SJ WorldNews - шаблон joomla Авто

နွေရယ် နေရယ် အပူဒဏ်ရယ် ခရမ်းလွန် ရောင်ခြည်တွေရယ် ...

Friday, 15 March 2019 09:44 Written by  font size decrease font size decrease font size increase font size increase font size

မဟာဘုတ်ကြီးလေးပါးတွေက မြေ၊ ရေ၊ လေ၊ မီး ဆိုတာ လူတိုင်း သိရှိနားလည်ပြီးသားပါ။ အခြေခံ အရေးကြီးတဲ့ ဓာတ်ကြီးတွေပါပဲ။ တစ်ပါးနဲ့တစ်ပါး အမှီသဟဲပြုနေကြပါတယ်။ ဒီထဲက တစ်ပါးပါးဖောက်ပြန်တာနဲ့ လူတွေမှာဆို ရောဂါဖြစ်တယ်။ သဘာဝလောကမှာဆို  သဘာဝဘေးသင့်တယ်လို့ ဆိုကြပါတယ်။ ပန်းကလေးတွေ ပွင့်ဖို့၊ သစ်သီးဝလံတွေ  ရင့်မှည့် ချိုမြိန်ဖို့ နေရောင်ခြည်လိုပါတယ်။ လူသားအပါအဝင် သတ္တဝါတွေအားလုံး အလင်းရောင်နဲ့ အနွေးဓာတ် ရရှိစေဖို့သာမက အသက်ရှင်သန်နိုင်ဖို့လည်း နေရောင်ခြည်ဟာ မရှိမဖြစ် လိုအပ်တာပါပဲ။

ဘယ်အရာမဆို အဆိုးနဲ့အကောင်း ဒွန်တွဲနေတတ်သလို နေရောင်ခြည်မှာလည်း အဆိုးသုံးဖော် ပါဝင်နေပါတယ်။ သူတို့ကတော့  အများသိတော် မူကြတဲ့အတိုင်း ခရမ်းလွန်ရောင်ခြည်တွေပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်လို Ultraviolent rays (UV rays) လို့ခေါ်ကြပြီး  UVA, UVB  နဲ့ UVC ဆိုပြီး ရှိပါတယ်။ အရင်ကတော့ ကမ္ဘာမြေကြီးကို ဒီရောင်ခြည်တွေ မရောက်လာနိုင်အောင် အိုဇုန်းလွှာနဲ့ ကာကွယ်ပေးထားနိုင်ပါသတဲ့။ စထရာတိုစဖီးယား အလွှာထဲမှာ ၉ဝ ရာခိုင်နှုန်းသော အိုဇုန်းဓာတ်ငွေ့တွေဟာ သဘာဝအတိုင်း ရှိနေကြတာပေါ့။ ဒီလို လေထုအလွှာတွေထဲမှာ ဒီလိုဓာတ်ငွေ့တွေရှိနေတာကိုက သက်ရှိသတ္တဝါတွေ အသက်ရှင်သန် နေထိုင်နိုင်ကြဖို့ အခွင့်အလမ်း ဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့   စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက် လာတာနဲ့အမျှ ဓာတ်ငွေ့မျိုးစုံတွေ ထုတ်လွှတ်မှုကြောင့် ကမ္ဘာ့ အိုဇုန်းလွှာဟာ ပါးလျပျက်စီးလာရပါတယ်။ အထူးသဖြင့် CFC (Chlorofluorocarbons) နဲ့Halon   ဓာတ်ငွေ့တွေကြောင့်ပါပဲ။

ခုဆိုရင်လှိုင်းအလျားအတိုဆုံးနဲ့ အပြင်းထန်ဆုံး ဖြစ်တဲ့ UVC ခရမ်းလွန် ရောင်ခြည်တွေတောင်    ကမ္ဘာ့မြေပြင်အရောက် ထိုးဖောက်လာနိုင်ပါပြီ။  နေမင်းက နေဖြာထွက်လာတဲ့  လှိုင်းအလျား အတိုအရှည်ပေါ် မူတည်ပြီး နာမည်ခွဲခြား ထားတာပါ။  100- 280 nm ရှည်တဲ့  ခရမ်းလွန်ရောင်ခြည်ကို UVC ၊ 280- 315 nm ကို့  UVB ၊ 315- 400 nm ကို UVA လို့ သတ်မှတ်ထားပါတယ်။

ဒီခရမ်းလွန်ရောင်ခြည်တွေထဲမှာ UVB ကတော့ အရေပြားအပေါ်ယံ အလွှာတွေကို ထိခိုက်ဖျက်ဆီးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အသားအရေ ရဲတာ၊ မည်းတာ၊ နေပူလောင်တာ၊ အရေပြား ကင်ဆာတွေ ဖြစ်ပေါ်စေပါတယ်။

UVAကတော့ အရေပြားအတွင်းပိုင်းထိ ထိုးဖောက် ဝင်ရောက်နိုင်ပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်တာ၊ အရေးအကြောင်းတွေ ပေါ်လာတာ၊ အရေပြားရဲ့ ခုခံအား ကျဆင်းစေတာမျိုးတွေ ဖြစ်ပေါ်စေပါတယ်။ ထိတွေ့မှု ကြာလာရင် မျက်စိတိမ်စွဲတာ၊ှ Snow Blindness လို့ခေါ်တဲ့ ဆီးနှင်းကွယ် မျက်မမြင်ရောဂါ၊ မျိုးပွားဗီဇပျက်စီးလို့ သားသမီး မရနိုင်တာတွေဖြစ်နိုင်ပါတယ်။

ဒါကြောင့်မို့လို့ ဒီရောင်ခြည်တွေနဲ့ မထိတွေ့ရအောင် ရှောင်ရှားသင့်ပါတယ်။ တစ်နေကုန် အဲယားကွန်း အခန်းထဲမှာနေတဲ့သူတွေ၊ နေရောင်ခြည် မရှိတဲ့ ညပိုင်းအလုပ်လုပ်တဲ့ သူမဟုတ်ဘူးဆိုရင် နေရောင်နဲ့ တစ်ချိန်မဟုတ် တစ်ချိန် ထိတွေ့ရမှာပါပဲ။ အဲဒီအခါမှာ  ခရမ်းလွန်ရောင်ခြည်တွေရဲ ဘေးရန်ကို နည်းနိုင်သမျှ နည်းအောင် ကာကွယ်ထားသင့်ပါတယ်။ နေပူထဲမှာ အလုပ်လုပ်ရမယ်ဆိုရင် နေရိပ်ထဲ မကြာခဏဝင်နားရမယ်။ ရေများများ သောက်ပေးရမယ်။ နေရောင်ခြည် မဖောက်နိုင်တဲ့ ချည်ထည်ထူထူ၊ အရောင်ဖျော့ဖျော့၊ လက်ရှည်အဝတ်အစားတွေ ဝတ်ရမယ်လို့ ဆိုပါတယ်။

နေပူထဲသွားလာလှုပ်ရှားရတာမျိုးဆိုရင် မျက်နှာ၊ လည်ပင်း၊ ပခုံးတွေပါ လုံခြုံတဲ့ ထီးတို့၊ ခမောက်တို့၊ ဦးထုပ်တို့ ဆောင်းသွားရပါမယ်။ ဖြစ်နိုင်ရင်တော့ နေရောင်ခံလိမ်းဆေးကို နေပူထဲမထွက်ခင် ၁၅ မိနစ် ကြိုလိမ်းထားရပါမယ်။

သနပ်ခါးထူထူလိမ်းရင်လည်း ကာကွယ်နိုင်တယ်လို့ ဆိုပေမယ့် ဘယ်သူမှ ခြေစွန်းခေါင်းစွန်း ထူပိန်းနေအောင် မလိမ်းကြပါဘူး။ မျက်နှာကိုသာ ခပ်ထူထူလိမ်းကြတာ မဟုတ်လား။ ဒါကြောင့် တစ်ကိုယ်လုံး ကာကွယ်ပေးနိုင်တဲ့ နေရောင်ခံ လိမ်းဆေးတွေကိုသာ ညွှန်းလေ့ရှိပါတယ်။

နေရောင်နဲ့ မကင်းကွာနိုင်ဘူး ဆိုရင်တောင် ဘယ်အချိန်၊ ဘယ်လိုအနေအထားနဲ့ ရင်ဆိုင်မလဲဆိုတာ ကြိုတင်လေ့လာ တွက်ချက်ထားဖို့ လိုပါတယ်။ နေရောင်ခြည်မှာ ခရမ်းလွန်ရောင်ခြည် ပါဝင်မှု (့ UV Strength) ဟာ တည်နေရာ၊ ရာသီဥတု၊ တစ်နေ့တာ အချိန်ကာလ၊ ရောင်ပြန်ဟပ်ခြင်း၊ အမြင့်၊ တိမ်အခြေအနေ စတဲ့အချက်တွေအပေါ် မူတည်နေပါတယ်။

မိမိနေထိုင်ရာ ဒေသမြို့ရွာဟာ အီကွေတာမျဉ်းနဲ့နီးလေ ခရမ်းလွန်ရောင်ခြည် ကျရောက်နှုန်း မြင့်မားလေလို့ ဆိုပါတယ်။ အီကွေတာ အရပ်ဒေသတွေဟာ နေရောင်ခြည်တည့်တည့် ကျရောက်ပြီး အိုဇုန်းလွှာ ပါးလွှာတယ်လို့ မှတ်သားရပါတယ်။

ရာသီဥတုအရ ကြည့်ရရင်လည်း နွေဦးပေါက်၊ နွေရာသီ၊ ဆောင်းဦးပေါက်တွေမှာ ခရမ်းလွန်ရောင်ခြည် ပိုမိုကျရောက်ပါတယ်။

တစ်နေ့တာအတွင်းမှာလည်း နံနက် ၁ဝ နာရီမှ ညနေ ၄ နာရီထိလို့ ဆိုပါတယ်။ နေမွန်းတည့်ချိန်ကတော့ အမြင့်ဆုံးလို့ သိရှိရပါတယ်။

ရောင်ပြန်ဟပ်မှုတွေကြောင့်လည်း ခရမ်းလွန်ရောင်ခြည် ဖြာထွက်မှုကို အားကောင်း လာစေတယ်လို့ ဆိုပါတယ်။သဲသောင်တွေကြောင့်  ၁၅ ရာခိုင်နှုန်း၊ ရေပြင်တွေကြောင့် ၂၅ ရာခိုင်နှုန်းပိုဆိုးလာပါသတဲ့။ ဒါကြောင့် ရေပေါ်ရွက်တိုက် ကစားတဲ့ အားကစားသမားတွေ၊ ပင်လယ်ငါးဖမ်းသမားတွေ၊ သင်္ကြန်ရေကစားတဲ့ သူတွေဟာ သတိကြီးကြီးထားဖို့ လိုအပ်ပါတယ်။

Altitude အမြင့်ရောက်လေ အိုဇုန်းလွှာ ပါးလေဖြစ်တာကြောင့် ခရမ်းလွန်ရောင်ခြည် ဒဏ် ပိုခံရ ပါမယ်။ ပေ ၁ဝဝဝ အမြင့်ရောက်တိုင်း ရောင်ခြည်သင့်မှုဟာ ၁ဝ- ၁၂ ရာခိုင်နှုန်း ပိုတိုးလာတယ်လို့ သိရပါတယ်။ ဒါကြောင့် တောင်တက် သမားတွေ၊ တောင်ပေါ်ဒေသမှာ နေထိုင်သူတွေကလည်း ဒီအချက်ကို နားလည်နေဖို့ လိုပါတယ်။

တိမ်ကင်းစင်နေရင် ခရမ်းလွန်ရောင်ခြည် ကျရောက်မှု ပိုလာနိုင်ပါတယ်။ဒါပေမဲ့   တိမ်တွေ ရှိနေရင်လည်း   ခရမ်းလွန်ရောင်ခြည်တွေဟာ  ၈ဝ ရာခိုင်နှုန်းလောက် ထိုးဖောက် လာနိုင် တာကြောင့် မပေါ့ဆသင့်ပါဘူးလို့ ဆိုပါတယ်။

ခရမ်းလွန်ရောင်ခြည်မသင့်အောင်  ထီး၊ ခမောက် ဆောင်းတာ၊ အဝတ်အစား လုံလုံခြုံခြုံ ဝတ်တာ၊ နေရောင်ခံလိမ်းဆေးတွေ လိမ်းတာအပြင် နေကာမျက်မှန်တပ်ပြီး မျက်စိတွေကို ကာကွယ်သင့်တယ်လို့ ဆိုပါတယ်။ နေကာမျက်မှန်တပ်တဲ့အခါ  အလှသက်သက် မျက်မှန်မျိုး မတပ်ဘဲ SPF 30+ ကာကွယ်ပေးတဲ့မျက်မှန်မျိုး တပ်ရမယ်လို့ သိမှတ်ရပါတယ်။ ကျွန်တော်တို့ မျက်စိသူငယ်အိမ်တွေဟာ အလင်းရောင် ကျရောက်လာရင် ကျုံ့ပြီး အလင်းစူးရှမှုကို သဘာဝအားဖြင့် ကာကွယ်ကြပါတယ်။ ဒါပေမဲ့ အလှသက်သက် နေကာမျက်မှန်ကြောင့် အလင်းစူးရှမှု မရှိတော့ပါဘူး။ ဒီအခါမှာ သူငယ်အိမ်တွေ မကျုံ့တော့ဘဲ ခရမ်းလွန်ရောင်ခြည် ဝင်ရောက်မှု ပိုများလာပြီး မျက်စိထိခိုက်မှု ပိုဖြစ်ရပါတယ်။ ဒါကြောင့်  မျက်မှန်မတပ်ရင်လည်း လုံးဝမတပ်ပါနဲ့၊ တပ်ရင်လည်း နေရောင်ခြည် ကာကွယ်ပေးတဲ့ မျက်မှန်မျိုးပဲ တပ်သင့်ပါသတဲ့။

အရင်ခေတ်တွေတုန်းကတော့ အသားဝါဖြစ်တဲ့ ကလေးတွေကို နေပူစာလှုံခိုင်းတာ၊ ဗီတာမင်ဒီ ရအောင် နေပူစာလှုံခိုင်းတာတွေ ရှိခဲ့ပါတယ်။ ပြီးတော့  ကြေးနီရောင် အသားအရောင်ရအောင် Sun Bath ပင်လယ်ကမ်းစပ်မှာ  နေလှုံတာမျိုးလည်း  ခေတ်စားခဲ့ပါတယ်။  ခုခေတ်တော့ နေပူထဲ ထွက်မယ်ဆိုရင် နေရောင်ခံ လိမ်းဆေးတွေ လိမ်းရတာ အမောပါပဲ။ နေရောင်နဲ့ထိတွေ့ရင် ခရမ်းလွန်ရောင်ခြည်ဒဏ် သင့်ရုံတင်မကပါဘူး၊ ချွေးထွက်လွန်ပြီး ရေနဲ့ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးနိုင်ပါတယ်။အပူဒဏ်ကြောင့် ဖောရောင်တာ၊ မိတ်နဲ့ ယားနာတွေ ထွက်တာ၊ ကြွက်တက်တာတွေ ခံစားရနိုင်ပါတယ်။ Heat Exhaustion လို့ခေါ်တဲ့  အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်တာနဲံ့ Heat Stroke လို့ခေါ်တဲ့ အပူဒဏ်ကြောင့် သတိလစ်ခြင်းတွေအထိ တွေ့ကြုံနိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းပါပဲ။ ပျို့ခြင်း သို့မဟုတ် ဂနာမငြိမ်ဖြစ်ခြင်း၊ ကြွက်သားများ ကြွက်တက်ခြင်းနှင့် အားပျော့ခြင်း၊  ခေါင်းကိုက်ခြင်း၊  မူးနောက်ခြင်း၊ ရေဆာခြင်း၊ မူးမိုက်ခြင်း၊ နုံးချည့်ခြင်း၊ ကိုယ်အပူချိန် မြင့်တက်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း စတဲ့ လက္ခဏာတွေက အပူဒဏ်ကြောင့်ဖြစ်တဲ့ ပင်ပန်းနွမ်းနယ်မှုတွေပါ။

အရေပြားပူပြီး ခြောက်သွေ့ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊ ကိုယ်အပူချိန် အလွန်အကျွံ မြင့်တက်ခြင်းတို့ဟာ Heat strokeရဲ့ လက္ခဏာတွေပါပဲ။

ဒီလိုလူနာတွေ ကြုံတွေ့ရပြီဆိုရင် အရိပ်ရအေးမြပြီး လေဝင်လေထွက် ကောင်းတဲ့နေရာမှာ ထားပေးရပါမယ်။ ရေနဲ့ဓာတ်ဆားရည် တိုက်ရပါမယ်။ ကိုယ်အပူချိန် မြန်မြန်ကျဆင်းစေဖို့ နဖူး၊ လည်ပင်း၊ ချိုင်းကြားနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက်တွေမှာ ရေအေးဖတ်တိုက်ပေးရပါမယ်။ ပြီးတော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနကို ပို့ဆောင်ပေးသင့်ပါတယ်။

နွေရာသီရောက်လာပြီဆိုတော့ မီးဘေးရှောင်  မလောင်ခင်တား ဆိုသလိုအပူဒဏ်၊  ခရမ်းလွန်ရောင်ခြည်ဒဏ် မသင့်ရလေအောင်  ကြိုတင် သတိပေးထားတာပါ။  ပြီးတော့  တန်ခူးလမှာ  နှစ်ကူးသင်္ကြန်ကာလ ရေကစားကြမှာ မဟုတ်လား။ ဒီအချိန်မှာ ရေကစားရင်း အပျော်ကနေ အပျက်မဖြစ်စေချင်ပါဘူး။   ဒါကြောင့်   ကျန်းမာရေးမှူး တစ်ဦးအနေနဲ့ သိသလောက်၊ မှတ်သလောက် ရှာဖွေတွေ့ရှိ သလောက်လေး ထပ်ဆင့်မျှဝေ လိုက်ရပါတယ်ခင်ဗျား။

ဇော်သစ်ကြည်

Read 99 times
Rate this item
(0 votes)
Last modified on Friday, 15 March 2019 09:45