    

ကြည်လွင်မြင့် (မုဒြာ)

Read 124 times
Rate this item
(0 votes)
Last modified on Thursday, 14 March 2019 12:06